“ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်လို့တောင် မထင်ထားဘူး။ ခန္ဓာကိုယ်က အဝတ်အစားတွေကို ဆုတ်ဖြဲတယ်။ ပါသမျှငွေတွေကိုလည်း ယူတယ်။ အမျိုးသမီးတွေကိုကြတော့ ရှိသမျှကို နှိုက်လို့ယူတယ်။ ပြန်လွတ်မယ်လို့တောင် မထင်ထားခဲ့တာ” ဆော်လိမ်မိုလာ

0
210
ပုံစာ - ဆော်လိမ်မိုလာ

စစ်ကောင်စီက အစာရေစာမကျွေးဘဲ ၃ ရက်ကြာ ဖမ်းဆီးပိတ်လှောင်ခံရမှုမှ ပြန်လည်လွတ်မြောက်လာသူ ဆော်လိမ်မိုလာနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲကာလအတွင်း ခရုချောင်း (မွတ်ဆလင်) ကျေးရွာမှ ကလေးငယ်များ အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၅) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ခမရ (၃၅၃) တပ်ရင်းတွင် ချုပ်နှောင်ထားခဲ့သည်။

ခမရ (၃၅၃) ကို အာရက္ခတပ်တော်က မေလ ၁၄ ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က အစာရေစာ မကျွေးဘဲ ၃ ရက်ကြာ ဖမ်းဆီးပိတ်လှောင်ထားသော ခရုချောင်းကျေးရွာမှ မွတ်ဆလင် (၃၅) ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

ထိုသို့ ၃ ရက်ကြာ ဖမ်းဆီးပိတ်လှောင်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရုချောင်းကျေးရွာခံ ဆော်လိမ်မိုလာကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီဆီမှာ ဘယ်လိုဖမ်းဆီးခံခဲ့ရတာပါလဲ။

ဖြေ။ ။ ကျနော်တို့ကို စစ်ကောင်စီတပ်သားတွေက ရွာဗလီအနားမှာ ဖမ်းတာ။ ဖမ်းပြီးတော့ ခမရ (၃၅၃) တပ်ရင်းကို ခေါ်သွားတယ်။ အဲတပ်ရင်းထဲက အဆောင်တစ်ခုမှာ အဝတ်တွေကိုဆုတ်ဖြဲပြီး လက်ကို နောက်ပြန်ကြိုးတုပ်ပြီး မှောက်ခိုင်းထားတယ်။ ပြီးတော့ ကျနော်တို့ ခေါင်းတွေကိုကန်တယ်။ ရိုက်တာတွေ လုပ်တယ်။ ထမင်းလည်း မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ အဲဒီအထဲမှာ အားလုံး ၃၅ ယောက် ပါတယ်။ နှစ်ယောက်က လက်နက်ကြီးကျလို့ ဒဏ်ရာရတယ်။ ဆေးကုသတာတွေလည်း ဘာမှလုပ်မပေးဘူး။ အဲဒီလို ကျနော်တို့ ၃ ရက်နေခဲ့ရတယ်။

မေး။ ။ လက်နက်ကြီးကျလို့ ဒဏ်ရာရတယ်ဆိုတာက ဘယ်လိုဖြစ်သွားတာပါလဲ။

ဖြေ။ ။ လက်နက်ကြီးက အပေါ်ကနေကျလာပြီး ပေါက်ကွဲတာမှာ အစတွေစင်လို့ ကျနော်အပါအဝင် နောက်တစ်ယောက် ဒဏ်ရာရသွားတာ။

မေး။ ။ ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးတွေပါတယ်လို့ သိရတယ်။ အမျိုးသမီးတွေကို နှိပ်စက်တာတွေရှိလား။

ဖြေ။ ။ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေကို နှိပ်စက်တဲ့အတိုင်းပဲ နှိပ်စက်တယ်။ အလေးအပေါ့ သွားရင်တောင် သူတို့က နောက်ကလိုက်သွားကြတယ်။

မေး။ ။ ဖမ်းဆီးခံထားရတဲ့အချိန်မှာ ဘယ်လိုစိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ခဲ့လဲ။

ဖြေ။ ။ ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်လို့တောင် မထင်ထားဘူး။ ခန္ဓာကိုယ်က အဝတ်အစားတွေကို ဆုတ်ဖြဲတယ်။ ပါသမျှငွေတွေကိုလည်း ယူတယ်။ အမျိုးသမီးတွေကိုကြတော့ ရှိသမျှကို နှိုက်လို့ယူတယ်။ ပြန်လွတ်မယ်လို့တောင် မထင်ထားခဲ့တာ။

မေး။ ။ အဲဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်လာခဲ့တာပါလဲ။

ဖြေ။ ။ ကျနော်တို့ကိုဖမ်းထားတဲ့တပ်ရင်းကို အာရက္ခတပ်တော်က သိမ်းပြီးတော့ ကျနော်တို့ကို ကယ်ထုတ် လာတယ်။ ကယ်ထုတ်ပြီး ကျနော်တို့ကို အဝတ်အစားတွေ ပေးတယ်၊ ထမင်းကျွေးတယ်၊ မေးခွန်းတွေ မေးတယ်။ အဲဒီမှာ နှစ်ရက်ကြာတယ်။ ပြီးမှ ကျနော်တို့ကို မိသားစုတွေဆီ ပို့လိုက်တယ်။

မေး။ ။ ဖမ်းဆီးမခံရမီအချိန်က ကျေးရွာအတွင်းမှာ ကြုံခဲ့ရတဲ့အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ စစ်ကောင်စီက ရွာထဲကိုလာပြီးတော့ ပြည်သူ့စစ်သား ၄၀ လောက် ပေးရမယ်၊ မပေးရင် သတ်ပစ်မယ်၊ အိမ်တွေရော၊ ရွာရော အကုန်မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီလို အားနဲ့ခြိမ်းခြောက်လာတော့ ရွာထဲမှာ သက်ကြီးပိုင်းလောက်ပဲ နေခဲ့တယ်။ ကျနော်တို့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေက တောင်ပေါ်ကိုသွားပြီး လေးရက်လောက် ရှောင်နေခဲ့ရတယ်။

သူတို့တောင်းတဲ့ ပြည်သူစစ်သားတွေ မပေးတော့ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နေအိမ်တွေအထဲကို ဝင်ရှာတယ်။ သက်ကြီးပိုင်းတွေကို သားသမီးတွေဘယ်မှာလဲလို့ မေးတယ်။ သူတို့လိုချင်တာမရတော့ သက်ကြီးပိုင်း အမျိုးသားတွေကို ရိုက်နှက်တာတွေလုပ်တယ်။ နောက်ဆုံးမရတော့ အိမ်ကကြက်တွေ၊ မြင်သမျှ တွေ့သမျှ ပစ္စည်းတွေကို ယူသွားတယ်။

မေး။ ။ စစ်ကောင်စီက မွတ်ဆလင်တွေကို စစ်မှုထမ်းဖို့ ဘယ်လိုမျိုးစည်းရုံးခဲ့တာပါလဲ။

ဖြေ။ ။ စစ်ကောင်စီက ဘယ်လိုစည်းရုံးလဲဆိုတော့ နိုင်ငံသားကတ် (အနီကတ်) ထုတ်ပေးမယ်။ သွားချင်တဲ့ နေရာကို သွားလို့ရမယ်လို့ စည်းရုံးခဲ့တယ်။

မေး။ ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အခုအချိန်မှာသာ ဖမ်းဆီးရခဲ့ရင် သူတို့ရဲ့ အသားကိုတောင် ကိုက်စားပစ်လိုက်ချင်တယ်။ အဲလိုပဲ ပြောချင်တယ်။

မေး။ ။ ဖြည့်စွက်ပြီး ဘာများပြောချင်တာရှိလဲ။

ဖြေ။ ။ ကျနော်တို့ကို သေဘေးကနေ ကယ်တင်ခဲ့တဲ့အတွက် အာရက္ခတပ်တော်ကို အထူးပင်ကျေးဇူးတင် ပါတယ်။ ကျနော်တို့ကို ဆေးဝါးလည်း ကုသပေးတယ်။ ထမင်းတွေလည်း ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG)ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here