“အကျဉ်းထောင်တွေကိုလည်း မေ့မထားကြဖို့၊ ပြင်ပမှာတောင်မှ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက် နေကြတဲ့လူတွေက အကျဉ်းထောင်ထဲမှာ ပိုပြီးမှတောင်မှ လူမသိသူမသိနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေကြတယ်ဆိုတာ ကျနော်က ပြည်သူတွေကိုရော ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကိုရော ပြောပေးချင်ပါတယ်” ကိုသိုက်ထွန်းဦး-PPNM

By MPM 25 ဇူလိုင်, 2024 👁

အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်ခံ ရမှုများကို စောင့်ကြည့်မှတ်တမ်းယူထုတ်ပြန်နေသည့် နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းအကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် သိသိသာသာ ဆိုးဝါးလာသည်။ အထူးသဖြင့် မတရားအာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချ၍ ထောင်တွင်းနှိပ်စက်အနိုင်ကျင့်မှုကနေ လူသေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်မှုများ ရှိလာခဲ့သည်။

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများတွင် နိုင်ငံရေးအကျဉ်းသားများသည် ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်မှုတို့ကို ခံစားနေရသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေအုပ်ချုပ်နေတဲ့ အကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ အများဆုံးကြုံတွေ့နေရပါလဲ။

ဖြေ။ ။ ဒီအကျဉ်းထောင်တွေထဲမှာ ပုံစံအမျိုးမျိုးနဲ့‌‌တော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင်တော့ အကျဉ်းထောင်တွေအတွင်းမှာ အခြေခံအခွင့်အရေးပေါ့နော် အကျဉ်းသား အခွင့်အရေးဖြစ်တဲ့ ဒီစားသောက်နေထိုင်ရေးကို ပြည့်ပြည့်ဝဝ မရရှိဘူး။ အဲ့ဒီတော့ အစားအသောက်ကလည်း ထောင်ကကျွေးတဲ့အစားသောက်က အကျဉ်းထောင်ထဲမှာ အသက်ရှင်ရပ်တည်ဖို့အတွက် မလုံလောက်ဘူး။ နေစရာနေရာကလဲ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီး အိပ်ကြရတာဖြစ်တဲ့အတွက် ပွေး၊ ဝဲ၊ ယားနာတွေ ဖြစ်ကြတယ်ပေါ့နော်။ သောက်သုံးရေကလဲ ရေသန့်သောက်သုံးရတဲ့ထောင်တွေက ရှိတယ်ဆိုပေမယ့်လည်း လက်ချိုးရေလို့ရတယ်ပေါ့နော်။ ထောင်အများစုမှာက သောက်သုံးရေမသန့်ရှင်းမှုကြောင့်မို့လို့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တာမျိုးတွေပါ ကြုံနေကြရပါတယ်။ ဒါကတော့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးတဲ့ ပုံစံမျိုးဖြစ်တယ်။

နောက်ထပ် အခွင့်အရေးတစ်ခုကတော့ ကျနော်တို့အကျဉ်းသားတွေပေါ်မှာ‌ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်မှုတွေပေါ်မှာ ကြံကြံခံပြီးမှပေါ့နော် ဖိနှိပ်ခံအကျဉ်းသားတိုင်းဘက်က ရပ်တည်တဲ့သူတွေပေါ်မှာ ဥပဒေမဲ့ညဉ်းပန်းနှိပ်စက်တာမျိုး၊ ရိုက်နှက်တာမျိုး၊ တိုက်ပိတ်တာမျိုးပေါ့နော်၊ ဒီလိုမျိုး ဖိနှပ်မှုဒဏ်ကိုလည်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ ခံနေကြရတယ်။ အမျိုးသမီးတွေမှာဆိုလဲ ဒါသူတို့ ရုံးတက်၊ ရုံးပြန် အချိန်တွေမှာဆိုရင်ပေါ့နော် အမျိုးသမီးတွေရဲ့ ကိုယ်အင်္ဂါတွေကိုနှိုက်ပြီးမှ စစ်ဆေးတာမျိုးတွေ အထိကိုမှ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတာမျိုးတွေရှိတယ်။ ပြီးတော့ကြတော့ အမျိုးသမီးတွေရဲ့ အဆောင်တွေမှာ ဆိုရင် ဗဟိုထောင်‌တွေမှာဆိုရင် အမျိုးသမီးတွေကို ရေချိုးတဲ့နေရာတွေ၊ ဒီ toilet သွားလို့ရမဲ့နေရာတွေကို မြင်ရလောက်တဲ့နေရာတွေမှာ CCTV တွေ တပ်ဆင်ထားတာမျိုးပေါ့နော် လုံခြုံရေးအကြောင်းပြပြီးမှ တပ်ဆင်ထားတာမျိုးတွေရှိတယ်။

ဒီလိုတပ်ဆင်ထားခြင်းက အမျိုးသမီးတွေရဲ့ အရှက်၊ ဂုဏ်သိက္ခာကို ဘယ်အတိုင်းတာထိ လုံခြုံမှုပေးနိုင်မလဲ ဆိုတာကို အကျဉ်းဦးစီးဘက်က အာမခံမှု မရှိဘူးပေါ့နော်။ တခါတခါမှာ ထောင်ထဲမှာ ပြဿနာတစုံတရာ ဖြစ်တယ်ဆိုရင် ဒီရဲ့ CCTV Records တွေကို အမျိုးသားဝန်ထမ်းတွေကပါ ကြည့်ရှုတာမျိုးတွေကို ပြုလုပ်ခဲ့တာ မျိုးကို ကျွန်တော် မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ တွေ့ခဲ့ရတာမျိုးရှိတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ Privacy‌ တွေပေါ့နော်။ သူတို့ရဲ့ တကိုယ်ရည်သိက္ခာ၊ အရှက်သိက္ခာတွေကို ဖိနှိပ်နေတဲ့ ဖိနှပ်မှုဖြစ်တယ်ဆိုတာမျိုးကိုတော့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။ ဒါကတော့ ဒီအကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို မျိုးစုံခံနေ ကြရတာဖြစ်တဲ့အတွက်က လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောရင်တော့ ပြောကုန်မယ်လို့မထင်ဘူးပေါ့နော်။ ဒါပေမဲ့ဒါတွေကတော့ အခြေခံအကျဆုံးသော အမြဲတစေချိုးဖောက်ခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ထောင်အပြောင်းအရွှေ့တွေ ခဏခဏလုပ်တာလည်း တွေ့ရတယ်။ လက်ရှိမှာလည်း အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသား ခြောက်ရာကျော်ကိုပြောင်းတယ်လို့ သိရတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ PPNM အနေနဲ့ ဘာကြောင့်လို့ကြားသိထားပါလဲ။

ဖြေ။ ။ ဇွန်လအတွင်းမှာ ထောင်ပြောင်းပြီဆိုထဲက ကျနော်တို့အနေနဲ့ အမြဲပြောဆိုပါတယ်။ ဒီထောင်ပြောင်း ရွှေ့မှုတွေက ပုံမှန်ပြောင်းရွှေ့မှုမျိုး မဟုတ်ဘူး။ အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီနဲ့ပူးတွဲပြီးမှ စနစ်တကျကို စီစဉ်ထားတဲ့ စစ်ဆင်ရေးတရပ်လိုမျိုး သူတို့လုပ်ဆောင်နေတာ ဖြစ်တယ်။ ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်ခင်ကထဲက ထောင်ပြောင်းမှုတွေကို ခပ်စိပ်စိပ်လုပ်လာတာတွေ့ရတယ်။ ဇွန်လ (၁၉) ရက်နေ့ကနေ လာမယ့်ဒီအောက်တိုဘာလ (၈) ရက်နေ့ ၈၈၈၈ နှစ်ပတ်လည်နေ့အထိက လတိုင်းမှာ ထောင်တွင်းသပိတ် တိုက်ပွဲတွေရှိတယ်။ ကျနော်တို့ အထိမ်းအမှတ်နေ့တွေရှိတယ်။ 7 July လိုမျိုး 19 July လိုမျိုး၊ ဒီနေ့ (ဇူလိုင်၂၃) လိုမျိုး ကိုဖြိုးဇေယျာသော်၊ ကိုဂျေမီတို့အပါအဝင် ရဲဘော်တွေကြိုးပေးခံရတဲ့ကိစ္စမျိုးတွေမှာဆိုရင် ထောင်ထဲမှာလဲလှုပ်ရှားမှုတွေ လုပ်ကြတယ်ပေါ့နော်။ ဒီလိုလှုပ်ရှားမှုတွေ မဖြစ်ပေါ်ဖို့အတွက် ထောင်ထဲမှာ ရှိတဲ့နေတဲ့ ညီညွတ်မှု၊ စုဖွဲ့မှုတွေ ပြိုကွဲဖို့အတွက် အကျဉ်းဦးစီးဘက်က လုပ်ဆောင်နေတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ဒါကတော့ လက်ရှိသူတို့ တကယ့်ကိုမှ စနစ်တကျ စီစဉ်နေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

ပုံစာ – ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်ခံရသော နှစ်ပတ်လည်နေ့ဖြစ်သည့် ဇူလိုင်၂၃ ရက်နေ့ လှုပ်ရှားမှုတခု။

မေး။ ။ ထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုတွေလည်း မကြာခဏရှိနေတော့ ဒီအပေါ်မှာရော PPNM အနေနဲ့ စာရင်းပြုစုထားတာ ရှိပါလား။ သေဆုံးမှုတွေဟာ ဘယ်လိုအကြောင်းအရာ တွေကြောင့် အများဆုံးသေဆုံးခဲ့ရတာပါလဲ။

ဖြေ။ ။ အကျဉ်းထောင်တွေအတွင်းမှာ ဥပဒေမဲ့သတ်ဖြတ်ခံရတာရယ် အကျဉ်းထောင်အတွင်းမှာ ဆေးဝါး စောင့်ရှောက်မှု လုံလုံလောက်လောက်မရရှိလို့ သေဆုံးတာရယ်ဆိုပြီးမှ အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။ ပြီးခဲ့တဲ့နှစ် မှာဆိုရင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ သုံးဆယ်ကျော်လောက် အသက်ပေးခဲ့ကြရပါတယ်။ ဒီနှစ်မှာဆိုလဲ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး နှစ်ဆယ်ဝန်းကျင်လောက်ထိကိုမှ အသက်ပေးကြရတယ်ပေါ့နော်။ ဒီစာရင်းအတိအကျကိုတော့ ကျနော်တို့ပေ့ချ်တွေမှာလဲ ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲ့ဒီတော့ ဒီလိုသေဆုံးမှု တွေက အကျဉ်းဦးစီးဌာနက ဝန်ထမ်း‌တွေအနေနဲ့ ရည်ရွယ်ချက်ရှိရှိကိုမှ ချိုးဖောက်နေတဲ့၊ ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေလို့ ကျနော်တို့ပြောချင်ပါတယ်။

အဲ့ဒီတော့ ဥပဒေမဲ့သတ်ဖြတ်ခံရတာတော့ ဒါသတ်ဖြတ်မှုမှန်း မြင်သာပေမဲ့ တခါတခါမှာ နေမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အချိန်နဲ့တပြေးညီ ဆေးဝါးကုသမှု မပြုပေးတာတွေ၊ ပြင်ပဆေးရုံတွေကို အချိန်နဲ့တပြေးညီ မပို့ဆောင်တာတွေကလဲ တဖက်လှည့်ကနေ သူတို့ သတ်ဖြတ်နေခြင်း ဖြစ်တယ်လို့ ကျနော်တို့ကပြောချင်ပါတယ်။ ဒါကြောင့်မို့လို့လဲ နိုင်ငံရေးအကျဉ်းသားတွေက အကျဉ်းထောင်တွေထဲမှာ ပိုပြီးမှသေဆုံးမှု များနေတာဖြစ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားသေဆုံးမှု ပိုပြီးမှများလာတာလို့ ကျနော်တို့ပြောလို့ရပါတယ်ဗျ။

မေး။ ။ ဒီဖြစ်စဉ်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအခွင့်အရေး ဆုံးရှုံးမှုတွေ ပိုများလာတယ်လို့ ပြောလို့ရပါလား။

ဖြေ။ ။ အာဏာသိမ်းပြီဆိုထဲကတော့ အကျဉ်းသားအခွင့်ရေးတွေ အားလုံးဆုံးရှုံးသွားတယ်။ အကျဉ်းသား အခွင့်အရေးတွေရော လူ့အခွင့်အရေးတွေရော ဆုံးရှုံးသွားတဲ့ ကျနော်တို့မြန်မာနိုင်ငံမှာတော့ အကျဉ်းထောင် အတွင်းက အခွင့်အရေးရရှိဖို့ဆိုတာ အင်မတန်ကိုခက်ခဲပါတယ်။ ထောင်အာဏာပိုင်တွေဟာ အကျဉ်းထောင်ထဲမှာ ဘုရင်တစ်ပါးလိုနေတယ်။ သူတို့ပါးစပ်ကထွက်သမျှက ဥပဒေအဖြစ် ထောင်တွေမှာ အာဏာသက်ရောက်မှုတွေ ဖြစ်နေတယ်ပေါ့နော်။ အဲ့ဒီတော့ ဒီလိုအ‌ခြေနေမျိုးမှာ အကျဉ်းသားတွေအခွင့်အရေးက အာဏာသိမ်းပြီးချိန်မှာ ပိုပြီးဆုံးရှုံးလာတယ်ဆိုတာကို ပြောရင်တော့ ပိုပြီးမှမှန်ကန်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ပုံမှန်အချိန်တွေ မှာတော့ ပြည်သူတွေသိရှိအောင် ထုတ်ပြောရင် ဒါထောင်အာဏာပိုင်တွေကို တာဝန်ယူမှု တာဝန်ခံမှု လုပ်ခိုင်းလို့ ရပေမဲ့ ဒီကာလမှာ‌တော့ စစ်ကောင်စီကိုယ်တိုင်က ဒါအားပေးအား‌မြှောက်ပြုနေတဲ့ ကိစ္စမျိုးဖြစ်တဲ့အတွက် ထောင်ထဲမှာ သူ‌တို့တွေရဲ့ မတရားတဲ့လုပ်ရပ်တွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အ‌ခြေအနေ။ သူတို့ရဲ့ရပ်တန့်မှုတွေ ဖြစ်ဖို့ဆိုတာ အင်မတန်ကိုမှ ရာခိုင်နှုန်းနည်းနေတဲ့အ‌ခြေအနေလို့ ကျနော်တို့ ပြောလို့ရပါတယ်။

မေး။ ။ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံရတိုင်းမှာ PPNM အနေနဲ့ ကြေညာချက်တွေထုတ် အဖြစ်မှန်တွေဖော်ပြ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တောင်းဆိုတာတွေလည်း တွေ့ရတော့ ဒီလုပ်ဆောင်ချက်တွေက သက်ရောက်မှုရှိပါလား။

ဖြေ။ ။ ကျ‌နော်တို့ရဲ့ စောင့်ကြည့်မှု၊ ထုတ်ပြန်မှုတွေက သက်ရောက်မှုရှိပါတယ်။ အကျဉ်းထောင်တွေထဲမှာ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဖြစ်နေတယ်၊ အကျဉ်းသားတွေ မတရားသတ်ဖြတ်ခံနေရတယ် ဆိုတာကို ဒီလိုမျိုးစောင့်ကြည့်နေခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ အချိန်နဲ့တပြေးညီ သိရှိနိုင်တယ်။ နိုင်ငံတကာ အနေနဲ့လည်း သိရှိနိုင်တယ်။ ဒီလိုအချက်အလက်တွေက လက်ရှိကာလမှာ တရားမျှတမှု မဖော်ဆောင်နိုင်သေးဘူး ဆိုရင်တောင်မှ အကူးအပြောင်းကာလ ရောက်တဲ့အခါမှာ ဒီလိုကျူးလွန်ခဲ့တဲ့သူတွေကို စနစ်တကျ ဖော်ထုတ်ထား နိုင်တာဖြစ်တဲ့အတွက် ကျူးလွန်ခံထားရသူတွေကိုယ်စား ကျနော်တို့ပြန်ပြီး တရားမျှတမှုဖော်ဆောင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။

ဒီအတိုင်း မထုတ်ပြန်တာထက်စာရင် ဒီလိုထုတ်ပြန်လိုက်တဲ့အတွက်လည်း အကျဉ်းထောင်တော်တော်များများမှာ ကျူးလွန်နေတဲ့သူတွေထဲက လေးဆယ်ရာခိုင်နှုန်းနီးပါးလောက်ကတော့ ကျူးလွန်မှုတွေကို ရပ်တန့်သွားတာမျိုး၊ ကျူးလွန်မှုတွေကို အရင်အတိုင်း မလုပ်တော့တာမျိုးတွေလည်း ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့် ဝန်ထမ်းတွေ ထဲမှာလည်း သူတို့ကိုဖိနှိပ်လိုက်တဲ့အတွက် ပိုပြီးမှ ရွဲ့ပြီးတော့ ဖိနှိပ်လိုက်တဲ့ ဝန်ထမ်းတွေကိုလည်း တွေ့ရသလို ရပ်တန့်မသွားတဲ့ သူတွေကိုလည်း တွေ့ရတယ်။ အဲ့ဒီအတွက် ကျနော်တို့ ထုတ်ပြန်ချက်တွေက ကျူးလွန်ခံခဲ့ရတဲ့ သူတွေအတွက် သမိုင်းမှတ်တမ်းရရှိဖို့၊ အမှန်တရားပြန်လည် ဖော်ဆောင်နိုင်ဖို့ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေကို ပြည်သူတွေသိရှိနိုင်တဲ့ အခွင့်အရေးတွေကို အများကြီးရရှိတယ် လို့ ကျနော်တို့က ယုံကြည့်ပါတယ်ဗျ။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိပါလား။

ဖြေ။ ။ ပြည်သူသန်းငါးဆယ်ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းကျော် ထောင်ထဲမှာရှိနေတယ်။ အဲ့ဒီသန်းငါးဆယ်ကျော်ထဲက ငါးသန်းလောက်ကပဲ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ကြည့်နိုင်မယ်ဆိုရင်တောင် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊သူတွေ တော်တော်လေးကို နေရေးထိုင်ရေး စားသောက်ရေးဟာ တော်တော်လေးကို အဆင်ပြေသွားမယ်လို့ ပြောချင်ပါတယ်။

ဒါကြောင့် အကျဉ်းထောင်တွေကိုလည်း မေ့မထားကြဖို့၊ ပြင်ပမှာတောင်မှ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်နေကြတဲ့လူတွေက အကျဉ်းထောင်ထဲမှာ ပိုပြီးမှတောင်မှ လူမသိသူမသိနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေကြတယ်ဆိုတာ ကျနော်က ပြည်သူတွေကိုရော ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့အစည်း တွေကိုရော ပြောပေးချင်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။