ညှင်းပန်းနှိပ်စက်ခံနေရသူများအား အကူအညီပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများကို KHRG တိုက်တွန်း

0
20
Photo - KHRG

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခံနေရသူများအား အကူအညီပေးရန် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံနေရသူများအားကူညီထောက်ပံ့ရေးနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့- KHRG က ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ကရင်၊ ကယား (ကရင်နီ)၊ မွန်၊ တနင်္သာရီ၊ ပဲခူး စသည့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသ ကျေးရွာများရှိ မတရား ညှင်းပန်းနှိပ်စက်မှုနှင့် ဖမ်းဆီးခံနေရမှုများအား အသိပညာပေး စုံစမ်းဖော်ထုတ်ရန်နှင့် ဟန့်တားဖြေရှင်းသည့် နည်းလမ်းများ ရှာဖွေရန်တို့ ပါဝင်သော အချက် ၄ ချက်ကို နိုင်ငံတကာတာဝန်ရှိသူများ၊ NGOs နှင့် ပြည်တွင်း/ပြည်ပ အစိုးရများကို KHRG က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားခဲ့သည့် စစ်ကောင်စီ၏ ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများအတွင်း အရပ်သားများ နှိပ်စက်ညှင်းပန်းခံရသည့်ဖြစ်စဥ် အများအပြားရှိပြီး ယင်းဖြစ်စဥ်များ၏ မျက်မြင်သက်သေများအား ပံ့ပိုးကူညီရန်နှင့် ဖြစ်စဥ်မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းများ၏အသံကို နားထောင်အားပေးရန် KHRG က ထည့်သွင်းတိုက်တွန်းထားသည်။

KHRG ၏ ပြောရေးဆိုခွင့်ရှိသူစောနန္ဒဆူးက “ညှင်းပန်းနှိပ်စက်ခံနေရသူတွေက လူ့အခွင့်အရေး ချိုးဖောက်ခံလိုက် ရတာ တခုတည်းတင်မဟုတ်ဘူး။ သူတို့ကို နှိပ်စက်တဲ့သူတွေကလည်း စစ်ရာဇဝတ်မှုပါ ကျူးလွန်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့မှာ ညှင်းပန်းနှိပ်စက်ခံနေရသူတွေအတွက် ကူညီထောက်ပံ့ဖို့ တိုက်တွန်း နှိုးဆော်ရတာပါ” ဟု ပြောသည်။

စစ်ကောင်စီခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုသိရှိ၍ ၎င်းတို့ကိုထောက်ခံခြင်း မပြုလုပ်ဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုရှိသော တရားရုံးများတွင် တာဝန်ခံစေရန်လည်းနှင့် ကျူးလွန်မှုမှ လွတ်မြောက်လာ သူများနှင့် မိသားစုဝင်များ လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်နိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု ချဲ့ထွင်နိုင်ရေးကိုလည်း ဒေသခံအရပ်ဘက်အဖွဲ့များအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း KHRG က တိုက်တွန်းသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်၏ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုများသည် ဂျီနီဗာ သဘောတူစာချုပ်ပါ အချက် ၄ ချက်၏ ဘုံအပိုဒ် ၃ ကိုလည်း ချိုးဖောက်ရာရောက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမဥပဒေအရ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုပါမြောက်ကြောင်း KHRG က ဖော်ပြထားသည်။

အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသာမက တစ်ပြည်လုံးအနှံ့ ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA ၏ မှတ်တမ်းများအရ လက်နက်ကိုင်တိုက်ပွဲများကြောင့် နိုင်ငံ၏လူဦးရေ ၃ သန်းကျော်သည်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here