ထားဝယ်၊ မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

0
16
Photo - YPPDF

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ၌ တပ်စွဲနေထိုင်နေသော စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အင်အား ၁၀၀ ဝန်းကျင်နှင့် မောင်မယ်ရှောင်ကျေးရွာတွင် ယာယီစခန်းချ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ဇွန် ၂၇ ရက်နှင့် ဇွန် ၂၈ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ နှစ်ရက်ဆက် အနီးကပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဖိုးချောက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ၌ တပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်မှာ ဇဟာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်နှင့် ကျောက်ကညှာ အခြေစိုက် အမှတ် ၃၀၄ အမြောက်တပ်က စစ်ကောင်စီတပ်သားများဖြစ်ပြီး ဇွန် ၂၈ ရက် ညပိုင်းကတည်းက ပြန်ထွက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ ပြောပြချက်အရ သိရသည်။

မောင်မယ်ရှောင်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုး ဝင်ရောက်မှုကို ၄ ကြိမ် ထက်မနည်း ကြုံတွေ့ခဲ့ရပြီး ဝင်ရောက်လာသည့်အခါတိုင်း နေအိမ်များက အသုံးအဆောင်များနှင့် တန်းဖိုးရှိ ပစ္စည်းများကို သိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုးဝင်ရောက်မှုနှင့်အတူ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မောင်မယ်ရှောင်ကျေးရွာက ဒေသခံများသည် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here