စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ဒေသခံများထဲမှ ၄ ဦးကို သေဆုံးလျှက်ပြန်လည်တွေ့ရှိ

0
152
ပုံစာ - ဖမ်းဆီးခေါ်ဆောင်သူ ၄ ဦးကို သေဆုံးလျက်တွေ့ရှိ။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စုမှ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများထဲမှ အမျိုးသား ၄ ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဇာဒီရွာခံတို့၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်က လမ်းတလျှောက်တွင်ရှိသော ခေါင်ပြန်ရွာမှ ဒေသခံ အမျိုးသားနှင့်အမျိုးသမီး ၁၀ ဦးထက်မနည်းကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုဒေသခံများထဲမှ ၄ ဦးကို သေဆုံးလျက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် ခေါင်ပြန်ရွာရှိ ချောင်းတစ်နေရာ တွင် ၁ လောင်းနှင့် ဇူလိုင်လ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါချောင်းတွင်ပင် ၃ လောင်း ထပ်မံတွေ့ရှိခဲ့သည် ဟု သိရသည်။

ဇာဒီရွာခံတစ်ဦးက “ကျန်သေးတဲ့သူတွေက ပြန်မတွေ့ရသေးဘူး။ နဘုလယ်ဘက်မှာလည်း မတွေ့ဘူး။ တရုတ်ဆိုက် ရောက်နေလား မသိသေးဘူး၊ မနေ့က (ဇူလိုင် ၄ ရက်) နေ့လယ်ပိုင်းအချိန်မှာ အမျိုးသားအလောင်း ၃ လောင်း ထပ်တွေ့တယ်၊ တနေ့က (ဇူလိုင် ၃ ရက်) မှာလည်း တစ်ယောက်တွေ့တယ်၊ အသက် ၅၀ ကျော် အမျိုးသားတစ်ယောက်လည်းပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးလည်းရှိပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသားနှင့် အမျိုးသမီးဒေသခံတို့ ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် မိသားစုဝင်တို့ စိုးရိမ်လျှက်ရှိသည်ဟု ဇာဒီရွာခံက ဆက်ပြောသည်။

ယင်းအပြင် ယနေ့နံနက်ပိုင်းတွင် ဇာဒီရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က နေအိမ်အတွင်းရှိ အသက်ကြီးပိုင်း ရွာခံအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ် အသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က ဒေသခံအမျိုးသား အမျိုးသမီးမရွေး လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသည့်အပြင် အကြမ်းဖက်လုပ်ရပ်များကိုလည်း လုပ်ဆောင်နေခြင်းကြောင့် ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော် ဒေသခံတို့သည် တောတောင်ထဲနှင့် အခြားလုံခြုံသည့် နေရာများတွင် တိမ်းရှောင်နေကြကြောင်း သိရသည်။

“ရွာကနေအိမ်တွေက ပစ္စည်းတွေ ကားပေါ်တင်ဆောင်သွားတယ်။ အိမ်တွေကို လိုက်ဝင်တယ်။ ယောကျာ်းလေး တွေ ကျန်နေတာဆို ခေါ်သွားတယ်။ အခုက သူတို့စစ်ကြောင်းက ကံပေါက်က လာတာနဲ့ ရေဖြူကလာတဲ့ အဖွဲ့တွေ ပေါင်းကြတော့ နဘုလယ်ဘက်မှာ လှုပ်ရှားနေတာ။ ရွာခံတွေက ဘေးလွတ်ရာပေါ့ တိမ်းရှောင်ရတယ်” ဟု ဇာဒီကျေးရွာအုပ်စုမှ ရွာခံတစ်ဦးက ပြောသည်။

ကံပေါက်ဒေသမှလာသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ရေဖြူဘက်ကို ထိုးစစ်ဆင်လာသည့် အင်အား ၃၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းနှစ်ကြောင်းတို့သည် တော်လှန်ရေးတပ်ဖွဲ့များက ဆုတ်ခွာသွားပြီးနောက် လက်ရှိတွင် ရေနက်ဆိပ်ကမ်းနှင့် နဘုလယ်ဒေသဘက်တွင် ထိုးစစ်ဆင်နေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ဇွန်လကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်မှုကိုပါ ဆက်တိုက်လုပ်ဆောင်နေပြီး ထိုသို့လုပ်ဆောင်လာခြင်းက နဘုလယ်ဒေသနှင့် ရေနက်ဆိပ်ကမ်းကမ်းကို စိုးမိုးနိုင်ရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်တို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here