စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနား ကားလမ်းတလျှောက်နှင့် အထက်ပိုင်းဒေသများတွင် ရာသီဥတုဖောက်ပြန်မှုနှင့် စစ်ရေးအခြေအနေများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း ဒေသခံတောင်သူများ ပြောဆိုမှုအရ သိရသည်။
ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းရှိ ကန့်ဘလူမြို့နယ်အတွင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့၏ ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရပြီး စိုက်ပျိုးရေးလုပ်ငန်းကို အာရုံမစိုက်နိုင်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
“စပါးက စိုက်တယ် နည်းနည်းပါးပါးပဲ ၊ ပြေးရလွှားရနဲ့ ဘယ်လိုအာရုံစိုက်မတုန်း တိုက်ပွဲတွေကဖြစ်လိုက်၊ ငြိမ်လိုက် သံသရာလည်နေတာ” ဟု အဆိုပါဒေသရှိ တောင်သူတစ်ဦးက ပြောဆိုသည်။
ယခုဇူလိုင်လဆန်းပိုင်းကလည်း ချင်းတွင်းမြစ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည်ဟု ၎င်းတို့က ပြောသည်။
“စိုက်ထားတဲ့ဟာတွေ အကုန်သေကုန်ပြီ။ ဘာမှ မရှိတော့ဘူး၊ အခုက လေတိုက်၊ မိုးအုံ့နေတယ်။ မတော်လို့ နောက်တခေါက် ရေထပ်ကြီးမှာစိုးလို့ အခြေအနေကို စောင့်ကြည့်နေတာ။ စပါးပြန်စိုက်ဖို့ အခြေအနေ ကြည့်နေရတယ်” ဟု ချင်တွင်းမြစ်ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများဆုံးရှုံးခဲ့ရသည့် တောင်သူတစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ တချို့မြို့နယ်များတွင် ရာသီဥတုဖောက်ပြန်ပြီး ရေကြီးရေလျှံမှုများ၊ မိုးခေါင်မှုများ ဖြစ်ပေါ်နေသလို ဒေသတွင်းတိုက်ပွဲများကြောင့် ဒေသခံတောင်သူများသည် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် မိုးစပါး စိုက်ပျိုးဧက ၁၈ သန်းကျော် ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးနိုင်မှု ထက်ဝက်လျော့ကျခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
စစ်ကိုင်းတိုင်း လယ်ယာနှင့်ဆည်မြောင်းဦးစီးဌာန၏ စာရင်းအင်းများအရ ကျွန်းလှမြို့၊ ကန့်ဘလူမြို့များတွင် ယခုနှစ် လျာထားဧက၏ သုံးပုံတစ်ပုံသာ စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။

