ကျောက်ဖြူ၊ မဒေးကျွန်းမှရဲတပ်သားတစ်ဦး လက်နက်တိုက်ဖောက်ပြီး ရှိသမျှလက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေး

By MPM 19 ဇူလိုင်, 2024 👁

တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူ မဒေးကျွန်းရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် လက်နက်တိုက်ဖောက်ထွင်းပြီး ရှိသမျှလက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လက်နက်တိုက် ဖောက်ယူသွားသည့် ရဲတပ်သားအား စစ်ကောင်စီတပ်က အပူတပြင်းလိုက်လံ ရှာဖွေနေပြီး ဇူလိုင်လ ၁၈ ရက်၊ မွန်းလွဲပိုင်း၌ ကျောက်ဖြူမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ခန့်ပါ မဒေးကျွန်းသို့ ထွက်ခွာသွားကြောင်း ကျောက်ဖြူမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်နက်တိုက်ဖောက်ယူထွက်ပြေးသူမှာ ရဲတပ်သားကျော်နုဆိုသူဖြစ်ပြီး ဇူလိုင် ၁၇ ရက် မနက်အစောကြီး ကင်းစောင့်တာဝန်ကျနေစဥ် လက်နက်တိုက်ကို ဖောက်ယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း အဆိုပါ ကျောက်ဖြူမြို့ခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“ထွက်ပြေးသွားတာက တပ်သားကျော်နု၊ ရဲတွေကိုင်တဲ့ G-3 အမျိုးစားသေနတ်တွေနဲ့ G-4 အမျိုးအစား သေနတ်နဲ့ အားလုံး သေနတ် (၁၀) လက် ပါသွားတယ်။ ကျည်ဆံလည်း သုံးထောင်ကျော်လောက် ပါသွားတယ်။ ကျည်ကပ်တွေနဲ့ လက်ပစ်ဗုံးတွေလည်း ပါသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

တပ်သားကျော်နုနှင့်အတူ G-3 အမျိုးအစား သေနတ် ၈ လက်၊ G-4 ၁ လက်၊ MA 94 ၁ လက်နှင့် ကျည်ဆန် ၃,၀၀၀ ကျော်၊ လက်ပစ်ဗုံး ၂ လုံးတို့ပါသွားပြီးနောက် မဒေးကျွန်းရဲစခန်းတွင် အရာရှိများကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ် နှစ်လက်သာ ကျန်ခဲ့သည်ဟု ရဲစခန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောပါသည်။

“စခန်းမှာ ဒုရဲအုပ်တွေ၊ အရာရှိတွေကိုင်တဲ့ ခြောက်လုံးပြူးနှစ်လက်ပဲ ကျန်ခဲ့တယ်လို့ သိရတယ်။ ဘယ်လိုယူဆောင်သွားတယ်ဆိုတာတော့ လမ်းကြောင်းကို ပြောလို့မရဘူး။ တဖက်အဖွဲ့အစည်းနဲ့ အချိန်းအချက်လုပ်ပြီး ယူဆောင်သွားတာလည်း ဖြစ်နိုင်တာပါပဲ” ဟု ၎င်းက ဆိုသည်။

လက်နက်ခဲယမ်း အ​မြောက်အများနှင့် ထွက်ပြေးသွားသည့် ရဲတပ်သားသည် အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်ရန် ထွက်ပြေးခြင်းဖြစ်ကြောင်းလည်း ဒေသခံများကြား ထင်ကြေးပေးပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။