“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ အချိန်လိုနေတဲ့အချိန်မှာ စစ်ရေးမှာ ချက်ချင်းတုန့်ပြန်မှုတွေ မလုပ်ကြဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်ဒေသအတွင်းမှာရှိတဲ့ လက်နက်ကိုင်ကြားထဲမှာ ပြေလည်နိုင်ရေးကို ဦးတည်သွားဖို့ ဒါကို လိုအပ်တဲ့ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဆောင်ရွက်တဲ့အချိန်မှာ ချင်းလဲန်းကောင်စီအနေနဲ့ ကတော့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားဖို့ပါပဲ” ချင်းလဲန်းကောင်စီအထွေထွေအတွင်းရေးမှူးဆလိုင်းပေါလ်

By MPM 20 ဇူလိုင်, 2024 👁

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးတင်းမာမှုကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းနှင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ချင်းပြည်ကောင်စီက ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်ပြီး ချင်းလဲန်းကောင်စီ အထွေထွေအတွင်းရေးမှူးဆလိုင်းပေါလ်အား ဆက်သွယ်မေးမြန်းချက်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်ကောင်စီကို အစောဆုံး ဆန့်ကျင်တော်လှန်ခဲ့ ကြသော ချင်းပြည်တွင် တော်လှန်ရေးတပ်ဖွဲ့များအကြား နိုင်ငံရေးသဘောထားကွဲလွဲမှု ရှိလာပြီးနောက်ပိုင်း ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်ဆိုပြီး နှစ်ဖွဲ့ကွဲခဲ့ပါသည်။

ယခုလို နှစ်ဖွဲ့ကွဲလာပြီးနောက်ပိုင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထဲတွင်လည်း နှစ်ခြမ်းကွဲသွားသည့် တပ်ဖွဲ့များ ရှိလာပြီး စစ်ရေးအရ ပွတ်တိုက်မှုများ ဖြစ်လာကာ အချင်းချင်းပစ်ခတ်မှု၊ သွေးထွက်သံယို သေဆုံးမှုအထိ ရှိလာနေသည်။

ထိုအခြေအနေမျိုးတွင် ချင်းလဲန်းကောင်စီက ဦးဆောင်ပြီး ကော်မတီဆဌမအကြိမ် ပုံမှန်အစည်းအဝေးကို ဇူလိုင် ၁၀ ရက် ကနေ ၁၃ ရက်နေ့ အထိ ၄ ရက်တာ ပြုလုပ်ခဲ့ကြပြီး လတ်တလောဖြစ်ပေါ်နေသော စစ်ရေးတင်းမှုများ ကို အဖွဲ့အစည်းအချင်းချင်းကြား တွေ့ဆုံနွေးနွေး ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့် အမြန်ဆုံး ဖြေရှင်းနိုင်ရေး အပါအဝင် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြသည်ဟု ဇူလိုင် ၁၇ ရက်နေ့က ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး ချင်းလဲန်းကောင်စီအထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ချင်းပြည်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးတင်းမာမှုတွေကို အဖွဲ့အစည်းအချင်ချင်းကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ရေး ချင်းပြည်ကောင်စီက ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဲဒီဟာက ဘာကိုဆိုလိုတာလဲ ရှင်းပြလို့ ရပါလား။

ဖြေ။ ။ အခုလတ်တလောဖြစ်နေတဲ့ မတူပီမှာ ဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေ၊ မတူပီ တပ်မဟာ ၁၊ တပ်မဟာ ၂ ကိစ္စတွေ ပါမယ်။ ဥပမာအားဖြင့် ပြောမယ်ဆိုရင် လိုင်လင်းပီကိစ္စတို့ CDF-Mara နဲ့ CNF/CAN တို့ ထိန်းချုပ် ထားတဲ့နေရာမှာ MDF က သူတို့မဟာမိတ် AA ကိုခေါ်ပြီးမှ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ ကိစ္စတွေ၊ ပြီးတော့ တခြား ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်ဘက်မှာရော အချင်းချင်းကြားထဲမှာ စစ်ရေးအရ ပွတ်တိုက်မှု လေးတွေ ကြားနေရတယ်ပေါ့နော်။ ကျနော်တို့အချင်းချင်းကြားမှာ ဖြစ်တဲ့ကိစ္စကို စစ်ရေးအရ စစ်ရေးနဲ့ တိုက်ရိုက် တုံ့ပြန်တာမျိုး မလုပ်ဘဲနဲ့ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကျနော်တို့က လိုလားပါတယ်ဆိုတာကို ဖော်ပြတာ ဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် ချင်းလဲန်းကောင်စီအနေနဲ့ လတ်တလောဖြစ်နေတဲ့ အချင်းချင်းကြား ပွတ်တိုက်မှုတွေကို ကြားဝင်ဖြန်ဖြေ သွားမယ်ဆိုတဲ့သဘောပါလား။

ဖြေ။ ။ ကျွန်တော်တို့က လိုအပ်တာတွေ ကူညီပံ့ပိုးဖို့ပဲ။ ဥပမာ- မတူပီကိစ္စမှာ ချင်းလဲန်းကောင်စီမှာပါလို့ တပ်မဟာ (၂) နဲ့ပေါင်း ပြီးတော့မှ တပ်မဟာ (၁) ကို ဖိပြီးတွန်းအားပေးဖို့ မဟုတ်ဘူး။ အဲ့လိုပဲ ကျွန်တော်တို့ ကတော့ သူတို့ရဲ့မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေကို သူတို့လိုချင်တဲ့အရာကို သူတို့ အချင်းချင်းကြားထဲမှာ ညှိနှိုင်းစေလိုပါတယ်။ ဥပမာ- ကန်ပက်လက်မှာဆိုရင်လည်း နှစ်ခြမ်းဖြစ်တယ်၊ မင်းတပ် ဆိုရင်လည်း နှစ်ခြမ်းဖြစ်နေတဲ့ဟာတွေကို တွေ့နေရတယ်။ အင်အား နည်းတယ်၊ များတယ် ဆိုတာထက် သူ့ရဲ့မြို့နယ်တခုထဲမှာပဲ ကွဲလွဲနေတယ်ဆိုတဲ့ဟာတွေကို တွေ့မြင်နေရတယ်။ မရာဆိုရင်လည်း နှစ်ဖွဲ့ဖြစ်တယ်။

ဆိုတော့ အဲ့လိုနှစ်ဖွဲ့ဖြစ်တဲ့ ကိစ္စမှာ ဥပမာ MDF ဆိုရင်လည်း သူ့မှာ ကြီးမားတဲ့မဟာမိတ် ULA /AA ရှိတယ်။ CDF-Mara ဆိုရင်လည်း ချင်းလဲန်းကောင်စီရှိတယ်။ အဲ့လိုမျိုး အချင်းချင်း ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ အချိန်လိုနေတဲ့အချိန်မှာ စစ်ရေးမှာ ချက်ချင်းတုန့်ပြန်မှုတွေ မလုပ်ကြဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်ဒေသအတွင်းမှာရှိတဲ့ လက်နက်ကိုင်ကြားထဲမှာ ပြေလည်နိုင်ရေးကို ဦးတည်သွားဖို့ ဒါကိုလိုအပ်တဲ့ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ ဆောင်ရွက်တဲ့အချိန်မှာ ချင်းလဲန်းကောင်စီအနေနဲ့ကတော့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားဖို့ပါပဲ။ ဒါ CC မှာပါတဲ့ အုပ်စုဘက်ကနေ ရပ်ပြီးတော့ တခြားတဖက်ကို တွန်းအားပေးဖို့၊ ဖိနှိပ်ဖို့ အဲ့လိုမျိုး မဟုတ်ပါဘူး။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာ တွေ့ရတဲ့တခုက ချင်းလဲန်းကောင်စီမှာ အဖွဲ့ဝင်မဟုတ်သေးတဲ့ အဖွဲ့တွေလည်း ပါဝင်နိုင်လာဖို့အတွက် ဆွေးနွေးတယ်လို့လည်းသိရတယ်။ ဘယ်လိုမျိုး ပါဝင်လာနိုင်အောင် လမ်းကြောင်းတွေ ဖွင့်မလဲ၊ ဘယ်လိုမျိုး ဆွေးနွေးတာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့က ချင်းလဲန်းကောင်စီဆိုတာ ပထမဆုံး တော်လှန်ရေးကာလမှာ ချင်းတွေစုစည်းမှု အားအကောင်းဆုံးလို့ ပြောရင်မမှားဘူး။ အနာဂတ်မှာ ချင်းလဲန်း၊ ချင်းပြည်ကို တည်ဆောက်သွားဖို့ အတွက် ကျွန်တော်တို့အနေနဲ့ စုစည်းဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ပထမ ခြေလှမ်းအနေနဲ့ ချင်းလဲန်း ကောင်စီကနေပြီး ချင်းလဲန်းဥပဒေ ရေးဆွဲပြီး ချင်းလဲန်းကောင်စီမှာ စပြီး စုကြတယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းဟာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံမူ ရှိသလားဆိုတော့ ပြီးပြည့်စုံမူ မရှိသေးပါဘူး။ ကျွန်တော်တို့ ချင်းတွေအားလုံး တော်လှန်ရေးအဖွဲ့တွေအကုန်လုံး စုနိုင်ဖို့အတွက်ကို ချင်းလဲန်းကောင်စီက ကြိုးပမ်းသွားမှာပါ။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့လက်အောက်မှာ အကုန်လုံးဝင်ပြီးတော့မှ ကျွန်တော်တို့ရဲ့ အောက်မှာဝင်ပါဆိုတဲ့ အဲ့လိုသဘောမျိုးတော့ မရှိပါဘူးပေါ့နော်။

ချင်းလဲန်းကောင်စီအနေနဲ့ ပြည်သူလူထုစီမှာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချပြတယ်။ ကျွန်တော်တို့ ကောင်စီရဲ့ မူဝါဒတွေ၊ မဏ္ဍိုင် (၃) ရပ် လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ပြည်သူတွေနဲ့အတူ ဟန်ချက်ညီညီ ဆောင်ရွက်နေတယ်။ ဒါပေမယ့် ဒီဟာတွေမှာ အားသာချက်တွေ ရှိမယ်။ အားနည်းချက်တွေ ရှိမယ်။ တဖြည်းဖြည်း တည်ဆောက်သွားကြမယ်။ တဖြည်းဖြည်းနဲ့ ချင်းတွေရဲ့ အနာဂတ်မှာ စည်းလုံးတဲ့၊ အင်အား ကောင်းတဲ့ တခုတည်းသောကောင်စီ ဖြစ်လာရေးကိုလည်း ကျွန်တော်တို့အားလုံးက ဝိုင်းပြီးတော့မှ ကြိုးပမ်း သွားဖို့အတွက် ချင်းလဲန်းကောင်စီကနေ ဆောင်ရွက်ပါတယ်။ အဲ့လိုမျိုး ဆောင်ရွက်တဲ့နေရာမှာ ပူးပေါင်း ပါဝင်နိုင်တဲ့ပုဂ္ဂိုလ်တွေကို ပါဝင်လာနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

မေး။ ။ ချင်းလဲန်းကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည်အစိုးရတပ်အနေနဲ့ သိမ်းပိုက်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုပြီးပြောထားပါတယ်။ တဖက်မှာ လည်း အချင်းချင်းကြား ပွတ်တိုက်မှုတွေက ရှိနေတော့လေ ရှေ့ဆက်စခန်းသိမ်းဖို့အတွက် ဘယ်လိုအဟန့် အတားတွေ ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ပထမရည်ရွယ်က အကြမ်းဖက်စစ်ကောင်စီ တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ ညှိညှိနှိုင်းနှိုင်းနဲ့ တိုက်ထုတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အဟန့်အတားဖြစ်သလားဆိုတော့ အဟန့်အတား ဖြစ်အောင် မလုပ်ဖို့တော့ လိုပါတယ်။ ဥပမာ မတူပီကိစ္စလိုမျိုးကို သင်ခန်းစာယူသင့်တယ်ပေါ့။ ဆက်ပြီး ချင်းပြည် ချင်းလဲန်းအတွင်းမှာ ကျန်ရှိတဲ့ စစ်ကောင်စီစခန်းတွေ သိမ်းပိုက်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ အဖွဲ့အစည်း တခုနဲ့တခုကြားမှာ အပြန်အလှန် အသိအမှတ်ပြုကြဖို့၊ ပြီးတော့ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြဖို့၊ ချင်းလဲန်း လွတ်မြောက်တဲ့နေရာမှာလည်း စစ်မှန်တဲ့ချင်းပြည် လွတ်မြောက်တဲ့အရာ ဖြစ်ဖို့လည်းလိုအပ်တာကိုး။

ကျွန်တော်တို့ တော်လှန်ရတဲ့ အနှစ်သာရကလည်း ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ အာဏာရှင်မှန်သမျှကို တော်လှန်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ချင်းပြည်လွတ်မြောက်တာဟာ စစ်မှန်တဲ့ လွတ်မြောက်ခြင်း ဖြစ်ဖို့အတွက်ကို ချင်းပြည်အတွင်းမှာ လက်နက်ကိုင်ပြီးတော့မှ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေးအဖွဲ့အသီးသီး အနေနဲ့လည်း ဒါတွေကိုသတိချပ်ပြီးတော့မှ ဆက်လက်ပြီး စစ်ကောင်စီကို တိုက်ထုတ်တဲ့နေရာမှာလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို အမြဲတမ်းတံခါးဖွင့်ထားပေးဖို့ ဒါလေးကိုတော့ နှစ်ဖက်စလုံးက နေပြီးတော့ လိုအပ်ပါလိမ့်မယ်။

KMG ပေးပို့သည်။