“သူတို့အနေနဲ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်လို့ သူတို့ထင်တဲ့နေရာတိုင်း အရပ်သားနေရာပဲဖြစ်ဖြစ် ဘယ်လို နေရာပဲဖြစ်ဖြစ် အကုန်လုံးကို ရမ်းသမ်းပြီးမှ သူတို့အနေနဲ့ ပစ်သတ်တာတွေ အဲ့လို လေကြောင်းတိုက်ခိုက်မှုတွေ တော်တော်များများ လုပ်နေတယ်ရှင့်။ လက်နက်ကြီးနဲ့ ပစ်တာပေါ့နော်” ယိင်းလျန်းဟန်/ SHRF ပြောရေးဆိုခွင့်ရှိသူ

By MPM 29 ဇူလိုင်, 2024 👁

ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ အရပ်သားပြည်သူများအား တိုက်ခိုက်နေမှု၊ အရပ်သားတချို့ ပိတ်မိနေသည့်အခြေအနေများနှင့်ပတ်သက်ပြီး SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းချက်။

ရှမ်းမြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း ဒေသခံပြည်သူတချို့သည် မိမိတို့၏နေရပ် မြို့ရွာများကနေ တိမ်းရှောင်သွားကြသူများရှိပြီး တချို့သည်လည်း မြို့တွင်း၌ ပိတ်မိနေဆဲဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါသည်။

အထူးသဖြင့် ကျောက်မဲမြို့နယ်အတွင်းက ဒေသခံအများစုသည် တိုက်ပွဲကြားမှာ ပိတ်မိနေဆဲဖြစ်ပြီး လက်ရှိတွင် ပြည်သူအချင်းချင်း၏ ကူညီမှုများနှင့်ပင် ရပ်တည်နေကြရပြီး အခက်အခဲများ ရှိနေသည့်အတွက် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် SHRF က တောင်းဆိုထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်ချိန်ကနေ ယနေ့ချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့မှာ စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများအပြင် နေအိမ်အဆောက်အအုံပေါင်းများစွာ ထိမှန်ပျက်စီးခဲ့ပါသည်။

စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ်မှတ်မခွဲခြားဘဲ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို အရေးယူအပြစ်ပေးနိုင်သည့်အထိ အကူအညီပေးကြရန်လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က နိုင်ငံတကာကို တောင်းဆိုထားသည်။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ စစ်ရေးအခြေအနေနဲ့ အရပ်သားပြည်သူတွေဘက်ကရော ဘယ်လိုစိုးရိမ်မှုတွေ ရှိနေကြလဲ။

ဖြေ။ ။ လက်ရှိတော့ လားရှိုးမြို့ရယ် ကျောက်မဲရယ် သီပေါမြို့ရယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ပြည်သူတွေကတော့ ကြောက်တာပေါ့နော်၊ အရမ်းကြောက်ကြတယ်ပေါ့နော်။ အထူးသဖြင့်တော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်ထားတယ်။ မီးလည်း မရှိဘူးဆိုတော့ ဘယ်အချိန် ငါတို့နေရာမှာ လက်နက်ကြီးကျမလဲ၊ လေကြောင်းဗုံးကြဲမလဲ ဒါမျိုးပဲ ကြောက်နေကြရတာ။

မေး။ ။ အခု ဘယ်မြို့နယ်တွေ တိုက်ခိုက်ခံနေရတာပါလဲ။

ဖြေ။ ။ ကျမတို့လောလောဆယ် စာရင်းကောက်ထားတာတော့ ဒီသုံးမြို့နယ်ပေါ့နော်၊ ကျမတို့ ဒီပိုက်လိုင်းတလျှောက်မှာရှိတဲ့ ဒီသီပေါရယ် ပြီးတဲ့အခါ ကျောက်မဲရယ် နောင်ချိုရယ်ပေါ့နော်၊ ဒါပေမဲ့ တကယ်တမ်းဖြစ်နေတာကြတော့ ကျမတို့ရှမ်းမြောက်မှာ မြို့နယ်တော်တော်များတယ်ရှင့်။ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ မိုးကုတ် ပြီးတော့ ဒီ သိန်းနီဘက်အထိကို ဒီတိုက်ခိုက်မှုတွေက ရှိနေတယ်ရှင့်။ ဒါပေမဲ့ လောလေဆယ် ကျမတို့ထုတ်ပြန်ချက်ကတော့ သုံးမြို့နယ်ကိုပဲ အရင်ဦးဆုံး စထုတ်ပြန်တာပေါ့နော်။

မေး။ ။ အဓိက ဘယ်လိုနေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတာလဲဆိုတာ ပြောပြပေးပါလား။

ဖြေ။ ။ စစ်ကောင်စီဘက်ကတော့ ဘယ်ဘက်ကို ပစ်မှတ်ထားတယ်ဆိုတာတော့ မရှိဘူးရှင့်။ ကျမတို့ ဒီနေရာတိုင်း သူတို့အနေနဲ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်လို့ သူတို့ထင်တဲ့နေရာတိုင်း အရပ်သားနေရာပဲဖြစ်ဖြစ် ဘယ်လိုနေရာပဲဖြစ်ဖြစ် အကုန်လုံးကို ရမ်းသမ်းပြီးမှ သူတို့အနေနဲ့ ပစ်သတ်တာတွေ အဲ့လို လေကြောင်းတိုက်ခိုက်မှုတွေ တော်တော်များများ လုပ်နေတယ်ရှင့်။ လက်နက်ကြီးနဲ့ ပစ်တာပေါ့နော်။ လက်နက်ကြီးနဲ့ပစ်တာရယ် လေကြောင်းတိုက်ခိုက်မှုတွေရယ်၊ အဓိက လေကြောင်းတိုက်ခိုက်မှုကတော့ ပိုများတယ်ပေါ့နော်။

မေး။ ။ ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ အရပ်သားပြည်သူတွေထဲ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အမျိုးသမီးနဲ့ ကလေးသူငယ်လည်း ပါတယ်ပေါ့နော်။ ကျမတို့ ဒီသေဆုံးတဲ့လူစာရင်းထဲမှာ တစ်ဝက်လောက်က အမျိုးသမီးတွေရှင့် တစ်ဝက်ကျော်ကျော်လောက်က အမျိုးသမီးတွေဖြစ်နေတယ်ရှင့်။ တစ်ဝက်မဟုတ်ဘူး တစ်ဝက်ကျော်ကျော်ပေါ့နော်။

မေး။ ။ ဒေသခံတွေ ထိခိုက်သေဆုံးမှုအပြင် တခြား ဖမ်းဆီးခံပြည်သူတွေရော ရှိပါလား။

ဖြေ။ ။ လောလောဆယ်တော့လေ စစ်ကောင်စီတပ်က မြေပြင်မှာတိုက်ရိုက် အဲ့လိုမျိုး ဖမ်းဆီးတာတွေ တခြား အဲ့လိုမျိုး ပစ်သတ်တာမျိုးတော့ သူတို့ မလုပ်နိုင်သေးဘူးပေါ့နော်။ ဘာလို့ဆို သူတို့တပ်ထဲမှာသူတို့နေပြီး သူတို့ကိုယ်သူတို့ ကာကွယ်နေရတဲ့အနေအထား သူတို့စစ်ရှုံးနေတဲ့ အနေအထားမှာ ဖြစ်နေတဲ့ခါကြတော့ အဲ့လိုဖြစ်စဉ်မျိုးတော့ သိပ်တော့မရှိသေးဘူးရှင့်။

မေး။ ။ အခုလို အရပ်သားတွေ တိုက်ခိုက်ခံရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုရော တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကိုရော ဘာများတောင်းဆိုချင်တာရှိလဲ။

ဖြေ။ ။ ကျမအနေနဲ့တော့ စစ်ကောင်စီဘက်ကိုတော့ ထွေထွေထူးထူး တောင်းဆိုစရာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုတော့ ကျမတောင်းဆိုချင်တာ ရှိတယ်ရှင့်။ အဓိကတော့ စစ်ကောင်စီရဲ့ ဒီလိုမျို ကျမတို့ ရှမ်းမြောက်မှာ ဒီလိုမျိုး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာပေါ့နော် မျက်စိမှိတ်မထားဘဲနဲ့ စစ်ကောင်စီကို ဝိုင်းဝန်းအရေးယူကြဖို့ တောင်းဆိုချင်ပါတယ်ရှင့်။

မေး။ ။ အခုလက်ရှိ မြေပြင်မှာ ပြည်သူတွေရဲ့အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လက်ရှိအခြေအနေမှာကတော့လေ ကျမတို့ဒေသခံတွေက ပိတ်မိနေတယ်ရှင့်။ ကျောက်မဲပေါ့နော် အထူးသဖြင့် ဒီကျောက်မဲဒေသခံတွေအများစုက ပိတ်မိနေတယ်။ တိုက်ပွဲကြားမှာ ပိတ်မိနေတယ်။ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကလည်း အရမ်းပြင်းထန်နေတယ်ရှင့်။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာရေးထားတဲ့ Gas ပိုက်လိုင်းတလျှောက်က ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ဆိုတဲ့ အချက်ပေါ့နော် ဒါက ဘာကြောင့်လို့ထင်ပါလဲ။

ဖြေ။ ။ ပိုက်လိုင်းတလျှောက်က ကျေးရွာတွေက ပစ်မှတ်ထားတိုက်ခိုက်ခံရတာထက်ပေါ့နော်။ စစ်ကောင်စီရဲ့ ကျမတို့ ဒီလိုမြန်မာနိုင်ငံကို ဒီတိုင်းပြည်ကို ဒီအုပ်ချုပ်နေသမျှ ကျမတို့ ဒီပိုက်လိုင်းက ဘယ်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကမှ ကျမတို့ လုံခြုံမှုတော့ ရှိနိုင်မယ်မဟုတ်ဘူးလို့တော့ ကျမထင်ပါတယ်။ တိုက်ပွဲတွေကတော့ ဘယ်နေရာမှာမဆို ဖြစ်သွားမှာပဲပေါ့နော်။

ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့ရဲ့ ဘယ်နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကိုမှ အာမမခံနိုင်ဘူးပေါ့နော်။ ဒီအချိန် ဒီကာလမှာ စစ်ကောင်စီနဲ့ ပတ်သက်ပြီးတော့မှ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ထွက်သွားသင့်တယ်လို့ ကျမတို့ အနေနဲ့မြင်တယ်ပေါ့နော်။ မြင်လို့ပဲပေါ့နော် ကျမတို့ ဒီထုတ်ပြန်ချက်ကို ထုတ်ရခြင်း ဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိ အရပ်သားပြည်သူတွေအနေနဲ့ရော ဘယ်လိုမျိုး အခက်အခဲတွေ ကြုံနေရလဲ။ ဘယ်လိုမျိုး ဖြေရှင်းနေကြပါလဲ။

ဖြေ။ ။ လက်ရှိမှာတော့ ဒီအရပ်သားပြည်သူတွေက ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ပြီးတော့ ထွက်ပြေးလို့မရ တိမ်းရှောင်လို့ မရတာ။ တချို့ဆို လက်နက်ကြီးထိတယ် ဆေးကုသပေးမဲ့ လူလည်းမရှိဘူးပေါ့။ ကျမတို့ ဒီဒုက္ခတွေတော့ ကြုံနေရတယ်။ နည်းလမ်းမျိုးစုံနဲ့ ကျမတို့ ဒီလမ်းပေါ့နော် ဒီတောလမ်းတွေရှာပြီး ကျမတို့ ခိုးထွက်ကြတာတွေ ရှိတယ်။ ပြီးတော့ ကျမတို့ ဒေသခံပေါ့နော် လူငယ်တွေအရပ်ဖက် အဖွဲ့အစည်းရော စုပေါင်းပြီးတော့မှ ကျမတို့ ကူညီနေကြတာမျိုးတော့ ရှိပါတယ်ရှင့်။

မေး။ ။ နောက်ဆုံးမေးခွန်းက အချင်းချင်းစုပေါင်းပြီး ကူညီနေကြရတာဆိုတော့ အဲ့ဒီအပိုင်းမှာရော ဘယ်လို အခက်အခဲတွေရှိပါလဲ။

ဖြေ။ ။ အခုထက်ထိပေါ့နော် အလှူရှင်က နိုင်ငံတကာအဖွဲ့အစည်းတွေက လာလှူတာမျိုးလည်း မရှိဘူး။ ဘယ်ဘက်အကူအညီမှမရဘဲ ကျမတို့ ဒီဒေသခံပြည်သူတွေ အချင်းချင်းပေါ့နော် ပြည်သူကနေပြည်သူကို လှူတဲ့အကူအညီတွေနဲ့ပဲ ရပ်တည်နေရတော့ နည်းနည်းအခက်အခဲရှိတယ်။ နောက်တခုကြတော့ ကျမတို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပျက်နေတဲ့အခါ သတင်းအချက်အလက်တွေလည်း ပျက်တာမျိုးလည်း ရှိတယ်ပေါ့နော်။

အဲ့လိုမျိုးဆိုတော့ ကျမတို့အနေနဲ့ ကူညီရတာလည်း တော်တော်ခက်ခဲတယ်။ နောက်တခုကကြတော့ ကုန်ဈေးနှုန်း အရမ်းကြီးမြင့်တယ်ပေါ့နော်။ နဂိုကမှ ကုန်ဈေးနှုန်းကြီးနေတာကို လမ်းတွေကပိတ်တဲ့ခါမှာ ကုန်ဈေးနှုန်း ပိုကြီးလာတော့ စစ်ရှောင်ပြည်သူတွေအတွက်ရော အချင်းချင်းကူညီဖို့ရော ပိုပြီးမှအခက်အခဲဖြစ်တယ်ရှင့်။

NMG ပေးပို့သည်။