ရေဖြူတွင် အိမ်စီးကားနှင့်လာသည့် စစ်ကောင်စီတပ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

0
152

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၇ ခြေမြန်တပ်ရင်းကနေ ထွက်လာသည့် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်က ခမရ ၄၀၇ တပ်ရင်းမှ ဟိုက်ဂျက်ကားနှင့် ထွက်လာသော စစ်ကောင်စီတပ်သားကို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နေရာမှာတင် ကားထိုးရပ်သွားပြီး ကားမောင်းလာသော စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး သေနတ် ၁ လက်နှင့် ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောက ပြောသည်။

ထိုဖြစ်စဉ်အတွင်း ကားပေါ်လာသော စစ်ကောင်စီတပ်သား၏ ဇနီး သို့မဟုတ် စစ်မေလို့ ယူဆရသည့် အမျိုးသမီး လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီး ကားကိုလည်း ဒီအတိုင်းထားခဲ့သည်ဟု ဆိုသည်။

ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အဖွဲ့များသည် အရပ်သုံး အိမ်စီးကားများကို အသုံးပြုသွားနေသည့်အတွက် မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက် ခံနေရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း ရေဖြူမြို့နယ် ခမရ ၄၀၇ တပ်ရင်းကနေ အိမ်စီးကားနှင့် ထွက်လာသော စစ်ကောင်စီဗိုလ်ကြီးတစ်ဦး အမှတ် (၈) ပြည်ထောင်စုလမ်းပေါ် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here