စစ်ကောင်စီ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာအားလုံးနီးပါး ထိခိုက်ပျက်စီး

0
21
ပုံစာ - ဝိုင်းမော်မြို့နယ်ထဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်တချို့။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဝူယန်၊ လမြန်နှင့် မုတ်ကျိတ်ကျေးရွာတကြောကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဝိုင်းမော်ဒေသခံများက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ဝူယန်နှင့် လမြန်ကြား၌ စစ်ကောင်စီတပ်နှင့် လီဆူပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် သေဆုံးမှုများတာကြောင့် လေယာဉ်နှင့်ပါ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောဆိုသည်။

“၁၈ ရက်နေ့မှာက လမြန်ရွာထဲမှာ ဘုရားကျောင်းရှိတဲ့နေရာနဲ့ နေအိမ်အနီးတွေမှာ အပြန်အလှန်တိုက်ပွဲ ဖြစ်ကြတာ ဟုတ်တယ်။ နောက်တစ်ရက်ကတော့ ဝူယန်ကနေ နန်ဇော်ယန်ဘက်ကို ကွေ့သွားတဲ့ လမ်းကြားဘက်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီ နှစ်ရက်ဖြစ်တဲ့တိုက်ပွဲမှာ သူတို့ဘက်က ထိခိုက်သေဆုံးသွားတာများတယ်။ အဲထဲမှာ အရာရှိတစ်ယောက်တောင် ပါတယ်။ အဲကြောင့် နောက်ရက်တွေမှာက တိုက်ပွဲ မဖြစ်တော့ပေမယ့် လမြန်၊ မုတ်ကျိတ်တစ်ကြော လေယာဉ်နဲ့ လာပစ်တယ်။ လက်နက်ကြီးတွေပစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုလို တန်ပြန်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲခဲ့လို့ ကားလမ်းမကြီးတကြောရှိ ဝူယန်၊ လမြန်၊ မုတ်ကျိတ်၊ နမ့်ဝါ၊ ဝါးရှောင် စသည့် ကျေးရွာများရှိ နေအိမ်များ ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့သည်ဟု သိရသည်။

အဆိုပါကျေးရွာများထဲတွင် လမြန်နှင့် မုတ်ကျိတ်က ထိခိုက်မှု အများဆုံးဖြစ်ပြီး လမြန်ကျေးရွာ၌ အိမ်ခြေ ၃၀၀ ကျော်ရှိသည့် အထဲက ဘုရားကျောင်းအပါအဝင် နေအိမ်အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု လမြန်ဒေသခံတစ်ဦးက အခုလိုပြောပါသည်။

“လေယာဉ်ဗုံးကြဲလို့ လမြန်ကအိမ်တွေ အကုန်လုံးခပျက်စီးသွားပြီလို့ သတင်းကြားလို့ လာကြည့်တာ ကျနော့ရဲ့ နှစ်ထပ်အိမ်တစ်ခုလုံး တစ်စစီအကုန်လုံး ပျက်စီးသွားတယ်။ အိမ်ဝင်းမှာလည်း လေယာဉ်ဗုံးကျတဲ့ အရာတွေပဲ။ ဘေးအိမ်က အိမ်တွေလည်း ပါသွားတယ်။ ပြီးရင် AG ဘုရားကျောင်းလည်း အကုန်ပျက်စီးသွားတယ်။ တချို့အိမ် က မပျက်စီးရင်တောင် ခေါင်မိုးသွပ်ပြားတွေ အကုန်လုံး လန်သွားတယ်။ မထိတဲ့ အိမ်ဆိုတာ သိပ်မရှိဘူး။ အကုန်လုံး လက်နက်ကြီး အရာတွေကြီးပဲ” ဟု အဆိုပါ လမြန်ဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲ ဖြစ်ပွားနေသော တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က KIA ပူးပေါင်းတပ်များ နေရာယူထားသည့် နေရာဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်တာ စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးမှုများပြီး သေဆုံးနေသည့် ရုပ်အလောင်းများက လမြန်ကျေးရွာ ကားလမ်းမကြီးပေါ်တွေမှာ ဒေသခံတွေက မြင်တွေ့ရတဲ့အပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပျံ့နှံ့နေသည်ကို တွေ့ရသည်။

ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ တစ်ရက်ထဲမှာပင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဆဒုံး- ကန်ပိုင်တည် လမ်းတကြောရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များ ပူးပေါင်းနေထိုင်သော တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အရပ်သားများနေထိုင်ရာကို စစ်ကောင်စီဘက်က ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here