ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့က ယဥ်ကျေးမှုပြတိုက်ထဲရှိ ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပစ္စည်းများကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းထားသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင် ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ယဥ်ကျေးမှုဆိုင်ရာအမွေအနှစ်ပစ္စည်းများဖြစ်သည့် ရိုးရာအသုံးအဆောင်၊ ရိုးရာတူရိယာ၊ ရိုးရာလက်နက်ကိရိယာ၊ ရိုးရာ အဆင်တန်ဆာပစ္စည်း၊ ဖားစည် စသော ပစ္စည်းများကို လုံခြုံသည့်နေရာကို ပြောင်းရွေ့ပြီး ထိန်းသိမ်းထားကြောင်း IEC က ဖော်ပြထားသည်။
လွိုင်ကော်မြို့တွင် ဖြစ်ပွားလျက်ရှိသည့် “တစ်လေးလုံးစစ်ဆင်ရေး” အတွင်း ပဋိပက္ခတိုက်ပွဲများကြား ပျောက်ပျက်ဆုံးရှုံး ရမည့်အရေးနှင့် ကြုံတွေ့လာသည့်အတွက် ပြောင်းရွေ့လိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ယဥ်ကျေးမှုဆိုင်ရာ အမွေအနှစ်ပစ္စည်းသည် လူသားတိုင်း မျိုးနွယ်စုတိုင်း၏ ဖြစ်တည်မှုသွင်ပြင်ကို ဖော်ပြသည့် အတွက် ထိန်းသိမ်းရန်လိုအပ်ကြောင်း ယဥ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
“The heritage convention ဆိုပြီးတော့ ရှိတယ်ပေါ့နော။ အဲဒီတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မယ်ဆိုရင် မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ ဥပမာ church တို့ ဘုရားကျောင်းတွေ အဲဒီလိုမျိုးတွေဆိုရင် အဲဒီနေရာကို လက်နက်ကင်းမဲ့ဇုန်အဖြစ် နှစ်ဦးနှစ်ဖက်လုံးက သတ်မှတ်ရတယ်။ နောက်တစ်ခါကတော့ ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ စနစ်တကျ ရွေ့ပြောင်းပြီးတော့ ထိန်းသိမ်းထားရမယ်” ဟု ၎င်းက ပြောသည်
အဆိုပါဒေသခံက ဆက်လက်ပြီး “အဲဒီ သဘောတူညီချက်ကို မြန်မာနိုင်ငံက ဟိုးအစောကြီးကတည်းက ၁၉၅၆ ကတည်းက သဘောတူညီလက်မှတ် ရေးထိုးထားပြီးသား ဖြစ်တယ်။ ဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က လက်မှတ်ရေးထိုးထားတယ်ဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာနေတဲ့ တိုင်းရင်းသားတိုင်း လူမျိုးတိုင်းက ဒီဟာကို လိုက်နာဖို့ တာဝန်ရှိတယ်” ဟု ပြောဆိုသည်။
သမိုင်းအစဥ်အဆက် ကရင်နီနယ်များကို အုပ်ချုပ်ခဲ့ကြသော စော်ဘွားများနှင့် ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြသည့် မိမိတို့ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှု ပစ္စည်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန် ကရင်နီလူမျိုးစု၊ မျိုးနွယ်စု၊ ကရင်နီပြည် ပြည်သူပြည်သားများ အားလုံးတွင် အပြည့်အဝတာဝန်ရှိသည်ဟု IEC က ပြောသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့သော “တစ်လေးလုံးစစ်ဆင်ရေး” အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ပြည်သူအိုးအိမ်၊ ပြည်သူပိုင် အဆောက်အအုံနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးသွားသည့်အပြင် ပစ္စည်းဖောက်ထွင်း ခိုးယူခံရမှု များလည်း ရှိခဲ့သည်ဟု IEC က ဆိုထားသည်။
လက်ရှိတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်၊ နေရာအများစုကို စစ်ကောင်စီက သန့်ရှင်းရေးလုပ်နေမှုများရှိပြီး ယဥ်ကျေးမှုပြတိုက်နေရာကိုလည်း ရှင်းလင်းရေးများ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီဘက်က ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။