“သူတို့အနေနဲ့ လုပ်သက်နုဝန်ထမ်းတွေနဲ့ လုပ်လာရတော့ CDM ဝန်ထမ်းတွေအားကို ပြန်လိုချင်တယ်။ ကြိုးစား ရပ်တည်နေတယ်။ စစ်တပ်က ပြန်ခေါ်လာတာ။ တချို့ CDM တွေက တော်လှန်တဲ့ ထောက်ပို့တွေရဲ့လှုပ်ရှားမှုကို ဒီ ၃ နှစ်တာ ကာလအတွင်းမှာ သိထားတယ်။ ဒီလိုလူတွေကို ခက်ခဲတဲ့အချိန်မှာ ပြန်ခေါ်မယ်ဆိုရင် သူတို့အတွက် သတင်းအချက်အလက် ပြန်ရလာမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်” – CDM ဗိုလ်ကြီး ဇင်ယော်

By MPM 22 ဇူလိုင်, 2024 👁

အကြမ်းမဖက်သောနည်းနှင့် တော်လှန်နေကြသည့် CDM ဝန်ထမ်းများကို စစ်ကောင်စီ ပြန်ခေါ်နေတာက ဘာကြောင့်ပါလဲ၊ ဒီအခြေအနေများနှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး အမည်ပျက်စာရင်း Black List သွင်းခံထားရသည့် နိုင်ငံ့ဝန်ထမ်းများအနေနှင့် ပြန်လည်တာဝန်ထမ်းဆောင်လိုပါက လုပ်ငန်းခွင် ပြန်ဝင်နိုင်သည်ဟု စစ်ကောင်စီက ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်လာပါသည်။

အမည်ပျက်စာရင်း၌ပါဝင်သည့် CDM ဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းအရာအပေါ် မူတည်ပြီး တရားစွဲဆိုခံထားရသူများကို အမှုပြန်လည်ရုပ်သိမ်း၍ ပယ်ဖျက်ဖြေလျှော့ပေးပြီး နိုင်ငံ့ဝန်ထမ်းတာဝန် ပြန်လည် ထမ်းဆောင်ခွင့် ပြုသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခုလိုမျိုး အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လာရန် စစ်ကောင်စီက ဖိတ်ခေါ်နေတာ ဘာကြောင့်ပါလဲ။ စစ်ကောင်စီမှာ ဘယ်လိုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါလဲ။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဆုံးအနေနဲ့ စစ်ကောင်စီက အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် တစ်နိုင်ငံလုံးအနှံ့ ထိုးစစ်တွေ ရင်ဆိုင်နေရချိန်မှာ ဘာကြောင့် CDM တွေကို ပြန်လက်ခံဖို့ ကြေညာချက်ထုတ်ရတာပါလဲ။ ဘယ်လို မြင်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်းမှာ ဒီ CDM လှုပ်ရှားမှုတွေက သူတို့အတွက် ကြောက်စရာအကောင်းဆုံး ထိုးနှက်ချက်ဖြစ်တယ်လို့ သိလာရတယ်။ အခုပြည်တွင်းနေ CDM တွေကို ချေးငွေ ဆပ်ခိုင်းတဲ့ ကိစ္စတွေ၊ ရေရှည်ဖြစ်လာတော့ ထောက်ပံ့မှုတွေ မရတော့ဘူး။ တချို့ ခက်ခဲလာတယ်။ ဒီအားနည်းချက်ကို သိတယ်။ ဒီ CDM လုပ်တယ်ဆိုတာက နှစ်ရှည်လများ နိုင်ငံ့ဝန်ထမ်းအနေနဲ့ လုပ်လာကြတဲ့ သူတွေ။ အခုအာဏာသိမ်းတဲ့အခါမှ သူ့အစိုးရကို ဒေါက်တိုင်အဖြစ် မလုပ်ချင်လို့ ထွက်ကုန်လို့ အားတွေ လျော့သွားတာရှိတယ်။ ဒါထုတ်ရတာ ဖြစ်တယ်။

မေး။ ။ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ CDM ဝန်ထမ်းလို့ ပြောဆိုထားတဲ့အပေါ် အဲဒီထဲမှာ ပညာရေး၊ ကျန်းမာရေး၊ အခြားကဏ္ဍတွေအပါအဝင် အထူးသဖြင့် ကာကွယ်ရေးက စစ်သည်တော်တွေကိုရော ပြန်လာဖို့ ဖိတ်ခေါ်တဲ့ သဘောပါလား။

ဖြေ။ ။ အမည်ပျက် သွင်းထားခံရတဲ့ CDM ဝန်ထမ်းတွေအပြင် NLD အစိုးရလက်ထက်မှာတုန်းက အထုတ်ခံ လိုက်ရတဲ့ သူတို့ရဲ့မိုးကျရွှေကိုယ်ဝန်ထမ်းတွေ ပါလိမ့်မယ်။ စစ်တပ်ထဲကနေ အကြောင်းအမျိုးမျိုးကြောင့် မထုတ်ချင်ဘဲ ထုတ်လိုက်ရတဲ့ နိုင်ငံတကာမှာ အကြမ်းဖက်မှုတွေ ပေါ်သွားလို့၊ မီဒီယာတွေက ဖော်ထုတ်လို့ သူတို့ မဖြစ်မနေ အရေးယူလိုက်ရတဲ့ အဖွဲ့တွေရှိတယ်။ အရာရှိပိုင်းတွေ၊ အဲဒီလိုလူတွေလည်း သူတို့ပြန်သုံးရတာရှိတယ်။ အားလုံးအကျုံးဝင်မယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။

မေး။ ။ လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရခိုင်၊ ရှမ်းမြောက်၊ မန္တလေး စတဲ့ဒေသက တိုက်ပွဲတွေကို အတော်ရင်ဆိုင်နေရတယ်။ ဒါကြောင့် CDM တပ်သားတွေကို ပြန်လက်ခံဖို့ သူတို့အနေနဲ့ စဉ်းစားလာနေတဲ့ အခြေအနေလို့ ပြောနိုင်မလား။

ဖြေ။ ။ ကျွန်တော်တို့ CDM ချင်း တူရင်တောင်မှပဲ စစ်တပ်က CDM ကို စစ်ဗိုလ်ချုပ်တွေ အရမ်းမုန်းတယ်။ ကျွန်တော်တို့ CDM လုပ်တဲ့သူအားလုံးက ရှင်းတယ်။ CDM လုပ်ပြီး ငြိမ်နေတဲ့ လူတန်းစားက နည်းတယ်။ ရရာနည်းနဲ့ တော်လှန်နေကြတာ။

တချို့ဆိုလည်း လက်နက်ကိုင်ပြီး တော်လှန်နေတယ်။ အခြားနည်းတွေနဲ့ ဆိုရှယ်မီဒီယာကနေ အချက်အလက် တွေ ပေးတယ်။ စစ်ဗိုလ်ချုပ်တွေက CDM အရာရှိစစ်သည်တွေကို အရမ်းမုန်းတယ်။ တပ်ထဲက CDM စစ်သည်တွေ ကိုတော့ ပြန်ခေါ်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

မေး။ ။ CDM တွေထဲမှာ ကာကွယ်ရေးဌာနက အောက်ခြေစစ်သားကနေ အရာရှိအဆင့်တွေအထိ၊ နောက် ရုံးဝန်ထမ်းစတာတွေ ပြည်သူ့ရင်ခွင်ခိုလှုံလာမှု အကျိုးဆက်က စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ အများကြီး အထိနာနေခဲ့တာမျိုးလား။ သုံးသပ်ပေးပါဦး။

ဖြေ။ ။ အခြား CDM တွေထက် တပ် CDM တွေက သူတို့ရဲ့လုပ်နေကျ၊ ကိုင်နေကျအထာတွေ သူတို့ရဲ့ စစ်နည်းဗျူဟာတွေ သူတို့ရဲ့စစ်ရေးသတင်းအချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီကို ရောက်အောင် ရှာပြီးပေးနိုင်တဲ့အနေအထားမှာ သတင်းလက်ဦးမှုရော၊ စိတ်ဓာတ်ရေးရာအရရော ကျဆင်း သွားတယ်။ သတင်းလက်ဦးတဲ့အတွက် ကျဆင်းသွားတယ်။ သူတို့ရဲ့ လုပ်နည်းဗျူဟာတွေကို စစ်နည်းဗျူဟာတွေ တပ်အင်အားတွေပါ CDM အရာရှိတွေ ပူးပေါင်းပြီးတော့ ဖော်ထုတ်နိုင်တာဆိုတော့ စစ်ဆင်ရေးတွေမှာ အထိနာတာပေါ့။

ကရင်ဘက်မှာ တိုင်းမှူးစီးလာတဲ့ ရဟတ်ယာဉ်ကို ပစ်ချတာတွေရှိတယ်။ ဘယ်အချိန်မှာ တက်မယ်၊ လှုပ်ရှားမယ် ဆိုတဲ့ သတင်းတွေရလို့ တော်လှန်ရေးအဖွဲ့တွေက လှုပ်ရှားနိုင်တာ။ တော်လှန်ရေးဘက်က အထိအခိုက် နည်းနည်းနဲ့ စစ်တပ်ဘက်က ဆုံးရှုံးရတာ။ CDM ဝင်လာတဲ့သူတွေကြောင့် စစ်တပ်က တော်တော်လေး နစ်နာမှုတွေ ရှိတယ်။ ထိခိုက်မှုတွေ ရှိတယ်။

မေး။ ။ ဒီလိုကြေညာချက်အပေါ် အရင်ကလည်း ထုတ်ပြန်ထားတာတွေ့ရတယ်။ ဒါပေမယ့် စစ်ကောင်စီ အောက်ကို ပြန်ဝင်တဲ့ CDM တွေက အနည်းအကျဉ်းပဲ (အခြားကဏ္ဍက ဝန်ထမ်းတွေ) ရှိခဲ့တယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ သူ့ရဲ့အုပ်ချုပ်မှုအောက်က ကဏ္ဍပေါင်းစုံမှာ လူ့စွမ်းအားအရင်းအမြစ် လည်ပတ်မှုက ဘယ်လောက်အထိ ခက်ခဲလာနိုင်မလဲ။ ခက်ခဲနေပြီလဲ။

ဖြေ။ ။ CDM လုပ်လာတဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေ နှစ်ရှည်လများ နိုင်ငံ့ဝန်ထမ်းကောင်းအနေနဲ့ လုပ်လာကြတာရှိတယ်။ ခွေးတိုးပေါက်ကနေ ဝင်လာသူတွေကို အမြန်ခန့်လိုက်ပေမယ့် အရည်အချင်းနည်းတယ်။ လုပ်သက်အတွေ့အကြုံက အများကြီး စကားပြောလာတယ်။ ရုံးဌာနတွေ ဝန်ကြီးဌာနတွေက သတင်းအရင်းအမြစ်တွေ ပေါက်လာတာရှိတယ်။

နောက်ခန့်လိုက်တဲ့ဝန်ထမ်းတွေက လုံခြုံရေးဆိုင်ရာကို နားမလည်တာ သတင်းပေးလိုက်တာလည်းပါမယ်။ တကယ်တမ်းဆိုရင် နှစ်ရှည်လုပ်လာတဲ့ ဝန်ထမ်းနဲ့က သစ္စာရှိမှုခြင်း လုပ်သက်ချင်းကွာတယ်။ သူတို့အနေနဲ့ လုပ်သက်နု ဝန်ထမ်းတွေနဲ့ လုပ်လာရတော့ CDM ဝန်ထမ်းတွေအားကို ပြန်လိုချင်တယ်။ ကြိုးစား ရပ်တည်နေ တယ်။ စစ်တပ်က ပြန်ခေါ်လာတာ။

တချို့ CDM တွေက တော်လှန်တဲ့ ထောက်ပို့တွေရဲ့လှုပ်ရှားမှုကို ဒီ ၃ နှစ်တာ ကာလအတွင်းမှာ သိထားတယ်။ ဒီလိုလူတွေကို ခက်ခဲတဲ့အချိန်မှာ ပြန်ခေါ်မယ်ဆိုရင် သူတို့အတွက် သတင်းအချက်အလက် ပြန်ရလာမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်။ အရမ်းအန္တရာယ်များတယ်။ CDM တွေက စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ အခုထိ တောင့်ခံနိုင် တယ်ဆိုတော့ အထူးပြောစရာတော့ မလိုပါဘူး။ CDM လုပ်တဲ့ လုပ်ရပ်သည် စစ်တပ်ကို အထိနာစေတဲ့အတွက် စကစက ပြန်ခေါ်နေတာလို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။