“အထောက်အပံ့တွေလည်း လိုတယ်။ ဆေးကုဖို့ဆိုရင်လည်း ဆေးတွေ လိုတာပေါ့နော။ ဆိုတော့ တခုပဲပြောရင် အဓိကစိန်ခေါ်မှုကတော့ ဆေးဝါးတွေနဲ့ ငွေကြေး အထောက်အပံ့တွေ လုံလုံလောက်လောက် မရတာကိုပဲ ကျနော်ပြောရမယ်ထင်တယ်” ဌာနမှူးကြီး ဖိလစ်/ IEC ကျန်းမာရေးဝန်ကြီးဌာန

By MPM 23 ဇူလိုင်, 2024 👁

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ဖြစ်ပွားမှုများနေသည့် ရာသီတုပ်ကွေးဖျားနာမှုများသာမက IEC ၏ ကျန်မာရေးစောင့်ရှောက်မှု ပေးနေမှုအခြေအနေများ၊ အခက်အခဲများအပေါ် IEC ကျန်းမာရေးဝန်ကြီးဌာန ဌာနမှူးကြီး ဖိလစ်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးရောဂါနှင့် အရေပြားရောဂါ အနာများအဖြစ်များနေကြောင်း ဒေသခံစစ်ရှောင်များက ပြောဆိုသည်။ ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကြောင့် ဆေးဝါးများသယ်ယူပို့ဆောင်ရန် ခက်ခဲနေခြင်း၊ ငွေကြေးမလုံလောက်သည့်အတွက် ဆေးရုံ ဆေးခန်းမသွားနိုင်ခြင်း၊ ဆေးဝယ်မသုံးစွဲနိုင်ကြသဖြင့် ဆေးမီးတိုများနှင့် ကုသနေကြရသည်ဟု ဒေသခံများနှင့် စစ်ရှောင်များက ပြောဆိုသည်။

စစ်ရှောင်အများစုသည် တောတောင်များကြား အနေကြာလာသည်နဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု ပိုမို လိုအပ်လာနေချိန်တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ကျန်းမာရေးဝန်ကြီးဌာနက
လူထုကျန်းမာရေး စောင့်ရှောက်ခွင့်ရရှိရန် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်မှုများ ရှိနေပါလဲ။ အခက်အခဲစိန်ခေါ်မှု ဘာတွေကြုံရပါလဲ။

ယင်းအပြင် လက်ရှိမိုးရာသီကာလအတွင်း ဖြစ်ပွားမှုများနေသည့် ရာသီတုပ်ကွေးဖျားနာအပြင် စစ်ရှောင်ကလေး သူငယ်များ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့များနှင့် ဘယ်လိုချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနေပါလဲ။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး IEC ကျန်းမာရေးဝန်ကြီးဌာန၏ ဌာနမှူးကြီးဖိလစ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကရင်နီပြည်မှာ လက်ရှိမိုးရာသီကာလအတွင်း ရာသီတုတ်ကွေးဖျားနာမှုတွေ ဖြစ်ပွားမှုများနေတယ်ဆိုတော့ IEC အနေနဲ့ မြေပြင်မှာ ဘာတွေဆောင်ရွက်နေတာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့လက်ရှိမှာ ပြည်တွင်းမှာတော့ ကျနော်တို့ဆေးရုံ၊ ဆေးခန်းတွေ ရှိတယ်ပေါ့နော။ မြို့နယ်တိုင်း နီးပါးတော့ ရှိပါတယ်။ အဲဒီမှာတော့ ဒီရာသီတုပ်ကွေးကတော့ ကျနော်တို့ဒီမှာ အဓိကကတော့ ပညာပေးတဲ့ အပိုင်းမှာ လုပ်နေတယ်။ ပညာပေးတဲ့အပိုင်းမှာ တဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့လေးနဲ့ပေါ့နော။ ဥပမာ သူတို့ရောဂါလက္ခဏာတွေက တူနေကြတယ် တုပ်ကွေးတွေပုံစံပဲဆိုလို့ရှိရင် လေး၊ငါးယောက်ရှိရင် လေး ငါးယောက် စုပြောတာရှိတယ်။ တခါတလေကြ လူကတယောက်တည်းပဲရှိရင် တယောက်တည်းပဲ၊ ဥပမာ ရေနွေးသောက် ရေနွေးများများသောက်၊ ရေငွေ့ရှူ၊ တကယ့်ဖျားတာတယောက်ချင်းစီလည်း အစုအဖွဲ့လိုက် ပြောတာလည်း ရှိတယ်။ ကုသမှုက ဒီအထောက်အကူပြုကုသမှုတွေတော့ ကျနော်တို့ဆေးရုံ၊ ဆေးခန်းတွေမှာပဲ အခမဲ့ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။

မေး။ ။ လူထုတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေရရှိနိုင်ဖို့အတွက် ဘယ်လိုဆောင်ရွက်နေတာရှိပါလဲ။

ဖြေ။ ။ ဒီဆေးဝါးတွေရရှိနိုင်အောင်တော့ ကျနော်တို့မိတ်ဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ UN အဖွဲ့အစည်း တွေအပြင် INGO အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ချိတ်ဆက်ပြီးတော့ ဆေးဝါးတွေရရှိအောင်ဆောင်ရွက်နေတာ ရှိတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့တွေလည်း မကဘူးပေါ့နော၊ တချို့လည်း တသီးပုဂ္ဂလပေါ့နော။ သူတို့ထဲမှာ ခက်ခဲတယ် သူတို့သိတယ်။ သူတို့ကြားတယ် သူတို့ကူညီချင်တယ်။ ပြီးတော့ တချို့က ဆေးဝယ်ပြီးတော့ ပို့ပေးတဲ့ဟာတွေ၊ အဲမှာမှ ကျနော်တို့အားလုံးစုပြီးတော့ ကျနော်တို့ပြည်တွင်းထဲ ပို့ဆောင်ပေးတာတွေ ကျနော်တို့လုပ်နေပါတယ်။ ဆေးဝါးကြတော့ ကူညီတဲ့လူတွေတော့ ရှိကြတယ်ပေါ့။ ဒါပေမဲ့ အားလုံးပြည့်စုံလုံလောက်နေတယ်လို့တော့ မဟုတ်ဘူး။

ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ပြည်တွင်းထဲမှာက လက်ရှိ အရင်ကရှိခဲ့တဲ့ ကျန်းမာရေးစနစ်တွေက အားလုံးပြိုလဲ သွားတော့ လက်ရှိ IEC Health အနေနဲ့ အစကနေပြန်စပြီးတော့ ဒီကျန်းမာရေးဝန်ဆောင်မှုတွေ စနစ်တကျလုပ်ဖို့ ကြိုးစားနေတဲ့အခါကြတော့ ဒီ Demand Side ပေါ့နော၊ လိုအပ်မှုက တအားများတယ်။ ဒါမဲ့ Supply Side က ကူညီတဲ့ဟာကြတော့ နည်းနည်းတော့ ရတာရှိတယ်။ အဲလိုဖြစ်နေတဲ့အခါကြတော့ လောလောဆယ်တော့ လိုအပ်တာ တအားများပြီးတော့ ရတဲ့အကူအညီကနည်းနည်း၊ နည်းနေတဲ့ခါကြတော့ ဒီလိုပဲ အခက်အခဲကြားမှာပဲ ရုန်းကန်ပြီးတော့ ဝန်ဆောင်မှုတွေ လုပ်နေရတယ်ပေါ့။

မေး။ ။ လူထုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်တဲ့အချိန်မှာ ဘယ်လိုမျိုးအခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ စိန်ခေါ်မှုနဲ့ပတ်သက်ပြီး ခုနကပြောတဲ့ဟာတွေအားလုံး ပါတယ်ပေါနော။ အဲဒီအထဲမှာ ငွေကြေး အထောက်အပံ့တွေက အဓိကပေါ့နော။ အထောက်အပံ့ဆိုတာက သွားလာဖို့က အဓိကလိုနေသလို ယာဥ်တွေ ဘာတွေလိုတယ်ဆိုရင် ငွေကြေးလည်းလိုတယ်။ အထောက်အပံ့တွေလည်း လိုတယ်။ ဆေးကုဖို့ဆိုရင်လည်း ဆေးတွေ လိုတာပေါ့နော။ ဆိုတော့ တခုပဲပြောရင် အဓိကစိန်ခေါ်မှုကတော့ ဆေးဝါးတွေနဲ့ ငွေကြေး အထောက်အပံ့တွေ လုံလုံလောက်လောက် မရတာကိုပဲ ကျနော်ပြောရမယ်ထင်တယ်။ ကျန်တဲ့ဟာက ခုနက ပြောတဲ့အတိုင်းပဲ အားလုံးကရှိနေတယ်။ ဒါပေမဲ့ စိုးရိမ်မှုတွေလည်း ရှိနေတယ်။

မေး။ ။ IEC အနေနဲ့ ကရင်နီပြည်ထဲမှာရှိတဲ့ ကျန်းမာရေးအစုအဖွဲ့တွေနဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်နေတာရှိပါလဲ။

ဖြေ။ ။ အခုကတော့ ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေတာတော့ တချို့တော့ရှိတယ်ပေါ့နော။ အထူးသဖြင့် Coordination ပိုင်းကို ကျနော်တို့အခုထိ လုပ်နေတယ်။ အခု ကျနော်တို့ IEC အောက်မှာ ဆေးရုံတစ်လုံးပဲ ရှိသေးတယ်ဆိုပေမယ့် တကယ့်မြေပြင်မှာကတော့ ဆေးရုံလုပ်နေတဲ့ EHO တွေက Secondary ဆေးရုံ ဒုတိယအဆင့်ရောဂါတွေ ကုနိုင်တဲ့ဆေးရုံတွေ အားလုံးက ကျနော်ထင်တာက ၁၀ လုံးလောက် ရှိပါတယ်။ CED အောက်မှာ တချို့ရှိတယ်။ DSO အောက်မှာ တချို့ရှိမယ်ပေါ့နော။

အဲဒါတွေအတွက် လောလောဆယ်မှာတော့ ကျနော်တို့ Coordination တွေတော့ ကျနော်တို့ လုပ်နေပါတယ်၊ ရှိလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဒီ Health Plan ကို သေသေချာချာ Activities Plans တွေ ချတဲ့အချိန်ကြတော့ ဒီထက်ပို နီးနီးကပ်ကပ်တော့ ကျနော်တို့ ဒါ Coordination, Corporation ဘာတွေနဲ့ ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးလုပ်ဆောင်သွားကြဖို့ ကျနော်တို့ မျှော်မှန်းထားတယ်လေ။ ရှေ့ဆက်မှာ ပိုပြီးတော့လူထုတွေ လက်လှမ်းမှီအောင် လုပ်နိုင်ဖို့အတွက်ပေါ့။

မေး။ ။ NUG ရဲ့ ကျန်းမာရေးဌာနနဲ့ ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်နေတာရောရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ IEC Health Department က NUG MOH NUG အောက်မှာရှိတဲ့ Ministry of Health Department နဲ့ ကျနော်တို့ ပုံမှန်ဆက်သွယ်မှု လမ်းကြောင်းတွေ ရှိပါတယ်။ သူတို့ဆီကလည်း Secondary ဆေးရုံအတွက် အကူအညီတွေ ဆေးဝါးဖြစ်ဖြစ် Equipment ပဲဖြစ်ဖြစ် ကျနော်တို့ ရနေတာရှိပါတယ်။

ကျနော်တို့နဲ့ NUG MOH ကြားမှာကတော့ ဖက်ဒရယ်ယူနစ်ရဲ့ Federal Chapter အရ ပြည်နယ်တခုမှာ ရှိသင့်ရှိထိုက်တဲ့ စနစ်တွေကို ကျနော်တို့အကောင်အထည်ဖော်မယ်။ ပြီးတော့ သူတို့ပြည်ထောင်စုအစိုးရလို့ ပြောရမလား ပြည်ထောင်စုကျန်းမာရေးဌာနနဲ့လည်း ကျနော်တို့ချိတ်ပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး။ ။ ကလေးငယ်တွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ NUG ရဲ့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက် ဆောင်ရွက်တာရောရှိပါလား။ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါလဲ။

ဖြေ။ ။ ကျနော်တို့လည်း NUG နဲ့ တိုက်ရိုက် ချိတ်ဆက်နေတာပဲ။ ဒါပေမဲ့ ဒီကာကွယ်ဆေးနဲ့ နည်းပညာပိုင်း ဆိုင်ရာဆေးတွေကို ဘယ်လိုသယ်ရလဲ။ ကိုယ့်ခြင်းတွေနဲ့ ဘယ်လိုသယ်ရမလဲ။ ဆေးတွေမပျက်အောင် နောက်ပြီးတော့ ဘယ်လိုထားသိုရမလဲ။ နောက်ပြီးတော့ ဆေးကိုဘယ်လိုထိုးရမလဲ။ ဘယ်လို Plan လုပ်ရမလဲ။ နောက်ပြီးတော့ ဆေးထိုးတဲ့အချိန်မှာ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ဟာတွေကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲ။

ဆိုတဲ့ဟာတွေကို Technical Support ကတော့ NUG MOH ရဲ့ EPI Change မှာပဲ ကျနော်တို့ယူတယ်။ ဒါပေမဲ့ ကျနော်တို့ပြည်တွင်းမှာ လုပ်ငန်းအကောင်အထည်ဖော်တဲ့ဟာကြတော့ ကျနော်တို့ ပြည်တွင်းမှာ သူတို့အစီအစဥ်နဲ့ သူတို့ ကိုယ့်ကိုယ်ကိုလွတ်လွတ်လပ်လပ် အကောင်အထည်ဖော်လို့ ရပါတယ်။ NUG MOH နဲ့ ပတ်သက်ပြီး ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အပိုင်းတွေပါတယ်ပေါ့နော။

မေး။ ။ နိုင်ငံတကာအစုအဖွဲ့တွေဆီကနေ ကလေးငယ်တွေရဲ့ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ရရှိတာမျိုးတွေရော ရှိပါလား။

ဖြေ။ ။ ဒီပြည်တွင်းကတော့ ဘာမှမျှော်လင့်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (နိုင်ငံတကာအဖွဲ့) က နေပြည်တော်မှာနေတဲ့အတွက် နေပြည်တော်မှာရှိတဲ့အစိုးရက ခွင့်မပြုရင် ဘာမှလုပ်လို့မရဘူး။ ဆိုတော့ သူတို့ကူညီချင်တဲ့စိတ် ဘယ်လောက်ပဲရှိရှိ မလုပ်နဲ့ဆို ဘာမှမလုပ်နိုင်ဘူး။ ကျနော်တို့ ပြီးခဲ့တဲ့ ဆွေးနွေးချက်တွေအရ တွေ့တာကလည်း အဲဒီလိုမျိုးပေါ့နော။

ဆိုတော့ တချို့ကလည်း သူတို့ (နိုင်ငံတကာအဖွဲ့) လုပ်နေရတဲ့အခြေအနေတွေကို ပြန်ပြောပြတာရှိတယ်။ အဖြေကတော့ ပြည်တွင်းမှာနေတဲ့အဖွဲ့က စစ်ကောင်စီမကြိုက်ရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ကူညီပေးချင်တဲ့ စိတ်ရှိရင်တောင် ကူညီရဲမှာမဟုတ်ဘူး။ ကျနော်ကတော့ အဲဒီလိုမျိုးပဲ ပြောချင်တယ်။ ဒီမှာကျနော်တို့ နိုင်ငံတကာနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ အကူအညီကိုရဖို့ ကျနော်တို့အများကြီး ကြိုးစားနေကြတာပေါ့။

မေး။ ။ ကရင်နီပြည်မှာ IEC အနေနဲ့ လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ကို ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်နေပြီလို့ ပြောလို့ရနိုင်ပါလဲ။

ဖြေ။ ။ ကရင်နီတပြည်နယ်လုံး Cover လုပ်နေပြီလို့ ပြောတယ်။ ဒါပေမဲ့ တချို့စစ်ရှောင်တွေက တစု၊ တစုနဲ့ လုံခြုံမယ်ထင်တာ သွားရှောင်နေတာလို့ ပြောရမယ်ပေါ့နော။ အဲလိုနေရာတွေကြတော့ တချို့နေရာတွေကြတော့၊ အစုအဖွဲ့တွေနဲ့ IDPs Camp တွေနဲ့ နည်းနည်းဝေးတဲ့ နေရာကြတော့၊ တချို့သုံးလေးအိမ်ပဲ စုတဲ့နေရာကြတော့ ကျနော်တို့မရောက်တဲ့နေရာ အနည်းအကျဉ်းတွေတော့ ရှိသေးတယ်။ အားလုံးတော့ မရောက်နိုင်သေးဘူးပေါ့နော။ လူတွေက တအားပြန့်ကြဲတော့လေ။ နေရာတိုင်းတော့ ကျနော်တို့ဆေးဝန်ထမ်းတွေထားပြီးတော့ ကျနော်တို့ ဝန်ဆောင်မှုတွေ ပေးတာမျိုးတွေ ကျနော်တို့ မလုပ်ဆောင်နိုင်သေးဘူး။ ဒါပေမဲ့ လူအများစုရှိတဲ့ စခန်းကြီးနဲ့ ရွာတွေမှာတော့ ကျနော်တို့ ဆေးခန်း၊ ဆေးရုံရှိဖို့ ဒါတော့ကျနော်တို့ လုပ်နေပါတယ်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။