စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းကျေးရွာအပါအဝင် မြသိန်းတန်ဘုရားအနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
အဆိုပါကျေးရွာများကို စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်နေ့၊ နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်မှစတင်၍ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “မန္တလေးကနေ သံခွန်နဲ့လာတဲ့ စကစတွေနဲ့ စစ်ကိုင်းဘက်ကလာတဲ့ စကစတွေ ပေါင်းပြီး မင်းကွန်းတဝိုက်မှာ မီးရှို့နေတာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒီလိုပဲ နယ်မြေရှင်းလင်းရေး လုပ်နေတာ။ မန္တလေး ဘက်ကို စစ်ကိုင်းဘက်က တက်မှာကြောက်လို့ ကြိုပြီးတော့ ရှင်းတဲ့သဘောထင်တယ်” ဟု ပြောသည်။
စစ်ကိုင်းမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြီးခဲ့သည့် အပတ်ကတည်းက မန္တလေးမြို့မှ သံခွန်မော်တော်ယာဥ်များနှင့် ထွက်လာသော စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းကာ ရွာစဥ် စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မင်းကွန်းကျေးရွာအတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာတောင်ပိုင်း၊ မြောက်ပိုင်း၊ ရွာသစ်နှင့် ရှားရှောင်း စသည့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးနေသည်ဟု ဝက်လက် သတင်းကွန်ရက် Wetlet Informational Network က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိ မင်းကွန်းကျေးရွာ အပါအဝင် အနီးတဝိုက်တွင်ရှိသည့် ကျေးရွာအများစုက ဒေသခံများမှာမူ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ၏ အခြေအနေနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို အသေးစိတ် အတည်မပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်အပတ် စဥ့်ကူးမြို့ သိမ်းပိုက်ခံရသည့်အချိန် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ ဧရာဝတီမြစ်ရေ တက်လာသည်ကို အခွင့်ကောင်းယူပြီး မြစ်ကြောင်းကို အဓိကအသုံးပြု၍ မြစ်ရိုးတလျှောက် စစ်ရေးလှုပ်ရှားနေသည်ဟု ဒေသခံများက ပြောသည်။
ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက အကြီးကြီးတော့ မဖြစ်ဘူး။ တောက်လျှောက် မန္တလေးကနေ စစ်ကိုင်းအထိလာပြီး သင်္ဘော ၅ စီးနဲ့ ရေကြောင်းလှုပ်ရှားတာက တစ်ပတ်လောက်ရှိပြီ။ မင်းကွန်းရဲ့ အထက်နားက ရွာတွေကိုလည်း ကာကွယ်ရေးတပ်တွေဘက်က သိမ်းထားတော့ မတ္တရာလမ်းကြောင်းကလည်း ပွင့်သွားပြီကိုး။ သူတို့လှုပ်ရှားစရာ ရေကြောင်းပဲရှိတာကို ထိုင်လည်းမထိုင်ရဲဘူးလေ” ဟု ပြောသည်။
စစ်ကိုင်းမြို့ မင်းကွန်းဒေသသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အစပ်တွင် တည်ရှိသည်။
တော်လှန်ရေး အင်အားစုများ စစ်ဆင်ရေး ဆောင်ရွက်နေသည့် မတ္တရာမြို့သည် ဧရာဝတီမြစ် တဖက်ကမ်းမှာ သာတည်ရှိပြီး အချိန်အားဖြင့် တစ်နာရီဝန်းကျင် သွားရသည့် အကွာအဝေးဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဇူလိုင် ၁၇ ရက်နေ့တွင် စဥ့်ကူးမြို့ကို မန္တလေး PDF နှင့် ပူးပေါင်းအဖွဲ့များထံ လက်လွှတ် ခဲ့ရပြီး ကာကွယ်ရေးတပ်ဘက်က မန္တလေးတိုင်းအတွင်း ပထမဆုံး မြို့တစ်မြို့ကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်စဉ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။
ဇူလိုင်လ ၆ ရက်နေ့တွင်လည်း မင်းကွန်းနယ်မြေရဲစခန်းကို တော်လှန်ရေး အင်အားစုများက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ၌ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိခဲ့ပြီး အဆိုပါတိုက်ပွဲထဲ မန္တလေးတိုင်း မတ္တရာမြို့နယ်ဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
NMG ပေးပို့သည်။