ကရင်နီစာသင်ကျောင်းတွင် ဗုံးခိုကျင်း ထည့်သွင်းဆောက်လုပ်ပေးထားလာ

0
152

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့အနောက်ဘက် စစ်ရှောင်စခန်းတစ်ခုရှိ ကျောင်းဆောင်သစ်များတွင် ကျောင်းသားများအား လုံခြုံမှုရှိစေပြီး မိဘများ၏ စိတ်ချမှုရှိရန် ဗုံးခိုကျင်းကိုပါ ထည့်သွင်းဆောက်ထားသည်ဟု ကျောင်းသားမိဘများက ပြောသည်။

စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် စာသင်ဆောင်များတွင် ဗုံးခိုကျင်း များကိုပါ ထည့်သွင်းဆောက်လုပ်ထားခြင်း ဖြစ်သည်ဟု ကရင်နီ စစ်ဘေးရှောင်များမိဘနှင့် ကျောင်းတာဝန်ရှိသူများက ပြောသည်။

စစ်ရှောင်ကျောင်းသားမိဘတစ်ဦးက “ကိုယ့်အနီးအနားမှာရှိတဲ့ကျောင်းမှာ ထားလိုက်ရတော့ အများကြီး ပိုလုံခြုံသွားတာပေါ့။ အရေးနဲ့အကြောင်းဆို ကိုယ့်ကလေးကို သွားပြေးခေါ်လို့လည်း ရတယ်။ ပြီးကျောင်းမှာ ဗုံးခိုကျင်းတွေလည်း လုပ်ထားပေးတဲ့အတွက်ကြောင့် ကလေးတွေအတွက် အရမ်းအဆင်ပြေတယ်ပေါ့လေနော်။ အဲ့ဒါကြောင့်မို့ ပိုပြီးတော့မှ စိတ်ချလက်ချနဲ့ ကလေးကို ကျောင်းထားနိုင်သွားတာပေါ့” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်ကလေးများအား စာသင်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်သော်လည်း ယခု စာသင်နှစ်မှသာ စာသင်ကျောင်းဆောင်ကို ကိုယ်ထူကိုယ်ထဆောက်လုပ်နိုင်ခဲ့ပြီး စာသင်ဆောင်များတွင် ဗုံးခိုကျင်းကိုပါ ထည့်သွင်းဆောက်လုပ်ထားသည်ဟု ကျောင်းသားမိဘများက ပြောသည်။

စာသင်နှစ် ၃ နှစ် ပြီးဆုံးသည်ထိ စာသင်ဆောင်ဟူ၍ သီးသန့်မရှိဘဲ ယခုနှစ်တွင် ကျောင်းတာဝန်ခံ၏ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်၊ ဓမ္မအမှုတော်ဆောင်များထံမှ အကူအညီတောင်းခံပြီး ရရှိသည့်အလှူငွေများ၊ အကူအညီများဖြင့် ကျောင်းဆောင်အား ဆောက်လုပ်နိုင်ခဲ့သည်ဟု ကျောင်းတာဝန်ခံက ပြောသည်။

အဆိုပါ ကျောင်းဆောင်သစ်ထဲတွင် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများပါ ထည့်သွင်းပြုလုပ်ထားသည်ဟု ဆိုသည်။

စာသင်ဆောင် မဆောက်နိုင်သေးခင်က ယခင်ဈေးတန်းနေရာကို စာသင်ခန်း ပုံစံပြုလုပ်ပြီး သင်ကြားခဲ့ရာ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ကျောင်းတာဝန်ခံက ပြောဆိုသည်။

“ပြီးခဲ့တဲ့ စာသင်နှစ် ၃ နှစ် အတောအတွင်းမှာ ကျမတို့က ဈေးထဲမှာသင်ကြားရတာ ဖြစ်တယ်။ အဲ့မှာ ဈေးတန်း ထဲမှာပဲ ကျမတို့ အဲ့မှာပဲ အဲ့လိုပဲ သင်ကြားတယ်ပေါ့။ သူများ ဈေးတန်းထဲမှာ အလွယ်တကူ ဆောက်ထားတဲ့ ဈေးတန်းထဲမှာပဲ ကျမတို့ တစ်ခန်းတစ်ခန်းလုပ်ပြီးမှ သင်ကြားသွားတယ်ပေါ့နော်။ ဈေးထဲမှာ နေတဲ့အခါမှာဆို အမြဲတမ်း ဈေးကော်မတီက တမျိုးပြောလိုက်၊ ရွာခံက တမျိုးပြောလိုက်နဲ့ အဲ့လိုမျိုး စိတ်ဖိစီးမှုအမျိုးမျိုး ရင်ဆိုင်နေရတယ်ပေါ့နော်” ဟု အဆိုပါကျောင်းတာဝန်ခံက ပြောသည်။

စစ်ရှောင်စခန်းထဲတွင် စာသင်ဆောင်ရှိလာတဲ့အတွက် မိဘများအနေဖြင့် ကလေးများအတွက် ကျောင်းထား ရာတွင် ပိုမိုပြီးစိတ်ချမှု ရှိလာသည်ဟု စစ်ရှောင် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“စာသင်ကျောင်း မရှိဘူးဆိုတော့ တော်တော် စိတ်ပျက်သွားတယ်။ ဒါပေမဲ့ ကိုယ်လည်း စစ်ရှောင်နေရတာဆိုတော့ ဒီကျောင်းဖွင့်တဲ့ အချိန်မှာရောက်လာတော့ ဒီကဆရာမတစ်ဦးက စစ်ရှောင်အတွက်ဆို ကျောင်းဆောင်လုပ်ဖို့ အလှူခံလိုက်တော့ ကျောင်းဆောင်တစ်ခု ဖြစ်လာတယ်ပေါ့နော။ အဲ့ဒီအပေါ်မှာ ဝေးဝေးလံလံ သွားစရာလည်း မလိုဘူး။ ဆရာ၊ဆရာမလည်း ငှားစရာ မလိုတော့ဘူးဆိုတော့ စစ်ရှောင်တဲ့အချိန်မှာ ဝင်ငွေကလည်း မရှိတော့လေး အဲ့လိုငှားဖို့က အရမ်းခက်ခဲသွားတယ်” ဟု ၎င်းက ဆိုသည်။

ထိုစစ်ရှောင်စာသင်ကျောင်းတွင် ကျောင်းသား ၈၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ ၉ ဦး ရှိကြောင်းနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဘက်မှ ယခင်နှစ်က ဆရာမ ၄ ဦးအား ၄ သိန်းခွဲ တကြိမ်၊ ၂ သိန်းတကြိမ် ပံ့ပိုးမှုရှိခဲ့ပြီး ယခုနှစ် စာသင်ကျောင်းဆောင်အတွက် ၁၈ ပေပတ်လည် မိုးကာ ၃ ထည်ကို ကူညီပေးခဲ့သည်ဟု ကျောင်းတာဝန်ခံက ပြောသည်။

ဆရာ၊ ဆရာမများကို အပြင်မှငှားရမ်းရသောကြောင့် ထောက်ပံ့ကြေး လိုအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ စားပွဲ၊ ထိုင်ခုံများနှင့် မူကြိုနေအရွယ် ကလေးများအတွက် ကစားစရာများလည်း လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here