
ရှမ်းမြောက် နမ္မတူမြို့တွင် TNLA ဘက်က ဖမ်းဆီးသွားသည့် KIA တပ်ဖွဲ့ဝင်များ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်း၌ ပြန်လွတ်လာပြီဖြစ်သည်ဟု ဒေသဆိုင်ရာ KIO အရာရှိများထံက သိရသည်။
နမ္မတူမြို့ မောချယ်ရီတည်းခိုခန်းတွင်လာရောက်တည်းခိုသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးကို ဇူလိုင် ၁၀ ရက်နေ့ ည ၁၁ နာရီကျော်တွင် တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရပြီးနောက် မိုးမိတ်ဘက်က သက်ဆိုင်ရာ KIA အရာရှိများ ရောက်ရှိလာပြီး နှစ်ဖက်တပ်ဖွဲ့အကြား တွေ့ဆုံညိနှိုင်းခဲ့ရာ၌ ပြေလည်သွားတာကြောင့် ပြန်လွတ်ပေးလိုက်ပြီ ဖြစ်သည်ဟု နမ္မတူဒေသတာဝန်ခံ KIO အရာရှိတစ်ဦးက ယခုလိုပြောဆိုသည်။
“အားလုံး ၁၀ ယောက်ဖြစ်တယ်။ မနေ့ည ၁၁ နာရီကျော်မှာ ဖမ်းသွားတယ်။ ဖမ်းခံရချိန် တို့ဘက်က အရာရှိလည်း ပါတော့ သူတို့ကို ပြောတော့ပြောပေမဲ့ သူတို့မသိလို့ထင်တယ် KIA တပ်ဖွဲ့ဝင်တွေဟုတ်မှန်း သူတို့သိပ်မယုံလိုက် လို့ ထင်တယ် အခုဒီနေ့တော့ အချင်းချင်းသက်ဆိုင်ရာတွေ တွေ့ဆုံကြပြီး ၁ နာရီ ၂၁ မိနစ်မှာ ပြန်လွှတ်ပေးပြီ” ဟု အဆိုပါ KIO အရာရှိက ပြောသည်။
ဖမ်းဆီးခံရသည့် KIA တပ်ဖွဲ့ဝင်များသည် မိုးမိတ် KIA တပ်ရင်း ၁၄ က တပ်ဖွဲ့ဝင်များဖြစ်ပြီး သေနတ်တိုပါသည်ဆိုသော အကြောင်းပြချက်နဲ့ TNLA ဘက်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဖမ်းဆီခံရချိန် KIO၊KIA အရာရှိနှင့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သက်သေပြပြောဆိုတာရှိပေမယ့် TNLA ဘက်က မြို့တွင်းပုံမှန်စစ်ဆေးရေးလုပ်ဆောင်သည့် လုပ်ငန်းစဉ်တွင်း ဖမ်းဆီးမိလိုက်ခြင်းသာဖြစ်သည်ဟုသာ ပြောဆိုပြီး အချင်းချင်းပြေလည်သွားပြီဖြစ်ကြောင်း KIO အရာရှိဘက်က အခုလို ဆက်ပြောသည်။
“သူတို့လည်း ဒို့လူဖြစ်မှန်း သေချာသိပြီဆိုတော့ ဒို့ဆီကို ပြန်အပ်ပေးတယ်။ အချင်းချင်း ပြေလည်အောင် အဆင်ပြေအောင် ၊ အချင်းချင်းပြဿနာတွေ ထပ်မပွားအောင် ပြုလုပ်ကြတာဖြစ်တယ်။ TNLA ဘက်ကလည်း အမြဲတမ်း ပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းအတွင်း ဖမ်းဆီးမိလိုက်တယ်လို့ ပြောပါတယ်။ ည ည ဆို သူတို့လည်း အဲလို တည်းခိုခန်းတွေမှာ ပုံမှန်စစ်ဆေးတာတော့ ရှိတယ်ပြောတယ်” ဟု ၎င်းက ပြောပြသည်။
တဖက်တွင်လည်း ဒေသခံတချို့က နမ္မတူမြို့ထဲကို KIO/KIA တပ်ဖွဲ့ဝင်များပ အခွင့်မရှိဘဲ ဝင်လာတာကြောင့် TNLA ဘက်က ဖမ်းဆီးခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
နမ္မတူမြို့နှင့် မန်တုံဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ အချင်းချင်း နယ်မြေပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေသည့်အပေါ် နှစ်ဖက်တပ် အချင်းချင်းပြေလည်ရေး ညှိနှိုင်းပြောဆိုနေသည်ဟု နှစ်ဖက်တပ်ဖွဲ့က ပြောပါသည်။
KNG ပေးပို့သည်။