နေအိမ်မီးလောင်ခံရသည့် စစ်ဘေးဒဏ်သင့် ဂျိုင်းမြစ်ဒေသခံအချို့ အကူအညီတစုံတရာမရရှိကြသေး

0
116
ပုံစာ - ဂျိုင်းမြစ်ဝှမ်းဒေသမှ စစ်ဘေးရှောင်ပြည်သူတချို့။

စစ်ဘေးဒဏ်သင့် ဂျိုင်းမြစ်ဝှမ်းဒေသနှင့် ဆက်စပ်ကျေးရွာများမှ စစ်ဘေးရှောင်များကို အကူအညီထောက်ပံ့ရေး အစီအစဉ်ဖြင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအသီးသီးမှ ထောက်ပံ့ဆောင်ရွက်ပေးလျှက်ရှိသော်လည်း လက်ရှိအချိန်အထိ အကူအညီတစုံတရာ မရရှိသူတို့ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင် ကူညီထောက်ပံ့နေသူတို့နှင့် လက်လှမ်းဝေးခြင်း၊ သတင်းအချက်အလက်ရရှိမှု နှောင့်နှေးခြင်းနှင့် ယာယီတဲအိမ် ဆောက်ထားသူတို့ကိုသာ ကူညီထောက်ပံ့ခြင်း စသည့်ကန့်သတ်ချက်တို့ကြောင့် အကူအညီရရှိရန် ခက်ခဲနေသည်ဟု စစ်ဘေးဒဏ်သင့်ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့တွင် အဆိုပါစစ်ဘေးဒဏ်သင့်သူများကို ချောင်းဆုံမြို့နယ်ရှိ ဘုန်တော်ကြီးကျောင်း တွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၅၀,၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့သည့်အစီအစဉ် ပြုလုပ်ခဲ့သော်လည်း သတင်းရရှိမှု နှောင့်နှေးခြင်းကြောင့် အထောက်အပံ့ တစုံတရာမရရှိခဲ့ကြောင်း နေအိမ်မီးလောင်ခံရသည့် ဓမ္မသရွာခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကျမတို့က လာတယ်။ အဲ့မှာ စာရင်းတင်ထားတဲ့လူတွေမှ ပေးတယ်။ မတင်ထားတဲ့သူတွေကို မပေးဘူး။ အမတို့က ပြန်လာရတယ်ပေါ့။ ဟိုးမနက်ကတည်းက စောင့်နေတာ။ ကျမတို့ တောင်းပန်ပြီးပြောလည်း မပေးဘူးပေါ့။ စာရင်းဇယားနဲ့ရှိမှ ရမှာလို့ ပြောတယ်” ဟု ဓမ္မသရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကူညီထောက်ပံ့မှုကို ထိထိရောက်လုပ်ဆောင် ပေးစေလိုသည့်အပြင် နေအိမ်မီးလောင်ခံရပြီး ၃ လကျော် ကြာသည့်အထိ နေအိမ်မဆောက်နိုင်ခြင်းကြောင့် နေရာထိုင်ခင်းအပြင် စားဝတ်နေရေးအတွက်လည်း ခက်ခဲနေခြင်းကြောင့် အကူအညီလိုအပ်နေကြောင်းလည်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

“ကျမတို့က ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးထားရတော့ အရမ်းကို ခံစားနေရတာ၊ နေတိုင်းမျက်ရည်ကျနေရတာ။ အချို့ဆို ဒုက္ခရောက်တဲ့လူတွေကို ကူညီနေတာမဟုတ်ဘဲ တဲအိမ်ဆောက်နိုင်တဲ့လူတွေကိုသာ ကူညီနေသလို ဖြစ်နေတာ။ ပိုက်ဆံမရှိလို့ ဒီလောက်ခက်ခဲနေတာ၊ တဲအိမ်ပါ ဆောက်ခိုင်းမယ်ဆိုတော့ ကျမကတော့ မဆောက်နိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

နေအိမ်မဆောက်နိုင်သေးသည့် ဒေသခံအများစုသည် မော်လမြိုင်မြို့ပေါ်တွင် အိမ်ငှားနေထိုင်သူတို့ ရှိသကဲ့သို့ အခြားအဆင်ပြေသည့် နေအိမ်နှင့် စစ်ဘေးရှောင်နေရာတို့တွင်လည်း နေထိုင်သူတို့ ရှိနေဆဲ ဖြစ်သည်။

လက်ရှိအချိန်အထိ စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးခြင်း မရှိသည့်အပြင် အခြားအရပ်ဖက်အဖွဲ့မှ အကူအညီရရှိမှု နည်းပါးခြင်းကြောင့် ယာယီနေအိမ်ဆောက်လုပ်သူတို့ ဆယ်ဂဏန်းခန့်သာ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား မတ်လ ၂၄ ရက်နေ့မှ စ၍ တိုက်ပွဲပြင်းထန်ခဲ့သဖြင့် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဝှမ်းတလျှောက် အိမ်ခြေ ၄၁၆ လုံး မီးလောင် ပျက်စီးခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီရေးဆိုင်ရာအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here