ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်က ကေပေလ်ကြိုးများပျက်နေသည်ကို မပြုပြင်နိုင်သောကြောင့်ဟု ဦးခက်ထိန်နန်ပြောဆို

0
232
ပုံစာ - မြစ်ကြီးနားမြို့မြင်ကွင်း။

ကချင်ပြည်နယ် တနယ်လုံးအတိုင်းအတာဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ စစ်ကိုင်းတိုင်းဘက်က Cable ကေပေလ်ကြိုးများပျက်နေသည်ကို မပြုပြင်နိုင်သေးသည့်အတွက်ကြောင့်ဖြစ်သည်ဟု စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပြောဆိုသည်။

“စစ်ကိုင်းတိုင်းဘက်မှာ Cable ကေပေလ်ကြိုးတွေ ပျက်နေတဲ့အတွက်ကြောင့် အဲဒါမပြုပြင်နိုင်သေးတာကြောင့် ဒီဘက်မှာ ဆက်သွယ်မှု အခက်အခဲဖြစ်နေတာပေါ့။ တည်ငြိမ်အေးချမ်းမှု နည်းနည်းအားနည်းနေတဲ့ အခြေအနေ ပေါ်မှာမူတည်ပြီး ဖြစ်နေတဲ့အနေအထားလို့ သုံးသပ်ပါတယ်” ဟု ဦးခက်ထိန်နန်က ပြောသည်။

သို့သော် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်လည်ရရှိနိုင်မည့် အခြေအနေကို အတိအကျမပြောနိုင်ကြောင်းနှင့် ခရိုင်၊ တိုင်းနှင့်လည်း ဆက်သွယ်နိုင်ရန် ခရိုင်တစ်ခုဆီတွင် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဦးခက်ထိန်နန်က “တချို့၊ တချို့နေရာတွေမှာ ရအောင်တော့ ကျနော်တို့ ကြိုးစားပြီး လုပ်တာပေါ့နော်။ တစ်မြို့လုံးတော့ မရနိုင်ပေမဲ့ မြို့ရဲ့အရှေ့အနောက်တောင်မြောက်တွေမှာ အားလုံး နည်းနည်းအဆင်ပြေအောင် ရနိုင်အောင်တော့ ကြိုးစားထားပါတယ်။ မကြာခင်မှာတော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ လက်ရှိအချိန်ထိဖြစ်ပြီး မြစ်ကြီးနားမြို့ရှိ MPT ရုံးရှေ့နှင့် အစိုးရရုံးများ အနီးတဝိုက်တွင်သာ ဖုန်းလိုင်းရရှိသဖြင့် လာရောက်သုံးစွဲသူများပြားပြီး လိုင်းကြပ်နေသည်ဟု မြိုခံများက ပြောဆိုသည်။

တဖက်တွင်လည်း ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်က မြစ်ကြီးနား မြို့တွင်း/မြို့ပြင် စစ်ရေးပြင်ဆင်မှုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနှင့် နောင်နန်းကျေးရွာတဝိုက်၌ စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားသည့်အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနှင့် ဂျော်ဘွမ်ဆုတောင်းတောင်တွင်လည်း တပ်စွဲထားသည်ကို တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်းမှာ တစ်ဖွဲ့နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀၊ ၃၀ လောက် ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

ဇူလိုင် ၂၉ ရက်နေ့က အင်အား ၆၀ နီးပါးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူရန် ပြင်ဆင်လာစဉ် နေရာမရှိသည့်အတွက် လက်ရှိ၌ ဂျော်ဘွမ်ဆုတောင်းတောင်တွင် တစ်ဖွဲ့၊ နောင်နန်း ၁၀ မိုင် အထက်တန်းကျောင်းထဲတွင် တစ်ဖွဲ့ဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာချထားသည်ဟု ၎င်းက ဆက်ပြောပါသည်။

ဂျော်ဘွမ်ဆုတောင်းတောင်တွင် တပ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွားလာနေသော ဆိုင်ကယ် များကို ရပ်ခိုင်းပြီး စစ်ဆေးမေးမြန်းတာ ရှိသည့်အပြင် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ်ကွက်လမ်းမဘေး ဘုန်းကြီးကျောင်းထဲတွင်လည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနှင့် ရဲစခန်းနေရာတလျှောက် နေရာယူအင်အားဖြည့်ထားသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

လက်ရှိတွင်လည်း မြစ်ကြီးနားမြို့ထဲတွင် စစ်ကောင်စီတပ်က ညတိုင်း ကင်းလှည့်လှုပ်ရှားတာ မြို့ပြင်ဘက်၌ နေရာယူတပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်မှုကြောင့် နယ်ဝေးရှိ မိသားစုဆွေမျိုးသားချင်း၊ မိတ်ဆွေများနှင့်ပါ အဆက်အသွယ် ပြတ်တောက်သွားပြီး အရေးကြီးကိစ္စရှိပါက ခရီးသွားလာသူများကတဆင့် စကားပါးပြောဆိုမှာကြားနေကြရသည်ဟု ဆိုသည်။

ယင်းအပြင် ငွေလွှဲငွေထုတ်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထားရသည့်အတွက် ကုန်သွယ်ရောင်းဝယ်လုပ်ကိုင်ကြသူများ၊ ငွေလွှဲငွေထုတ်ကြသည့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here