နှစ်ဖက်တပ်များကြောင့် ကော့ဗိန်းဒေသရှိ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူရာတွင်လုံခြုံမှုမရှိနေ

0
140
ပုံစာ - ကော့ဗိန်းဒေသရှိ စာသင်ကျောင်းတစ်ကျောင်း။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ကော့ဗိန်း၊ ကော့ပေါက်ရွာမှ အစိုးရစာသင်ကျောင်းများ၌ ပညာသင်ယူနေကြသည့် ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်၍ ပညာသင်ကြားနေရသော်လည်း လုံခြုံမှုရှိစွာ ပညာမသင်ယူနိုင်ကြကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ကော့ဘိန်းဒေသခံတစ်ဦးက “ဇွန်လကုန်ပိုင်းကပဲ ကျောင်းတွေဖွင့်ဖြစ်တယ်။ ကျောင်းဝတ်စုံနဲ့ မတက်ရဲဘူး။ ဒီကော့ဘိန်း ကော့ပေါက်နဲ့ ကော့ပလိုင်း ကလေးတွေ၊ ဆရာမတွေရောပဲ အရပ်ဝတ်နဲ့ သွားကြတယ်။ ၂ နာရီလောက်ဆို ကျောင်းလွှတ်ပြီ။ ရပ်ဝေးက ဆရာမတွေလည်း အကုန်မတက်ကြသေးဘူး။ ကျောင်းတက်တဲ့ ကလေးတွေကလည်း ၄၀၀ လောက်ပဲရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာယန္တယား မလည်ပတ်နိုင်ရန် ဒေသတွင်းတော်လှန်ရေးအဖွဲများက တားဆီးမှု လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီပညာရေးဌာနမှ လုံခြုံရေးအရ အရပ်ဝတ်ဖြင့်သာ ကျောင်းတက်ရန် ညွှန်ကြားထားသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအစွန်အဖျားရှိ စာသင်ကျောင်းနှင့် နီးသည့်နေရာတို့၌ တပ်စွဲထားရာတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လုံခြုံမှုရှိမနေကြောင်း ဒေသခံများက ပြောသည်။

အထက်ပါအခြေအများကြောင့် ကော့ဘိန်း၊ ကော့ပေါက်နှင့် ကော့ပလိုင်းကျေးရွာများမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် အရပ်အဝတ်ဖြင့်သာ ကျောင်းတက်နေရပြီး စာသင်ချိန်ကိုလည်း နံနက် ၉ နာရီနှင့် ညနေ ၂ နာရီ အတွင်းသာ သတ်မှတ်ထားသည်ဟု ကျောင်းသားမိဘတို့၏ ပြောဆိုမှုအရ သိရသည်။

အကယ်၍ ကျောင်းချိန်အတွင်း ပစ်ခတ်မှု တစုံတရာဖြစ်ပွားခဲ့ပါက ကျောင်းသားမိဘများ ကျောင်းသို့လာရောက် ခြင်း မပြုရန်နှင့် လုံခြုံသည့်အခြေအနေမှသာ ကျောင်းသားကျောင်းသူများကို လာရောက်ခေါ်ဆောင်ရန် ကျောင်း၏သက်ဆိုင်ရာတာဝန်ရှိသူမျာက ပြောဆိုထားသည်ဟု အထက်ပါကော့ဘိန်းဒေသခံက ဆက်ပြောပြသည်။

“အမှတ် ၆ အထက်တန်းကျောင်းနဲ့ အထက်ကျောင်းခွဲ ရပ်ကွက်ဘက်မှာက စစ်သားတွေ ရှိနေတယ်။ သူတို့တပ်စွဲ ထားတဲ့နေရာက ကျောင်းနဲ့နီးနေတယ်။ ဒီရက်ပိုင်းလည်း ပစ်ခတ်သံတွေက ခဏခဏ ကြားနေရ အဲ့လိုဖြစ်ရင် လည်း မိဘတွေကို ကလေးတွေကို ဖြစ်တဲ့အချိန်မှာ လာမခေါ်ဖို့တွေ မှာကြားထားတယ်။ လုံခြုံအောင် ထိန်းထား ပေးမယ်တဲ့၊ နောက်ပြီး ကလေးတွေကို နေသာတဲ့နေ့တွေဆို အပြင်ထွက်မကစားဖို့ သတိပေးထားရတယ်” ဟု ၎င်းက ပြောဆိုသည်။

မွန်- ကရင်အစပ် ဂျိုင်းမြစ်ဒေသတလျှောက်တွင် အထက်တန်းကျောင်းအပါဝင် အစိုးရစာသင်ကျောင်းပေါင်း ၃၀ ခန့် ရှိပြီး စာသင်ကျောင်းအားလုံး ဖွင့်လှစ်ထားသော်လည်း စာသင်နှစ် ဆုံးခန်းတိုင်သည်အထိ မသင်ကြားနိုင်မည် ကို ဒေသခံများက စိုးရိမ်လျှက်ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ ညပိုင်းက ကော့ဗိန်းကျေးရွာအတွင်း ဒရုန်းဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အဆိုပါဂျိုင်းမြစ်ဒေသတွင် နေရပ်ပြန်လာသည့် ဒေသခံများကို ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့က နှောက်ယှက်စော်ကားမှု ဆက်လက်ကျူးလွန်မှု ရှိနေဆဲဟုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here