စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများပါ ရေဘေးသင့်ပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြသည်ဟု ကူညီပေးနေသူများက ပြောဆိုသည်။
စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများကိုပါ ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ခံ မဖူးပွင့်ဝေက “အဓိကကတော့ ခုနေလောလောလတ်လတ်မှာကြတော့ ရေသန့်တို့ နောက်ပြီးကြတော့ ဒီဓာတ်ဆားတို့ ဓာတ်ဆားကလည်း ဒါ မရှိမဖြစ်လိုအပ်တဲ့ အထဲမှာပါတယ်။ နောက်ပြီးကြတော့ ဒီကျနော်တို့ ဘက်မှာက လုပ်ငန်းကိုင်ငန်းတွေ တနေ့လုပ်တနေ့စားတွေဆိုတော့ လုပ်ငန်းကိုင်ငန်း ရေထဲမိုးထဲဆိုတော့ မသွားနိုင်တဲ့ အခါမျိုးမှာ စားနပ်ရိက္ခာပိုင်းကတော့ အဓိကလိုအပ်နေတဲ့ အပိုင်းပေါ့နော်” ဟု ပြောသည်။
ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းတွင် ဇူလိုင်လဆန်းပိုင်းကစတင်ပြီး ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးနှင့် မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများသာမက စစ်ရှောင်စခန်းများနှင့် အရှေ့ရပ်ရှိ ကျေးရွာများပါ ရေဘေးသင့်ခဲ့ပြီး ဒေသခံပြည်သူသောင်းချီ ရေဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရသည်ဟု အကူအညီပေးနေသူများက ပြောသည်။
လက်ရှိတွင် ရေဘေးသင့် ပြည်သူများသည် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲကြုံနေသည့်အပြင် နေရာထိုင်ခင်း အခက်အခဲများလည်း ကြုံတွေ့နေရသည့် မဖူးပွင့်ဝေက ဆက်ပြောသည်။
“နေရာတွေကတော့ ဒါတချို့ဆိုလိုရှိရင် ဈေးဆိုင်တွေပေါ့နော် ပေလမ်းဘေးတွေက မြင့်တဲ့ခါမှာ ပေလမ်း ဘေးတွေက ဈေးဆိုင်တွေမှာ ခိုကပ်ပြီးတော့ မနေတော့တဲ့ မရောင်းတော့တဲ့ ဈေးဆိုင်တွေမှာ ခိုကပ်ပြီးတော့ နေကြတယ်။ နောက်ကြတော့ တချို့တွေ ဆိုလို့ရှိရင်တော့ နီးစပ်ရာ ဆွေမျိုးလေးတွေပေါ့၊ လွတ်မယ့်နေရာတွေကို နေကြတယ်။ တချို့တော့လည်း ဟိုနေရာ မလုံလောက်တဲ့အခါမျိုးမှာ ဒီတိုင်းပဲ ဖျာလေးခင်းပြီးတော့ လွတ်တဲ့ နေရာလေးမှာ နေရတဲ့ဟာတွေလည်း အများကြီးပဲရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။
ဒေသခံပြည်သူများသည် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ကိုပါ ကြုံတွေ့ခံစားနေရသောကြောင့် လိုအပ်ချက် များစွာ ရှိနေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် အလှူရှင်များက ကူညီထောက်ပံ့ပေးရန် မဖူးပွင့်ဝေက တောင်းဆိုသည်။
လက်ရှိတွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တဖြည်းဖြည်း ပြန်ကျလာနေပြီဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်များအရ ဧရာဝတီ၊ ချင်းတွင်းနှင့် ဒုဌဝတီမြစ်ရေများ မြင့်တက်လာမှုကြောင့် ဇူလိုင်လဆန်းပိုင်းကတည်းက မြို့ပေါင်း ၂၀ ကျော်သည် စိုးရိမ်ရေမှတ်တွင် ရှိနေခဲ့ကြောင်း ထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။