“တိရိစ္ဆာန်သေထားတဲ့အနံ့ကထွက် ရေကလည်း ဝပ်နေသေးတော့ တော်တော်လေး ဒုက္ခရောက်နေကြတယ်ဗျာ။ သက်ကြီးရွယ်အိုတွေ ကလေးတွေ၊ ခွဲစိတ်လူနာ တွေလည်း အများကြီး ရှိနေတယ်။ ရေကျသွားတဲ့ အိမ်တွေကလည်း နှုံးတွေပြည့်တော့ ဒီနှုန်းတွေကို ထုတ်လိုက်ဖို့ကလည်း မလွယ်ကြဘူး။ မီးကမလာနဲ့ဆိုတော့ အရမ်းခက်နေကြတယ်” မြို့ခံပရဟိတလူငယ်တစ်ဦး

0
297
ပုံစာ - ဇူလိုင်လ ၃ ရက်နေ့က ရေဝပ်နေသေးသည့် ရပ်ကွက်များဆီ သွားရောက်ကူညီလှူဒါန်းနေသော ချီဆောင်ခြင်းလူမူကူညီရေးအသင်း (Photo - ချီဆောင်ခြင်းလူမူကူညီရေးအသင်း)

ဧရာဝတီမြစ်ရေစံချိန်ကျော် မြင့်တက်ခဲ့သည့် မြစ်နားမြို့၏ ရေဘေးသင့် လက်ရှိအခြေနေများနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် မြို့ခံပရဟိတလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် ဇွန်လ ၃၀ ရက်နေ့က စပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော် မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါး ရေဘေးဒဏ်ကြုံခဲ့ရပြီး အနိမ့်ပိုင်း ရပ်ကွက်တချို့တွင် နေအိမ်အပေါ်ထပ်ထိပါ ရေနစ်မြှုပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အလားတူ ဝိုင်းမော်မြို့ရှိ စစ်ဘေးရှောင်စခန်းအတွင်းမှ စစ်ရှောင်ပြည်သူများလည်း စစ်ဘေးရှောင်စခန်းအတွင်း ဧရာဝတီမြစ်ရေဝင်လာတာကြောင့် လွတ်ကင်းရာ အမြင့်ပိုင်းနေရာတွေကို ထပ်မံရွှေ့ပြောင်းနေရသည်ဟု စစ်ရှောင်စခန်း တာဝန်ခံတို့က သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများက ပြီးခဲ့သည့် မတ်လအတွင်းနဲ့ မေလအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့သို့ တိမ်းရှောင်လာခဲ့သူများ ဖြစ်ကြပြီး ယခုအခါ ရေဘေးဒဏ်သင့်တာကြောင့် ထပ်မံပြောင်းရွေ့ရကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူတို့က ပြောသည်။

တဖက်တွင်လည်း ရေဘေးသင့်ခဲ့သည့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း အားလုံး ပြတ်တောက်နေသည့်အပြင် စက်သုံးဆီအခက်ခဲများကြောင့် ကူညီကယ်ဆယ်ရေး လုပ်ကိုင်ကြသူများ အခက်အခဲ ဖြစ်နေသည်ဟု ပြောဆိုကြသည်။ လက်ရှိမြစ်ကြီနားမြို့မှာ ကုန်စုံဆိုင်များလည်း ပိတ်ထားပြီး အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန် မြင့်တက်နေသည်။

မြစ်ကြီးနားမြို့တွင် ယခုနှစ်မိုးရာသီ ဧရာဝတီမြစ်ရေတက်ခဲ့သည့် စံချိန်က ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ က စံချိန်တင် ကြီးမြင့်ခဲ့သော ဧရာဝတီမြစ်ရေအမှတ် ၁၄၀၈ စင်တီမီတာအောက် ၂ စင်တီမီတာလောက်ပဲ လျော့နည်းခဲ့သည်ဟု ပြည်နယ်မိုးဇလက ပြောဆိုသည်။

ဒါ့ကြောင့် မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်အောက်ဘက်တစ်လျှောက်က မြို့တွေဖြစ်တဲ့ ဗန်းမော်၊ ရွှေကူ၊ ကသာ နဲ့ မြစ်စဥ်တလျှောက်မြို့တွေအားလုံးလည်း ၂၀၀၄ ကအတိုင်းရေဘေးအန္တရာယ်ကိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိချိန်တွင် ဧရာဝတီမြစ်ရေကျသွားပြီ ဖြစ်ပေမယ့် ရပ်ကွက်တချို့ ရေဝပ်နေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အခက်ကြုံနေရကြောင်း မြို့ခံများက ပြောဆိုသည်။

မြစ်ကြီးနားမြို့၏ လက်ရှိအခြေအနေ ရေဘေးသင့်ပြည်သူများနှင့် ကူညီကယ်ဆယ်ရေး လုပ်ကိုင်ကြသူတို့ ကြုံတွေနေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ရေဘေးကူညီကယ်ဆယ်ရေးမှာ ပါဝင်လုပ်ကိုင်ပေးနေသည့် မြို့ခံပရဟိတလူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်း၍ တင်ပြပေးလိုက်ပါသည်။

မေး။ ။ ရေဘေးကြုံရတဲ့ မြစ်ကြီးနားမြို့အခြေနေကို ပြောပြပေးပါဦး။

ဖြေ။ ။ မြစ်ကြီးနားမှာ အားလုံးသိတဲ့အတိုင်းပဲ ရေတော့ကျသွားပြီ။ ဒါပေမယ့် ကြက်ပေါင်ခြံ၊ အနောက် လယ်ကုန်း၊ ဇီးလွန်၊ မြင့်ငြိမ်းအေး ရပ်ကွက်တွေမှာ တော်တော်လေး ရေများနေသေးတယ်။ အဲမှာပြည်သူတွေ အများကြီး ဒုက္ခရောက်နေကြတယ်။ ကယ်ဆယ်ရေးလုပ်တဲ့သူတွေလည်း အဲဘက်ကို အများပိုင်း မရောက်ကြဘူး။

မေး။ ။ ပြည်သူတချို့ပိတ်မိနေသေးတယ်လို့ ပြောတာပါလား။

ဖြေ။ ။ ဟုတ်တယ်။ အနောက်လယ်ကုန်းနယ်မြေ ၁၄ မှာဆိုရင် တရပ်ကွက်လုံးနီးပါး ရေဝပ်နေသေးတယ်။ ရေက တချို့နေရာမှာဆိုရင် လူတရပ်ကျော် ရှိတယ်။ အဲဘက်ကို ကူညီတဲ့သူတွေ သိပ်မတွေ့ရဘူး။ ရမ်ပူရော အတူတူပဲ။ မြေနိမ့်တဲ့ဘက် ဇီးလွန်ရော လာကူညီသူတွေကို သိပ်မတွေ့ရဘူး။

အများပိုင်းက စီတာပူလိုရပ်ကွက် တွေမှာပဲ ကူနေကြတာတွေ့တယ်။ ပိုခက်ခဲနေသေးတဲ့သူတွေ အများကြီး ရှိနေသေးတယ်။ မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေက တော်ရုံတော့ ရေမခန်းလောက်ဘူး။ ပြည်သူတော်တော်များများ ပိတ်မိနေသေးတယ်။

မေး။ ။ အခုမြင်တွေ့ရတဲ့အတိုင်းဆိုရင် ရေဝပ်နေသေးတဲ့ရပ်ကွက်တွေမှာ ဘယ်လိုအခြေနေရှိပါလဲ။

ဖြေ။ ။ တော်တော် ဆိုးတယ်။ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေလည်း သေထားတော့ အနံ့တွေက ထွက်လာပြီ။ ဒါကို အမြန်မရှင်းလိုက်နိုင်ရင် နောက်ထပ် ၃ ရက်လောက်ဆိုရင်တော့ အဲက ပြည်သူတွေ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး ဖျားကြတော့မှာ ခုအတောင် ဖျားတဲ့သူတွေရှိနေပြီ။ ပြီးတော့ တချို့ဆို အိမ်အလုံးလိုက်ပါသွားတာ ၊ခြံစည်းရိုး တွေလည်း အားလုံးပါသွားတာ တော်တော်လေးများတယ်။

တိရိစ္ဆာန်သေထားတဲ့အနံ့ကထွက် ရေကလည်း ဝပ်နေသေးတော့ တော်တော်လေး ဒုက္ခရောက်နေကြတယ်ဗျာ။ သက်ကြီးရွယ်အိုတွေ ကလေးတွေ၊ ခွဲစိတ်လူနာ တွေလည်း အများကြီး ရှိနေတယ်။ ရေကျသွားတဲ့ အိမ်တွေကလည်း နှုံးတွေပြည့်တော့ ဒီနှုန်းတွေကို ထုတ်လိုက်ဖို့ကလည်း မလွယ်ကြဘူး။ မီးကမလာနဲ့ဆိုတော့ အရမ်းခက်နေကြတယ်။ ပြန်လည်ထူထောင်ရေးတော့ မလွယ်လောက်ဘူး။

မေး။ ။ ဘာလို့ ဒီရပ်ကွက်တွေမှာ ကယ်ဆယ်ရေး ထိထိရောက်ရောက် မလုပ်နိုင်တာလဲ။ ရေကြီးတဲ့နေ့ကလည်း ကြက်ပေါင်ခြံဘက်က ပိတ်မိနေသူ ပိုများတယ်ဆိုတာ သိရတယ်။ ဘာကြောင့် ဒီဘက်ကို မရောက်ကြတာလဲ။

ဖြေ။ ။ အများပိုင်းက စီတာပူရပ်ကွက်ကို Focus လုပ်ကြတယ်။ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ဇီးလွန်ဘက် တွေကြတော့ သိပ်မရောက်ကြဘူး။ ကျနော့်အထင်ပြောရရင် ရေကြီးတဲ့နေ့ဆိုလည်း အဲဘက်ရပ်ကွက်တွေက ရေစီးလည်း အရမ်းသန်တယ်။ တော်ရုံလှေနဲ့ သွားလို့မရဘူး မျှောသွားမှာ။ နောက်ပြီးတော့ လှေရှိလည်း ဆီမရှိတဲ့ ဒုက္ခတွေရှိတော့ ထိထိရောက်ရောက် မလုပ်နိုင်တာဟုတ်တယ်။ ပြီးရင် ရေကြီးတဲ့နေ့ကလည်း ကျနော်တို့ဆီကို အဝင်ခေါ် (ဖုန်းခေါ်ဆိုမှု) တာက နှစ်ထောင်လောက် ရှိတယ်။ ဒါပေမယ့်လည်း ဘာမှမလုပ်ပေးနိုင်ဘူး။ ကျနော်တို့အားနဲ့ လက်လှမ်းမှီသလောက်ပဲ လုပ်ပေးနိုင်တယ်။

မေး။ ။ အခုရော ကယ်ဆယ်ရေးလုပ်ဖို့ အဓိက ဘာတွေခက်ခဲနေကြတာပါလဲ။

ဖြေ။ ။ ရေကြီးတုန်းကလည်း ကျနော်တို့ဆီကို ဖုန်းအဝင်ခေါ်ထားတာ ၂ ထောင်လောက် ရှိတယ်။ဒါပေမယ့် ကျနော်တို့ဘက်က လှေမရှိတာနဲ့ စက်သုံးဆီ အခက်ခဲနဲ့ဆိုတော့ ကြက်ပေါင်ခြံ ရပ်ကွက်လိုဆို ရေစီးအရမ်း သန်တယ်။ ကျနော်တို့ အာ့လောက်ထိ မသွားနိုင်ခဲ့ဘူး။ ဒီနေရာတွေက အစိုးရကနေ အနီရောင်စီမံချက်နဲ့ကို လုပ်ရမယ့်နေရာ ဟုတ်တယ်။ ဒါပေမယ့် လုပ်သလား၊ မလုပ်ဘူးလားလည်း ကျနော်တို့ မမြင်ရဘူး။ အခု ရေကျ သွားပြီးနောက်ပိုင်းမှာလည်း အတူတူပဲ။ ခုနပြောတဲ့ ရပ်ကွက်တွေမှာ ကယ်ဆယ်ရေး အထူးလုပ်ပေးနေတာလည်း မတွေ့ရဘူး။

ပိုခက်တာက အခု လိုင်းမရ၊ မီးကမလာဘူးဆိုတော့ အဆက်သွယ်တွေပြတ်ပြီး ဘယ်နေရမှာ ဘာဖြစ်နေတယ် ဆိုတာ တိတိကျကျ မသိနိုင်ဘူးလေ။ နောက်တစ်ခုက ကုန်စျေးနှုန်းတွေက မတရားစျေးတင်ပြီး ရောင်းနေကြ တာ။ ကွေကာအုပ်တစ်ထုတ်ကို တစ်သောင်းခွဲ ပေးဝယ်နေရတယ်။ သိန်း ၂၀ ဆို ဘာမှဝယ်မရဘူး။ ပြီးတော့ စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲ။ ကျနော်တို့ ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေပါ လျော့ပေးကြပါ ဆိုလည်း မရဘူး။ ဒီလောက်စျေးနဲ့တော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီလို အစစအရာရာ ခက်နေတာ အရမ်းလည်း စိတ်ညစ်ရတယ် အရမ်းခက်တယ်။

မေး။ ။ အခုထိ ပိတ်မိနေသေးတဲ့ ပြည်သူတွေ အဓိက ဘာလိုအပ်နေလဲ။

ဖြေ။ ။ အရေးကြီးဆုံးကတော့ သေနေတဲ့ တိရိစ္ဆာန်အလောင်းတွေ အမြန်ရှင်းပေးဖို့ လိုတယ်ဗျ။ ပြီးတော့ အစားသောက်နဲ့ ဆေးဝါးတွေ လိုတယ်။ ဖျားတဲ့သူတွေလည်း ရှိနေတော့ ဆေးတွေလည်း လိုအပ်တယ်။ ပြီးရင် မီး နဲ့ ဖုန်းလိုင်း အမြန်ရဖို့ လိုနေတယ်ဗျ။

မေး။ ။ လက်ရှိ မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တွေ ဝယ်လို့မရဘူးလား။ ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ ရေစင်စျေးဘက်တော့ လမ်းမှာ တချို့ခင်းရောင်းတာရှိတယ်။ စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ကတော့ ပမ္မတီးဘက်တွေကို သွားဝယ်နေရတယ်။ မြို့ထဲမှာက ဆိုင်ကြီးတွေ အများပိုင်းလည်း ပိတ်ထားကြတာ။ ဖွင့်ထားတဲ့ ရပ်ကွက်ဆိုင်တွေဆိုလည်း စျေးနှန်းဆိုတာ သူတို့ပါးစပ်မှာပဲ ရှိတယ်။ ကြိုက်သလို ရောင်းနေကြတာ အာ့ကြောင့် ကျနော်တို့တောင် ပစ္စည်းတွေ ဝယ်ရခက်လွန်းလို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေရတယ်။

မေး။ ။ အခု မြစ်ကြီးနားတစ်မြို့လုံး ဖုန်းနဲ့ အင်တာနက်လိုင်းက ပြတ်တောက်နေတဲ့ အနေအထားပဲလား။

ဖြေ။ ။ လိုင်းသုံးရဖို့ ဖုန်းပြောရဖို့ ဖုန်းလိုင်းရတဲ့ နေရာအထိ သွားပြီးသုံးနေရတယ်။ Mytel တခုပဲ ရနေတယ်။ ကျန်တာ ဘာမရဘူး။ အာ့ကြောင့် ကျနော်တို့ ကယ်ဆယ်ရေးလုပ်တဲ့သူတွေ ပိုခက်နေတာ။

မေး။ ။ ကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘာထပ်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ဒါက သဘာဝဘေးအန္တရာယ်ဆိုတော့လေ ကြုံရမှာပဲ။ ဒါကို ကြည့်ပြီး နောက်ပိုင်းကျရင် ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ထားဖို့ လိုအပ်တယ်လို့ မြင်တယ်။ ပြီးတော့ ပြောချင်တာတခုက ခုလိုချိန်မှာ ဖုန်းလိုင်းတွေ မပိတ်ပေးပါနဲ့ ဖုန်းလိုင်းတွေရအောင် လုပ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

ဒီနေ့ထိ ရေဝပ်နေသေးတဲ့ ရပ်ကွက်တွေဟာ ဧရာဝတီမြစ်ကမ်းနံဘေး မြေနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ အနောက်လယ်ကုန်းနဲ့ ဇီးလွန်အဆိုးရွားဆုံးဖြစ်ပြီး ကယ်ဆယ်ရေး လက်လှမ်းမမှီတာကြောင့် ရေနစ်သေဆုံးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ နောက်ဆုံးက ရေဝပ်နေသေးတဲ့ ရပ်ကွက်တွေဘက်ကို စီမံချက်နဲ့ သေချာလေး ပြန်လည်ထူထောင်ရေး လုပ်ပေးစေချင်တယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here