စစ်ရေးပဋိပက္ခနယ်မြေက ပြည်သူများအတွက် အကူအညီများပေးရန် နိုင်ငံတကာကို NUG တောင်းဆို

0
109
ပုံစာ - စစ်ရေးပဋိပက္ခဖြစ်ပွားရာနယ်မြေတခုတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။

စစ်ရေးပဋိပက္ခနယ်မြေက ဒေသခံပြည်သူလူထုအတွက် လိုအပ်နေသည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို ကူညီပံ့ပိုးပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ဇူလိုင် ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထိုသို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့တတွေရဲ့ ထိန်းချုပ်မှုဒေသတွေ ပိုမိုကျယ်ပြန့်လာသလို စောင့်ရှောက်မှုတွေလည်း ပိုပေးနေရတယ် ဆိုတာ နိုင်ငံတကာကရော ကမ္ဘာကိုရော အိမ်နားနီးချင်းတွေကိုရော သိစေလိုပါတယ်။ ဒါ့ကြောင့် ဒီ စောင့်ရှောက် မှုပေးနေတဲ့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီ NUG ကျန်းမာရေးဌာနတို့ကို အကူအညီပေးဖို့ လိုပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

တော်လှန်ရေး ၃ နှစ်ကျော် ကာလအတွင်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် နယ်မြေ ပိုမိုကျယ်ပြန့်လာပြီး ယင်းနယ်မြေများရှိ ပြည်သူများအတွက် လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်နိုင်ရန် နိုင်ငံတကာ၏ အကူအညီကို လိုအပ်သည်ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီဘက်က ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ခြင်းမရှိပေ။

စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုကို ရရှိရန်လိုသည်ဟု NUG က ပြောဆိုခြင်းဖြစ်သည်။

သို့သော်လည်း ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို တောင်းဆိုရာမှာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ တုန့်ပြန်မှုအခြေအနေကို ဒေါက်တာဇော်ဝေစိုးက ယခုကဲ့သို့ ပြောသည်။

“ကာကွယ်ဆေးကိုရဖို့အတွက် ကျနော်တို့ ကြိုးစားပြီးတော့ ဆွေးနွေးတာ အကြိမ်ပေါင်းများစွာ ဆွေးနွေးတာ တော်ရုံတန်ရုံမဟုတ်ဘူး လူကိုယ်တိုင်လည်းတွေ့ပြီးတော့ ဆွေးနွေးတယ်။ အွန်လိုင်းနဲ့လည်း ဆွေးနွေးတယ်။ ဒီကာကွယ်ဆေးကို အဓိကကိုင်တွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးတာပါ မရဘူး။ မရတဲ့အတွက် ကျနော်တို့က ကိုယ့်အားကိုယ်ကိုးပြီး ပြည်သူမှပြည်သူသို့ ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ရဲ့ ကိုယ့်မှာရှိ တဲ့ အခုနကရတဲ့ ရန်ပုံငွေနဲ့ ကျနော်တို့ဝယ်ပြီးတော့ ကာကွယ်ဆေး ထိုးရတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

NUG မှ ရရှိနေသည့် ရန်ပုံငွေများမှ ကျန်းမာရေးကဏ္ဍအတွက် တစ်နိုင်ငံလုံး အတိုင်းတာအနေဖြင့် လစဉ် ဒေါ်လာ တစ်သိန်းခွဲ ရရှိနေပြီး ပုံမှန်ကူညီမှုပေးနေသည့် အဖွဲ့အစည်းများ ရှိသော်လည်း မြေပြင်တွင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေသေးသည်ဟု ဒေါက်တာဇော်ဝေစိုးက ဆက်ပြောသည်။

NUG ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ရရှိလာသည့်ငွေများကို ခွဲဝေသုံးစွဲနေရသော်လည်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများသည် ယခင်ကထက် ပိုပြီးလိုအပ်နေသည့်အတွက် နိုင်ငံတကာက ထောက်ပံ့ကူညီပေးရန် NUG က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here