ရှမ်းမြောက်၊ လားရှိုးမြို့နယ်ထဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးထားသည့် စစ်ဘေးရှောင် တအာင်းလူငယ်များနှင့် အဆက်သွယ်မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
လားရှိုးမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းကာလအတွင်း MNDAA က ဖမ်းဆီးထားသည့် တအာင်းလူငယ် ၄ ဦးသည် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်သွယ်မရသေးကြောင်း ဖမ်းဆီးခံရသူတို့နှင့် နီးစပ်သူများက ပြောသည်။
ထိုလူငယ် ၄ ဦးအနက် ၃ ဦးမှာ လားရှိုးမြို့အဝင်၊ မယ်ဟန်ကျေးရွာရှိ ပြည့်စုံအပန်းဖြေဥယျာဉ်မှ သန့်ရှင်းရေးဝန်ထမ်းများဖြစ်ကြပြီး ၎င်းတို့ စစ်ဘေး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင်ပင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
အလားတူ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း လားရှိုးမြို့ပေါ် ရပ်ကွက်ရှိ ကားဝပ်ရှော့တွင် လုပ်ကိုင်နေသည့် စစ်ဘေးရှောင် တအာင်းလူငယ်တစ်ဦးကိုလည်း MNDAA က ဖမ်းဆီးထားပြီး ယနေ့အထိ အဆက်သွယ်မရသေးကြောင်း သိရသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သတင်းအချက်အလက်စုဆောင်းရေး တာဝန်ခံတစ်ဦးက “လောလောဆယ် နမ့်ပေါင်မှာက ကိုးကန့်တွေပဲ ရှိတယ်ပေါ့နော်။ ပြန်လွတ်လာတဲ့ ကာယာကံရှင်ရဲ့ ပြောပြချက်အရတော့ တချို့တွေက တရုတ်စကားပြောတယ်။ သူတို့ နားမလည်ဘူးပေါ့နော်။ သူတို့ စကားပြန်တစ်ယောက်ပဲ ရှိတယ်ပေါ့နော်။ အဲတာကို ပြောခြင်းအားဖြင့် ဒါ MNDAA တပ်က ခေါ်ထားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ သူတို့ပျောက်တဲ့ ၉ ရက် ၁၀ ရက် ဝန်းကျင်မှာလည်း တောက်လျှောက်က နမ့်ပေါင်ဘက်မှာဆို MNDAA ပဲ ရှိတယ်လေနော်” ဟု ပြောသည်။
ဖမ်းဆီးခံရသူ ၄ ဦးမှာ အသက် ၁၇ နှစ်အရွယ် ၂ ဦးနှင့် အသက် ၁၄ နှစ် အရွယ်တစ်ဦး၊ အသက် ၁၉ နှစ်တစ်ဦးတို့ ပါဝင်ပြီး လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာနှင့် တန့်ယန်းမြို့နယ်၊ ဟိုဒွန်ကျေးရွာတို့တွင် နေထိုင်ကြသူများဖြစ်သည်ဟု နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ဖမ်းဆီးခံထားရသူများအား MNDAA က ‘ဝ’ ပြည်နယ်စပ်ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားလိုက်ကြောင်း သတင်းအချက်အလက်များ ရရှိထားသည်ဟု နီးစပ်သူများက ဆိုပါသည်။
သို့သော် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်၊ နယ်မြေ မတည်ငြိမ်သည့်ကာလ၌ ပြည်သူများ တိုက်ပွဲများကြောင့် ဘေးလွတ်သည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်ကာလတွင် ယခုကဲ့သို့ မလုပ်ဆောင်သင့်ဟု TWO သတင်းအချက်အလက် စုဆောင်းရေးတာဝန်ခံက ဆက်ပြောသည်။
“ထွက်ပြေးရတယ်။ တချို့တွေက မိသားစု တစ်ကွဲတစ်ပြား ဖြစ်တယ်ပေါ့နော်။ ဆိုတော့ စစ်ကောက်ခဲ့တယ် ဆိုရင်တောင် ကိုယ့်ရဲ့သက်ဆိုင်ရာ လူမျိုးကိုပဲ ဦးတည်ပြီးမှ ကောက်သင့်တယ်။ Crisis ဖြစ်နေတဲ့ကာလမှာ ဒါမျိုးလုပ်တာကတော့ မဖြစ်သင့်ဘူး။ ကောက်လည်း မကောက်သင့်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ လူထုတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ လူထုတွေကို ကူညီရမယ့်အစား အဲ့လိုလုပ်တာက မဖြစ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိကာလတွင် ၂ ဖက်တပ်က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးနေခြင်း၊ အိုးအိမ်ပျက်စီးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အခြားဒေသများတွင် တိမ်းရှောင်ရသူများမှာ ငွေကြေးခက်ခဲခြင်း စသည့် အခက်အခဲများ ကြုံနေရသည်ဖြစ်ရာ MNDAA အနေဖြင့် လူသစ်စုဆောင်းမှုအား ခေတ္တရပ်ဆိုင်းသင့်ပြီး နောက်နောင်တွင်လည်း စံနှုန်းသတ်မှတ်ချက်ဖြင့် လူကောက်ခံသင့်သည်ဟု TWO သတင်းအချက်အလက်စုဆောင်းရေး တာဝန်ခံက အကြံပြုသည်။
“တချို့တွေက တောင်းတောင်းပန်ပန်နဲ့ သူတို့ရဲ့ သားတွေကို မခေါ်သွားဖို့၊ ပြန်လွှတ်ပေးဖို့ တောင်းပန်ပြီးမှ သူတို့ စစ်ဆေးရေးဂိတ်ကို ကျော်ရတာတွေလည်း ကျမတို့ ကြားနေရတယ်ပေါ့။ အဲ့ဒါကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်က သူတို့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ တကယ်လို့ စစ်ကောက်မယ်ဆိုရင်တော့ နည်းလမ်းကျကျပေါ့။ လူထုတွေကို စည်းရုံးရေးဆင်းပြီးမှ သူတို့ ဘာကြောင့်ကောက်တယ်၊ ဘယ်လိုနည်းစနစ်နဲ့ ကောက်မယ်။ ပြီးတော့ သူတို့လူမျိုးကိုသာ ဦးတည်တာမျိုး ဖြစ်သင့်တယ်” ဟု ၎င်းက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း ကာလကတည်းက MNDAA က ဖမ်းဆီးထားသည့် လူငယ်ပေါင်း အယောက် ၁၇၀ ကျော်ရှိခဲ့ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ တောင်းဆိုမှုကြောင့် ၁၀ ဦးကျော် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ကာလအတွင်း ဖမ်းဆီးခံထားရသည့် တအာင်းလူငယ် ၄ ဦး၏ အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် MNAA ကိုးကန့်တပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
NMG ပေးပို့သည်။