“ပန်းရောင်ကတ် လုပ်ပေးမယ်ဆိုလို့ ဝင်လာတာတွေ လက်ရှိမှာ ထပ်ပြီးတိုးပွားလာနိုင်သလို မူလအစကလည်း ပြည်တွင်းမှာ မငြိမ်သက်မှုတွေ စစ်ဘေးစစ်ဒဏ်တွေ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမစဲ တသဲသဲ ဆိုသလို ဖြစ်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖမ်းဆီးမှုနဲ့ ပြစ်မှုပြစ်ဒဏ်တွေကြောင့် ပြန်လည်ပို့ဆောင်မှုကတော့ ရှိနေတာပဲ” – ဦးအောင်ကျော် (ပြောခွင့်ရသူ- LRF/ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း )

0
20
Photo - Social Media

ထိုင်းနိုင်ငံအစိုးရက မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ပန်းရောင်ကတ်ထုတ်ပေးမည့် အခြေအနေနှင့် ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း / LRF ပြောခွင့်ရသူ ဦးအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းချက်။

ထိုင်းအစိုးရက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဒေသအခေါ် ဘတ်လို့ခေါ်သော ပန်းရောင်ကတ်ကို ပြုလုပ်ပေးမည်ဟု မကြာသေးခင် ရက်ပိုင်း အတွင်းက ကြေညာခဲ့သည်။

ထိုင်းတာဝန်ရှိသူများဘက်က ဘယ်နေ့ဘယ်ရက်မှာ စတင်စာရင်းသွင်း ပြုလုပ်နိုင်ပြီဟု တရားဝင်ထုတ်ပြန် ကြေညာခြင်းမျိုး မရှိသေးပေမယ့် ပန်းရောင်ကတ် လုပ်ပေးမည်ဆိုသည့်သတင်းက လက်ရှိ ထိုင်းပြည်တွင်းကို ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒ အကြပ်အတည်းများကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ချင်ကြသော မြန်မာနိုင်ငံသားများအကြား လှုပ်ခတ်မှု ဖြစ်သွားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင်း ပန်းရောင်ကတ်ထုတ်ပေးမည့် အခြေအနေက ဘယ်လိုရှိပါလဲ။ ထိုင်းရောက် MoU အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဘယ်လိုအခက်အခဲများနှင့် ရင်ဆိုင်နေကြရပါလဲ။ ထိုင်းအလုပ်ရှင်တချို့ရဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လိုအဖွဲ့အစည်းတွေက လိုက်လံကူညီပေးနေပါလဲ။

အထောက်အထားမပြည့်စုံသော မြန်မာလုပ်သားများအနေနှင့် လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း လုံခြုံရေး အသိ၊ သတိနှင့် ဘယ်လိုနေထိုင် လုပ်ကိုင်သင့်လဲဆိုတာနှင့် ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း / LRF ပြောခွင့်ရသူ ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ်ပြုလုပ်ပေးမယ်လို့ ကြေညာထားတာ ရှိပါတယ်။ အရင်ဦးဆုံးအနေနဲ့ အဲဒီအခြေအနေကို ရှင်းပြပေးပါဦး။

ဖြေ။ ။ ပြီးခဲ့တဲ့ ခြောက်ရက်နေ့ကပေါ့။ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနကို ကျွန်တော်တို့လည်း တိုက်ရိုက်သွားတွေ့ပြီးတော့ ထပ်မံတောင်းဆိုခဲ့တယ်။ လက်ရှိအခြေအနေက ထိုင်းနိုင်ငံထဲမှာ စာရွက်စာတမ်း ပြတ်တောက်တဲ့ ပုဂ္ဂိုလ်တွေရယ်၊ နောက် ပထမအကြိမ် သက်တမ်းတိုးတုန်းက မမီလိုက်တဲ့သူတွေရယ်၊ မြန်မာပြည်က စစ်ဘေးစစ်ဒဏ်ကြောင့် ရောက်ရှိနေတဲ့ အုပ်စုတွေလည်း ရှိနေတာဖြစ်တဲ့အတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် နောက်တကြိမ် ထိုင်းအစိုးရက နေထိုင်ခွင့်အလုပ်လုပ်ခွင့် လက်မှတ်တွေ ပြုလုပ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာကို Update အနေနဲ့ ထပ်တောင်းဆိုလိုက်တဲ့အခါ သူတို့က အဲဒီနေ့မှာပဲ ပြုလုပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို ကြေညာလိုက်ပါတယ်။ သို့သော် လုပ်ငန်းစဉ် လုပ်နိုင်ဖို့ အတွက် အသေးစိတ် အချက်အလက်တွေကို နောက်တစ်ကြိမ် ကြေညာပြီးမှ ထပ်မံထုတ်ပြန်မယ်လို့ ပြောတာကြောင့် အားလုံးက စောင့်မျှော်နေကြတဲ့ အနေအထားပါ။

မေး။ ။ အခုလို ပန်းရောင်ကတ်ပြုလုပ်မယ့် လုပ်ငန်းစဉ်က ပြီးခဲ့တဲ့နှစ်ကလိုပဲ ၁၅ ရက် အတွင်းမှာလား၊ ဘယ်လိုမျိုး ဖြစ်နိုင်လဲ။ လက်ရှိမှာရော မြန်မာရွှေ့ပြောင်းလုပ်သားတွေ လျှောက်ထားတာမျိုး ရှိနေပြီလား။ မနှစ်က ပန်းရောင်ကတ်ပြုလုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားစာရင်း ဘယ်လောက်ထိရှိပါလဲ။

ဖြေ။ ။ အရင်ကလို ဘယ်နှစ်ရက်ဆိုတာကို အခုအချိန်အထိ ကျွန်တော်တို့ မသိရှိသေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့အချက်မှာတော့ ဒီအလုပ်သမားတွေ ထိုင်းနိုင်ငံထဲမှာ အမှန်တကယ် အလုပ်သမား လိုအပ်ချက်က ဘယ်လောက်လဲ။ ပြုလုပ်ပေးမယ်ဆိုတဲ့ လူအရေအတွက်က ဘယ်လောက်လဲ။ အဲဒီ ဝန်ထမ်းဦးရေနဲ့ ညီမျှကိုက်ညီ ပြီးတော့ ရက်ပမာဏကို တောင်းဆိုချက်ထဲမှာပါတယ်။

ဒါတွေကတော့ ကျွန်တော် အခုအချိန်အထိ မသိရှိနိုင်သေးပါဘူး။ ဘာလို့ဆို သူတို့ဝန်ကြီးဌာနတွေ အားလုံးက စနစ်တကျ တိုင်ပင်ပြီး နေ့၊ ရက်ချိန်း၊ ပြုလုပ်ပုံနဲ့ ကုန်ကျစရိတ်တွေရယ်။ နောက်ဘယ်ရက်မှာ ထပ်မံပြုလုပ်ရမယ် ဆိုတာကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။

ပြီးခဲ့တဲ့အသုတ်မှာ လုပ်သွားတာကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၅ ရက်နေ့မှာ ခွင့်ပြုမိန့်လုပ်တာကတော့ လူဦးရေ ခြောက်သိန်း ရှစ်သောင်းလောက် ရှိပါတယ်။

မေး။ ။ ဒီလိုပန်းရောင်ကတ် ပြုလုပ်ပေးမယ်ဆိုတဲ့အတွက် အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာနိုင်လဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတော့ အထောက်အထားမရှိဘဲ ကျီးလန့်စာစားနေရတဲ့ ဘဝကနေ သူ့နိုင်ငံမှာ တရားဝင်နေထိုင်ခွင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတော့ လုပ်သားတွေအတွက် ကောင်းမွန်သော လက္ခဏာတရပ်လို့ ပြောလို့ရပါတယ်။ သို့သော် ဒီလုပ်ဆောင်မှုတွေ လုပ်တိုင်းမှာ မြန်မာပွဲစားတွေရဲ့ ပါဝင်ပတ်သက်မှုကြောင့် ကုန်ကျစရိတ် မြင့်တက်တာကတော့ စိန်ခေါ်မှု တရပ်အနေနဲ့ ဆက်လက်ရှိနေမှာပါ။ ဒါကတော့ ပြောရခက်တယ်ဗျ။

ပန်းရောင်ကတ် လုပ်ပေးမယ်ဆိုလို့ ဝင်လာတာတွေ လက်ရှိမှာ ထပ်ပြီးတိုးပွားလာနိုင်သလို မူလအစကလည်း ပြည်တွင်းမှာ မငြိမ်သက်မှုတွေ စစ်ဘေးစစ်ဒဏ်တွေ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမစဲ တသဲသဲ ဆိုသလို ဖြစ်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖမ်းဆီးမှုနဲ့ ပြစ်မှုပြစ်ဒဏ်တွေကြောင့် ပြန်လည်ပို့ဆောင်မှု ကတော့ ရှိနေတာပဲ။ ဒါတွေကြောင့် ကျွန်တော်တို့ တန်းစီပြီးမှ မအေးချမ်းမှု၊ စစ်မက်စစ်ဒဏ်ကြောင့် အိမ်နီးချင်း နိုင်ငံဆီ ဝင်ရောက်မှုကတော့ ဆက်လက်ကြီးထွားနေမှာပါ။

မေး။ ။ MoU မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်သမားအခွင့်အရေးပေါ့နော်၊ လစာမရတာတွေ အလုပ် မရတာတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေ ဆက်တိုက်တွေ့နေရတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါလဲ။ ဘယ်လို အကြံပြုချင်ပါလဲ။

ဖြေ။ ။ ဒါကတော့ အင်မတန် စိတ်မကောင်းစရာ အခြေအနေပါ။ MoU ဆိုတဲ့ သဘောတူညီချက် သဘာဝကိုက နှစ်နိုင်ငံအကြား တရား၀င် စာချုပ်တွေချုပ်ပြီးမှ အလုပ်သမားတွေ စေလွှတ်တာပါ။ အစောပိုင်းကာလမှာ တော်တော်လေး ထိုင်းနဲ့ မြန်မာ အလုပ်သမား ယှဉ်ထိုးမှုတွေ နောက် အလုပ်နေရာချမှုတွေက သင့်တင့် လျှောက်ပတ် ကောင်းမွန်တဲ့အနေအထား ရောက်ပြီးမှ မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီးကာစ သုံးနှစ် နောက်ပိုင်းမှာ ဆိုရင်တော့ ဆိုးဝါးတဲ့ အနေထားတရပ် ဖြစ်သွားတယ်။

ပြည်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်အောင် သက်ဆိုင်ရာစေလွှတ်တဲ့ နိုင်ငံဖြစ်တဲ့ အလုပ်သမား ဝန်ကြီးဌာနက မကြပ်မတ်နိုင်တာ၊ အဖိုးအခတွေလည်း သူတို့သတ်မှတ်ထားတာထက် မြောက်မြားစွာ ပေးရပြီးရင် ဒီကို ရောက်ရှိလာတဲ့သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ စာချုပ်အတိုင်းမလုပ်ဘဲ ထိုင်းနိုင်ငံကိုရောက်ရင် ပြီးရောဆိုပြီး လွှတ်လိုက်တယ်။ ဒီရောက်ရင် အလုပ်ထွက်စာတောင်းတယ်။ အလုပ်ထွက်စာ တောင်းပြီး ကိုယ့်ဘာသာကိုယ် အလုပ်ရှာတယ်ဆိုတဲ့ ပြဿနာတွေ ဒီသုံးနှစ်မှာ အများကြီး ကြုံရတယ်။

တရားဝင် အေဂျင်စီတွေ၊ ပွဲစားတွေ ထိန်းချုပ်ကွပ်ကဲတာတွေ သေချာမလုပ်တာကြောင့် အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းတဲ့နည်းစနစ်က ဟိုးအရင်ကဆိုရင် ကျွန်တော်တို့ အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်းရယ်၊ သက်ဆိုင်ရာ မြန်မာသံရုံးကို တိုက်ရိုက်ဆက်သွယ်တာလည်း ရှိတယ်။

ဒါမှမဟုတ်ရင်လည်း MoU ရဲ့ ရုံးကို တိုက်ရိုက်ဆက်သွယ်တာလည်း ရှိတယ်။ ပြီးရင် အဲဒီအဖွဲ့အစည်းတွေ အားလုံး ပေါင်းစပ်ပြီးမှ အလုပ်သမား အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းတယ်။ အောင်မြင်မှုတွေရရှိပြီး အလုပ်သမားတွေရဲ့စာချုပ်ပါ အခွင့်အရေးတွေ ရရှိပါတယ်။ အခုတော့ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နိုင်တာမျိုး မရှိဘူး။ သူတို့ရဲ့ပါဝင်ပတ်သက်မှုတွေ အရမ်းအားနည်းလာတဲ့အခါမှာ သံရုံးကလည်း အားပျော့သွားတဲ့ အတွက်ကြောင့် အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးသွားပြီ ပြောရပါမယ်။

မေး။ ။ အခုတလောမှာ နယ်စပ်ကနေတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်။ အထူးသဖြင့် မဲဆောက်တို့ ကန်ချနာဘူရီတို့မှာ ဖမ်းဆီးခံနေရတယ်။ အဲဒီအခြေအနေရော ဘယ်လိုမျိုး ကြားနေရပါလဲ။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ဒါကတော့ နိုင်ငံတစ်နိုင်ငံရဲ့လုံခြုံရေး နိုင်ငံရဲ့ပြည်သူလူထုတွေရဲ့ အိုးအိမ်စည်းစိမ် လုံခြုံရေးအရ တာဝန်ယူ ရှာဖွေဖမ်းဆီး စစ်ဆေးတာတွေ အမြဲရှိပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ကိုယ့်တိုင်းပြည်မှာ ဘယ်လိုမှ နေထိုင်မရတော့လို့ ဥပဒေလမ်းကြောင်းက မဟုတ်ဘဲ တရားမ၀င်နည်းလမ်းတွေနဲ့ နယ်စပ်ဖြတ်ကျော် လာခဲ့ရတယ်။

ဒီအခြေအနေကတော့ သတိပြုရှောင်ရှားပြီး သုံးသပ်ကာ သွားလာလှုပ်ရှားရပါမယ်။ ထိုင်းအစိုးရက အခုအချိန်မှာ အမြဲရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ သူ့နိုင်ငံရဲ့ တည်ဆဲဥပဒေအရ လုံခြုံရေးအရ တချို့လုပ်သားတွေ တားမြစ်ထားတဲ့ လုပ်ငန်းမျိုးတွေမှာ ပါဝင်လုပ်ကိုင်နေတာကြောင့် သတင်းရရင်ရသလို ၀င်ရောက်ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေး။ ။ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ အဓိကပြောချင်တာက ပြည်တွင်းမှာရှိတဲ့ လူငယ်မောင်မယ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာ အလုပ်လုပ်ကိုင်မယ်ဆိုရင် အထူးသတိထားပြီး ကိုယ်ကိုယ်တိုင် မှန်ကန်တဲ့သတင်းအချက်အလက်တွေ ရှာဖွေပြီး ကိုယ်အလုပ်အပ်လိုက်တဲ့ ပွဲစားတွေရဲ့ နောက်ခံသမိုင်းတွေကို လေ့လာဖို့၊ တချို့ပွဲစားတွေက သတ်မှတ်ထားတဲ့ နေရာကို မပို့ဘဲ စွန့်ပစ်တာတွေရှိတယ်။

ပြီးရင် အေဂျင်စီရဲ့ လုပ်ငန်းရာဇဝင်တွေကို သေချာကြည့်ပြီး စာချုပ်ပါ အချက်အလက်အတိုင်း အခငွေကြေး ရရှိအောင် ကိုယ်တိုင်တွန်းအားပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရင်ပြီးရောဆိုတဲ့ အေဂျင်စီ တွေကို ပုံအပ်ထားရင် နောက်ဆက်တွဲဆိုးကျိုး အများကြီး ရှိပါတယ်။ အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင် ထားတဲ့ အေဂျင်စီတွေကလည်း အလုပ်သမားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ပေးဖို့ ထောက်ပြပြောချင် ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here