လွတ်မြောက်နယ်မြေတွင် လာရောက်တိမ်းရှောင်သည့် အမျိုးသမီးဦးရေများလာနေဟု MSFC ပြောဆို

0
15
Photo - MSFC

စစ်ကောင်စီကပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းအပတ်စဉ်ခေါ်ယူချိန် နီးကပ်လာသည်နှင့်အမျှ လွတ်မြောက်နယ်မြေအတွင်း တိမ်းရှောင်လိုသည့် အမျိုးသမီးများလာပြီး မွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFC ထံ လာရောက်ဆက်သွယ်သူ ရာဂဏန်းနီးပါးထိ ရှိလာနေသည်ဟု MSFC အဖွဲ့တာဝန်ရှိသူများက ပြောသည်။

စစ်မှုထမ်းအပတ်စဉ် ၅ တွင် အမျိုးသမီးများ ပါဝင်တက်ရောက်ရမည် ဖြစ်ခြင်းကြောင့် စစ်မှုထမ်း အသက်အရွယ် အရ အကြုံးဝင်သည့် အမျိုးသမီးများသည် ရရာနည်းဖြင့် ပြည်ပသို့ ထွက်ခွာတိမ်းရှောင်သူ များလာသည့်အပြင် လွတ်မြောက်နယ်မြေတွင်လည်း လာရောက်ခိုလှုံသူ များပြားနေသည်ဟု ဆိုသည်။

လက်ရှိ၌ လာရောက်ခိုလှုံလျှက်ရှိသည့် အမျိုးသမီးလူငယ်များသည် ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် အခြား တော်လှန်ရေး နယ်ပယ်တို့တွင် ပါဝင်ကူညီလုပ်ဆောင်နေသည်ဟုလည်း MSFC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူငယ်တွေအားလုံးက ထွက်မဲ့လမ်းရှာကြတာပဲ၊ ဒါပေမဲ့ရှောင်လွှဲလို့ မရတော့တဲ့ အနေအထားမို့လို့ ဒီကို ဆက်သွယ်လာကြတယ်။ ဒါပေမဲ့ အခုနေလို့မရတဲ့ အခြေအနေ ဖြစ်လာတဲ့အခါက မိဘတွေကိုယ်တိုင် ဆက်သွယ်လာတာ ရှိတယ်။ အမျိုးသမီးတွေက ၁၀၀ နီးပါးလောက် ဖြစ်လာနေတယ်။ လက်နက်ကိုင်လမ်းစဉ် မရွေးချင်တဲ့သူတွေကို ကျောင်းတက်ဖို့ ချိတ်ဆက်ပေးတာတွေ၊ အခြားဌာနတွေနဲ့ ချိတ်ဆက်ဖို့ လုပ်ပေးတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှူးထမ်းဆောင်ရမည်ဖြစ်ပြီး၊ အမျိုးသားများ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးများကို အသက် ၁၈ နှစ်မှ အသက် ၂၇ ဝန်းကျင်အထိ သတ်မှတ် ထားကြောင်း သိရသည်။

ထို့ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသည့်လူငယ်များ တက္ကသိုလ်ပညာ ဆက်လက်မသင်ကြားနိုင်ဘဲ ပြည်ပနိုင်ငံသို့သာ ထွက်ခွာနေရသည်ဟု မွန်လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“မိဘတွေကလဲ ဒီဥပဒေကနေ သူတို့ ကာကွယ်မပေးနိုင်တော့ဘူးဆိုတော့ ပြည်ပထွက်မယ်လို့ ရွေးချယ်တဲ့ လမ်းအပေါ် ဘာမှမတားတော့ဘူး။ တမျိုးပြီးတမျိုးပိတ်ပင်နေလည်း ဒီနိုင်ငံကနေ မရရတဲ့နည်းနဲ့ ထွက်ကြတယ်” ဟု အဆိုပါမွန်အမျိုးသမီးငယ်က ဆိုသည်။

ထို့အပြင် မော်လမြိုင်မြို့အတွင်း အမျိုးသမီးများ ပါဝင်တက်ရောက်ရမည့် စစ်မှူးထမ်းအပတ်စဉ် (၅) အတွက် စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူတို့က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် အမျိုးသမီးများကို လိုက်လံစည်းရုံး နေသည်ဟုလည်း သိရသည်။

စစ်မှူးထမ်းဥပဒေကြောင့် ရှောင်တိမ်းလိုသည့် မွန်လူငယ်အမျိုးသား၊ အမျိုးသမီးများကို မွန်တော်လှန်ရေး တပ်ဖွဲ့များအနက် မွန်ပြည်နယ်ကို ကိုယ်စားပြုဖွဲ့စည်းထားသည့် မွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFC မှ လက်ခံလျှက်ရှိနေပြီး အခြားတိုင်းရင်းသားဒေသအသီးသီးမှ ရှောင်တိမ်းလိုသည့် လူငယ်ကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်နေသည်ဟု သိရှိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here