ပအိုဝ်းပြည်သူ့စစ်က ပြည်သူပိုင်ကားများအား ဒဏ်ရိုက်သိမ်းဆည်းနေ

0
304
ပုံစာ - ညောင်ရွှေမြိုရှိ မှော်ဘီလမ်းဆုံစစ်ဆေးရေးဂိတ်။ (ပုံဟောင်းဖြစ်သည်)

ရှမ်းပြည်တောင်ပိုင်း၊ အင်လေးဒေသ အနောက်ဘက်ခြမ်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူပိုင်ကားများအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က သိမ်းဆည်းဒဏ်ရိုက်ခြင်းများ ကျူးလွန်နေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။

ဇူလိုင်လနောက်ဆုံးပတ်အတွင်း ညောင်ရွှေမြို့နယ် မှော်ဘီလမ်းဆုံနှင့် သစ်ပင်ကောက်ကျေးရွာရှိ စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ကား၊ တွဲကား၊ ထရပ်ကား စသည့် ကားများအား PNA တပ်က ငွေကျပ်သိန်းရာချီအထိ တောင်းခံနေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောဆိုသည်။

ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက “၂၈ ရက်နေ့က ကျနော်တို့ ဖြတ်သွားတော့ ကားက ၄ စီး ကုန်တင်ကားတွေပဲ။ သူတို့က တစ်စီး သိန်း ၂၀၀ တောင်းတာ။ ကျနော်တို့လည်း ဘယ်ရှိမလဲပေါ့။ ၄ စီးလုံး ပါလာတာတောင် သိန်း ၁၀၀ မပြည့်ဘူး။ အဲ့ဒါနဲ့ သူတို့လူကြီးကို ဖုန်းဆက်ပြီးညှိတော့ ပအိုဝ်းအချင်းချင်းမို့လို့ တစ်စီးကို ၃ သိန်းနဲ့ အဆင်ပြေသွားတယ်” ဟု ပြောသည်။

PNA က ပအိုဝ်းလူမျိုးအချင်းချင်းကို ငွေကြေးကောက်ခံရာတွင် လျော့ပေါ့ပေးလေ့ရှိသော်လည်း အခြားလူမျိုးများကိုမူ မတန်တဆ ငွေကြေးကောက်ခံခြင်း၊ ယာဉ်ကိုပါ သိမ်းဆည်းခြင်း၊ တန်ဖိုးကြီးဖုန်းများအား သိမ်းယူခြင်း၊ အမျိုးသမီးများအား ကာမအိ‌န္ဒြေပျက်စီးသည်အထိ စစ်ဆေးခြင်း စသည့်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ကုန်တင်ကားများအား ချောဆွဲ၍ လက်နက်သယ်ယူခိုင်းခြင်း၊ ရှေ့တန်းနေရာများသို့ ပို့ဆောင်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိပြီး ဂိတ်အနီးရှိ ကျေးရွာများကိုလည်း ထမင်းထုပ် နေ့စဉ်ပို့ဆောင်ခိုင်းနေကြောင်း သိရသည်။

သစ်ပင်ကောက်ကျေးရွာရှိ စစ်ဆေးရေးဂိတ်နှင့် နီးစပ်သူတစ်ဦးက “မှောင်ပြီဆိုရင် လန့်နေရတယ်။ ယောက်ကျားလေးဆို မသွားတာကောင်းတယ်။ ပေါ်တာဆွဲရင် မလွယ်ဘူး။ သူတို့ ပအိုဝ်းချင်းချင်းတောင် ဆွဲနေကြတာ။ ဆိုင်ကယ်တွေလည်း တောင်းတယ်။ တစ်စီးကို ၂ သောင်းတဲ့” ဟု ပြောသည်။

မှော်ဘီနှင့် သစ်ပင်ကောက် စစ်ဆေးရေးဂိတ်များတွင် ယခင်က စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ ရဲ၊ ပျူစောထီးများ စောင့်ကြပ်သော်လည်း ဇွန်လနောက်ဆုံးပတ် (၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ချိန်) တွင် တပ်ချိန်းလိုက်ပြီး PNA တပ်နှင့် အစားထိုးခဲ့သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း တောင်ကြီးမှ ဒီးမော့ဆိုသို့ ထွက်ခွါလာသည့် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးယဉ်အား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေး၍ ငွေကျပ်သိန်းရာချီ တန်ဖိုးရှိသည့် ဆေးနှင့် ရိက္ခာပစ္စည်းများအား သိမ်းဆည်းခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here