ကော့ကရိတ်ဒေသခံ ကလေးငယ် ၂ ဦး စစ်လက်နက်အကြွင်းအကျန် ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား

0
135
Photo - CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် ဇူလိုင် ၁၃ ရက်နေ့က ကလေးငယ် ၂ ဦးသည် မပေါက်ကွဲသေးဘဲ မြေတွင်ကျန်ရှိနေသော လက်နက်ကြီးအပိုင်းအစအား ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

ယင်းနေ့မနက်ပိုင်းက တစ်ရပ်ကွက်တည်းအတူနေထိုင်သည့် အသက် ၁၁ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်ထားသော စစ်လက်နက်အကြွင်းအကျန် လက်နက်ကြီးအပိုင်းအစအား ထိကိုင်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၎င်းတို့၏ ဝမ်းဗိုက်၊ ရင်ဘတ်၊ ခြေ၊ လက်နှင့် ဦးခေါင်းတို့တွင် ကျည်စထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။

ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက “လက်နက်ကြီးကျတဲ့ အကြွင်းအကျန်ကို သွားကိုင်ဆော့လို့ဖြစ်တာ။ ဘယ်နေ့ကတည်းက ကျနေတဲ့ဟာလဲတော့ မသိဘူး။ မပေါက်ကွဲသေးတဲ့ဟာတွေ ရှိနေသေးတယ်လို့ သုံးသပ်လို့ရတယ်။ နောင်ဖြစ်မယ့်မျိုးဆက်သစ် ကလေးတွေအတွက် စိုးရိမ်ရတယ်ဗျ” ၎င်းက ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ် ၂ ဦးကို ဖားအံမြို့ တောင်ကလေးဆေးရုံသို့ ပို့ဆောင်ကုသမှု ပေးထားပြီး မြို့အတွင်း ကျန်ရှိနေမည့် စစ်လက်နက် အကြွင်းအကျန်များအားလည်း ရှင်းလင်းပေးမည့်သူ မရှိကြောင်း နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“မကွဲတဲ့အလုံးတွေကို သွားဆော့ရင်းနဲ့ဖြစ်တာ။ အဲဒီအလုံးတွေကို ရှင်းပေးမယ့်သူ မရှိဘူးလေ။ လောလောဆယ် ကလေးတွေကိုတော့ ဖားအံ တောင်ကလေးဆေးရုံကို တင်ထားရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအထိ ကော့ကရိတ်မြို့ပြင်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နယ်မြေမတည်ငြိမ်သော်လည်း ဧပြီလပိုင်း ကတည်းက မြို့တွင်း ပြန်လည်စိုးမိုးထားသော စစ်ကောင်စီက ပြန်လည်ထူထောင်ရေး၊ ဌာနဆိုင်ရာများ ပြန်ဖွင့်ရေးကိုသာ အလေးပေး လုပ်ဆောင်ခဲ့သလို ကော့ကရိတ်စစ်ရှောင်များအား နေရပ်ပြန်ခေါ်ယူသဖြင့် မြို့တွင်း တစ်ဆထက်တစ်ဆ လူနေထိုင်မှု ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

သို့သော် အရပ်သားများလုံခြုံရေးအတွက် စစ်ကောင်စီက မြို့တွင်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်း ရှင်းလင်းရေး လုပ်ဆောင်ပေးမှု မရှိသဖြင့် ယခုလို ကလေးငယ်များ ထိခိုက်ဒဏ်ရာရမှုအပြင် ပြီးခဲ့သည့်မေလပိုင်းကလည်း နေရပ်ပြန်ဝင်လာသည့် စစ်ရှောင်အမျိုးသမီး ၁ ဦး နေအိမ်ခြံဝင်းအတွင်း မိုင်းထိ၍ ခြေထောက် ပြတ်ထွက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

လတ်တလောတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးများ မြို့ပေါ်ရပ်ကွက်အချို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာမှု များပြားလာသည့်အတွက် စားဝတ်နေရေး အခက်အခဲရှိသည့် မြို့ခံအချို့နှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတချို့မှအပ နေရပ်ပြန်လာသည့် စစ်ရှောင်အများစုမှာ မြို့မှ တကျော့ပြန် စွန့်ခွာနေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

Landmine & Cluster Munition Monitor ၏ ဒီဇင်ဘာလ၊ ၂၀၂၃ ခုနှစ်အတွက် မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်သေဆုံးသူ ၁,၃၀၀ ကျော်ရှိလာကြောင်း ဖော်ပြထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here