“ဒီလိုလက်နက်ပုဒ်မနဲ့ ရောက်လာတဲ့သူတွေဟာ ငါတို့ရဲ့ရန်သူတွေပဲဆိုတဲ့ တွေးခေါ်ယူဆချက်တွေနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေဟာ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေ၊ သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ ချိုးဖောက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ပြောလို့ရပါတယ်” ကိုသိုက်ထွန်းဦး (မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM)

0
25
Photo – Social Media

အကျဉ်းထောင်များထဲ အကျဉ်းသားများရင်ဆိုင်နေရသည့် အခက်အခဲများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးအား ဆက်သွယ်မေးမြန်းချက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ ယခုလတ်တလောအထိ ၂ သောင်း ၆ ထောင်ကျော် ရှိပြီး ယင်းတို့ထဲက ၉ ထောင်ကျော် ထောင်ဒဏ်ချမှတ် ခံထားကြရသည်။

လက်ရှိ မြန်မာနိုင်ငံက အကျဉ်းထောင်များထဲတွင် တာဝန်ရှိအာဏာပိုင်များဖြစ်သည့် အကျဉ်းဦးစီးဌာနအရာရှိ၊ ဝန်ထမ်းများက အကျဉ်းသူ၊ အကျဉ်းသားကို အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ချုပ်ခြယ်မှု ပိုတိုးလုပ်လာသည်ဟု နိုင်ငံရေးအကျဉ်းသားများ မိသားစုများနှင့် နီးစပ်သူတို့က ပြောသည်။

အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှု ပိုတိုးလာရတာက ဘာကြောင့်ပါလဲ။ အကျဉ်းထောင် များထဲ အကျဉ်းသားများ ရင်ဆိုင်နေရတဲ့ လက်တွေ့အခြေအနေ၊ အခက်အခဲများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM – Political Prisoners Network Myanmar) မှ ကိုသိုက်ထွန်းဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ လက်ရှိမြန်မာနိုင်ငံက အကျဉ်းထောင်တွေရဲ့အခြေအနေ ဘယ်လိုရှိနေလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ လက်ရှိ မြန်မာပြည်အကျဉ်းထောင်တွေကတော့ အသက်မသေဆုံးခင်မှာ ကျတဲ့ငရဲပြည်လို့ ပြောလို့ ရပါတယ်။ လက်ရှိမှာလည်း တဖက်ရှေ့တန်းစစ်မြေပြင်မှာ ကျွန်တော်တို့အကျဉ်းသားတွေ အချိန်မရွေး အသက်သေဆုံးနိုင်တဲ့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အချိန်မရွေး ထုတ်သတ်လို့ ရတယ်ဆိုတဲ့ ရှုထောင့်အပြင်ဘက်ကို အကျဉ်းဦးစီးက လုပ်ဆောင်လာတာတွေ့ ရပါတယ်။

မေး။ ။ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့် ကန့်သတ်လိုက်တဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အကျဉ်းထောင်တွေမှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစပြီး မိသားစုဝင်တွေ မဟုတ်ရင် ထောင်ဝင်စာပို့ခွင့်နဲ့ ပါဆယ်ပို့ခွင့် ကန့်သတ်လိုက်ပြီး ဖြစ်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ တချို့ထောင်တွေက ဒီလိုမျိုး ကန့်သတ်မှုမရှိဘဲ ထောင်တော်တော်များများမှာတော့ ပါဆယ်ပို့ခွင့်တွေ ထောင်ဝင်စာပို့ခွင့်တွေ အကန့်အသတ်နဲ့ ပိုလုပ်လာပါတယ်။ မိသားစု၀င်တွေမဟုတ်ရင် တွေ့ခွင့်မရတဲ့ အခြေအနေပါ။ သူတို့ဘက်ကလည်း စည်းကမ်း တိုးမြှင့်လိုက်တယ်။

အဓိကအားဖြင့် အကျဉ်းထောင်မှာရှိတဲ့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်ပကမ္ဘာဆီ မရောက်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာတွေ့တဲ့သူတွေကို မှတ်ထားပြီး ဒီနေ့ပြဿနာပေါ်ရင် မနက်ဖြန်မှာ သတင်းထွက်တယ်ဆိုရင် ဒီနေ့နဲ့ မနက်ဖြန်လာတွေ့တဲ့ မိသားစုဝင်တွေကိုလိုက်ဖို့အထိ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့က လာတဲ့သူတွေကို ကန့်သတ်လိုက်တယ်။ လာတွေ့တဲ့သူတွေကို မှတ်တမ်းတွေ တင်ထားတာတွေ့ရပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ဆေးဝါးနဲ့ ကျန်းမားရေးစောင့်ရှောက်မှုပေးတဲ့ အခြေအနေရောဘယ်လိုရှိပါလဲ။

ဖြေ။ ။ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေအတွက် ဆေးဝါးလုံလောက်မှုကတော့ အဆိုးဝါးဆုံးအခြေအနေ ဖြစ်ပါတယ်။ ဘာလာလာ ပါရာကတ်ဆိုတဲ့ ဆေးတစ်မျိုးပေးပြီး အရေးပေါ်ဆေးဝါးကုသမှု လိုအပ်တဲ့သူတွေကို အထက်ကအမိန့် မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်ဆေးရုံမှာပဲထား၊ အချိန်လွန်သွားပြီဆိုရင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တစ်နှစ်တစ်နှစ်ကို နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ ဆယ်ဦးထက်မနည်း သေဆုံးမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကတော့ အကျဉ်းထောင်တွေမှာ ဆေးဝါးကုသမှု အခြေအနေဆိုးဝါးနေသလဲဆိုတာ မြင်သာစေတဲ့ အချက်တွေ ဖြစ်ပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသားတွေအပေါ် နိုင်ထက်စီးနင်း၊ ဖိနှိပ်ချုပ်ခြယ်တဲ့ အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ညှင်းပန်းနှိပ်စက်မှု၊ ဖိနှိပ်မှုကတော့ တနေ့ထက်တနေ့ ပိုဆိုးလာပါတယ်။ တော်လှန်ရေးအဖွဲ့တွေ ပိုမိုအားကောင်းလာတာနဲ့အမျှ ရှေ့တန်းစစ်မြေပြင်မှာ သူတို့ရဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ရှုံးနိမ့်တိုင်း စစ်ကောင်စီကို ယုံကြည်ကိုးစားပြီးမှ အကျဉ်းဦးစီးဌာနမှာ ကျုးလွန်နေတဲ့သူတွေဟာ ရှေ့တန်းမှာ သူတို့ယုံကြည်တဲ့ စစ်သားကျဆုံးမှုများလေလေ ထောင်သားတွေကို ဖိနှိပ်လေလေပါပဲ။

လက်ရှိအခြေအနေအရ အကျဉ်းဦးစီးဌာနဟာ အခြားတော်လှန်ရေးအင်အားစုတွေ စောင့်ကြည့်ခြင်းက လွတ်ကင်း နေတယ်။ ဒါကြောင့်သူတို့က ဖိနှိပ်မှုကို ပေါ်ပေါ်တင်တင် ပြုလုပ်နေတယ်။ သူတို့ဖိနှိပ်တဲ့သူတွေကလည်း အရင်ကလို ၅၀၅ နိုင်ငံရေးပုဒ်မ တစ်ခုလောက်နဲ့ ထောင်ကျသူတွေ မဟုတ်ဘဲ လက်နက်ကိုင်ပုဒ်မ၊ အကြမ်းဖက် ပုဒ်မတွေနဲ့ စွပ်စွဲထားခံရပြီးမှ အမိန့်ချထားတဲ့သူတွေကို ပိုပြီး ဖိနှိပ်တယ်။

အကျဉ်းထောင်ထဲ ရောက်တဲ့အထိတိုင်အောင် အသက်ရှင်ရပ်တည်ခွင့်ဆိုတာ အာမခံချက်မရှိဘဲ ဒီလိုလက်နက်ပုဒ်မနဲ့ ရောက်လာတဲ့သူတွေဟာ ငါတို့ရဲ့ ရန်သူတွေပဲဆိုတဲ့ တွေးခေါ်ယူဆချက်တွေနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေဟာ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေ၊ သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ ချိုးဖောက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်တာတွေ ရှိတယ်ပေါ့နော်။ အဲဒီလို ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရတာကို ဘယ်လိုအကျဉ်းသားမျိုးတွေ အဓိကရင်ဆိုင် ကြုံတွေ့နေရလဲ။

ဖြေ။ ။ အကျဉ်းထောင် အပြင်ဘက်ကို ခေါ်ထုတ်သတ်ဖြတ်ခံရတဲ့သူ အများဆုံးကတော့ စစ်ကောင်စီက သူတို့ရဲ့ရန်သူတွေလို့ သတ်မှတ်ထားတဲ့ လက်နက်ဆွဲကိုင် တော်လှန်တဲ့သူတွေ နိုင်ငံရေးပုဒ်မသမားတွေပေါ့။ ခြုံပြီးပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေက ထောင်ပြင်ဝမှာခေါ်ထုတ်ပြီး သတ်ဖြတ်ခံရတာကို အများဆုံး ရင်ဆိုင်နေရတယ်လို့ ပြောရမှာပါ။

မေး။ ။ အခုနောက်ပိုင်း တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင် တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ အဓိက ကျွန်တော်တို့ အကျဉ်းသားတွေ ရသင့်တဲ့ စားသောက် နေထိုင်ရေးတောင်မှ လုံလုံလောက်လောက် ဖြည့်ဆည်းမှု မရှိပါဘူး။ နေစရာဆိုရင် တစ်ယောက်ကို တစ်ပေသုံးလက်မ ဝန်းကျင်လောက်နဲ့ ကြပ်တည်းစွာ နေကြရတယ်။ လူသေကိုထားတဲ့ ခေါင်းတလားမှာ နေရသလို ဖြစ်နေတယ်။

အသက်ရှင်ရပ်တည်နေရတဲ့ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေဟာ အဲဒီလို တစ်နေ့တာ၊ တစ်ညတာကို ဖြတ်သန်းရတယ်။ နေရေးပြီးရင် စားရေးက တစ်ပတ်မှာ ဟင်းလေးတုံးရတယ်။ ဟင်းလေးတုံးဆိုတာ တကယ်စားရင် နှစ်ရက်လောက်နဲ့ကုန်တဲ့ ပမာဏ ဖြစ်ပါတယ်။ ရိက္ခာတွေအားလုံးက ကိုယ့်စားရိတ်နဲ့ ကိုယ်တိုင်နေရတယ်။ အိမ်က ထောက်ပံ့ပေးရတယ်။

တခြားသုံးချင်တာ အားလုံးကိုတောင်မှ မပံ့ပိုးနိုင်တဲ့ အခြေအနေမှာ စားသောက်နေထိုင်ရေးက ပိုဆိုးဝါးလာပြီး မသန့်ရှင်းတဲ့ သောက်သုံးရေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ကြုံကြရတယ်။ လက်ရှိနိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေ အားလုံး ရင်ဆိုင်နေရတဲ့ ဒုက္ခအသစ်တွေ ဖြစ်ပါတယ်။

မေး။ ။ တခြားဖြည့်စွက်ပြောကြားချင်တာများ ရှိရင်ပြောကြားပေးပါ။

ဖြေ။ ။ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူနဲ့ နိုင်ငံရေး အကျဉ်းသူတွေထဲမှာ ကလေးမွေးဖွားပြီးမိခင်တွေ ဗိုက်ကြီးနေတဲ့အကျဉ်းသူတွေ ရှိနေပါတယ်။ လက်ရှိစစ်ကောင်စီက အဖက်ဖက်က ရှုံးနိမ့်လာတဲ့အပေါ်မှာ သူတို့ရဲ့ရန်သူလို့ယူဆရတဲ့ အမျိုးသားအမျိုးသမီး ဗိုက်ကြီးသည်မရွေး ကလေးသူငယ် တွေကအစ အကျဉ်းထောင်ထဲ ထည့်နေပါတယ်။ ဒါက လက်ရှိမြန်မာပြည်မှာ ဘယ်လောက်ဆိုးဝါးနေတဲ့ အခြေအနေဆိုတာ ပိုပြီးမြင်လာရတယ်။

အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးထားခဲ့ပြီး မြန်မာပြည်မှာ လူ့အခွင့်အရေး ဆိုတဲ့ အခြေအနေဟာ ရှုံးနိမ့်နေတယ်။ ဆုံးရှုံးနေတယ်။ ဖမ်းဆီးထားခံရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေ ဒီထက် ပိုမိုဆိုးဝါးလာတယ်။ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ ကမ္ဘာကြီးကို ကျွန်တော်အသိပေးချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here