မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက်လေကြောင်းမှတဆင့် တိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးသူဦးရေ ၂၀ ကျော်အထိရှိလာကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃၊ ၂၄၊ ၂၅ ရက်များတွင် သုံးရက်ဆက်တိုက် လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်သေဆုံးရသူ အရေအတွက်သည် ယခုကဲ့သို့ ပမာဏများပြားလာရခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “ဒီနေ့လည်း လေကြောင်းကနေလာပစ်တယ်။ အရပ်သားတွေ ရှိတဲ့နေရာမျိုးကိုပဲ ရွေးပစ်တာပါ။ ထိခိုက်မှုကို အတည်မပြုနိုင်သေးဘူး” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ နှင့် ၂၄ ရက်နေ့များတွင် ငလှိုင်တွင်းရွာကို စစ်ကောင်စီက လေကြောင်းမှနေ၍ ပစ်ခတ်ခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ခေါင်းကူးရွာဘက်သို့ လေကြောင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်ရာတွင် ဗုံးကြဲချမှုအပါအဝင် စက်သေနတ် (စက်လက်) နှင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သည့်အတွက် ဇူလိုင် ၂၃ ရက်နေ့တွင် သံဃာ ၁ ပါးအပါအဝင် ၅ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၄ ရက် ပစ်ခတ်မှုတွင် စလင်းမြို့နယ်၊ ငလှိုင်တွင်း ရေနံမှော်တွင် လာရောက်လုပ်ကိုင်နေသော မင်းဘူးဇာတိ ဇနီးမောင်နှံနှစ်ဦးဖြစ်သည့် ကိုကျော်ဝင်းထွဋ်၊ မနုနုထွေးနှင့် စလင်းမြို့နယ် တညောင့်တင်ရွာမှ ဒေါ်အုံးရင်တို့ ဒဏ်ရာရရှိခဲ့ပြီး ကိုကျော်ဝင်းထွဋ်မှာ စိုးရိမ်ရအခြေအနေမှာရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဇူလိုင် ၂၅ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အထိ ခေါင်းကူးရွာဘက်သို့ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
စလင်းမြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှပစ်ခတ်နေမှုသည် ကုန်းကြောင်းမှ မလာရဲသည့်အတွက်ဖြစ်ကြောင်း မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြောဆိုထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။