“နောက်တန်းဌာနချုပ်တွေမှာ သုံးမယ်ဆိုပေမယ့်လည်း အခုအချိန်မှာ စစ်ကောင်စီရဲ့ နောက်တန်းတပ်တွေ ကိုယ်တိုင်က ရှေ့တန်းဖြစ်သွားတယ်။ တနည်းအားဖြင့် ပြောရရင် ရှေ့တန်းမှာ ပြန်အသုံးချခံရမယ့် အလားအလာ ရှိပါတယ်” CDM ဗိုလ်ကြီး ညီသုတ

0
68
Photo – Social Media

အမျိုးသမီးများ စစ်မှုထမ်းဆင့်ခေါ်ခံရချိန် ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီး ညီသုတနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ ဒေသတချို့တွင် အမျိုးသမီးများကိုပါ စစ်သင်တန်း တက်ရောက်ရန် ခေါ်ယူစုဆောင်း လုပ်ဆောင်နေပြီဆိုသည့် သတင်းများ ထွက်ပေါ်လာပါသည်။

စစ်မှုထမ်းဥပဒေအရ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ကနေ အသက် ၂၇ နှစ်အတွင်းရှိသူ၊ ကျွမ်းကျင်သူ ပညာရှင် အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ် အတွင်းရှိသူများကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်နိုင်သည်ဟု ပြဌာန်းပါရှိသည်။

စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများ စစ်မှုထမ်းဆင့်ခေါ်ခံရချိန် စစ်ကောင်စီဘက်က ဘယ်လို လေ့ကျင့်သင်ကြားပေးမှုများ ရှိလာနိုင်ပါလဲ။ စစ်မှုထမ်းကာလတွင် အမျိုးသမီးများအနေနှင့် ဘယ်လို အခက်အခဲများ ကြုံတွေ့ရနိုင်ပါလဲ။ စစ်မှုထမ်းခြင်းက ရှောင်လွှဲရန် လုပ်ဆောင်သင့်သည့် အခြေအနေများနှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီးညီသုတကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်မှုထမ်းဥပဒေရဲ့ ကန့်သတ်ပြဌာန်းချက်အရဆို အမျိုးသမီးတွေထဲက ဘယ်လိုလူတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူစုဆောင်းလာနိုင်ပါလဲ။

ဖြေ။ ။ အမျိုးသမီး စစ်မှုထမ်းတွေကို ခေါ်တဲ့ကိစ္စကတော့ အရင်ကတည်းက ရှိပါတယ်။ ဒါပေမယ့် ရုံးဝန်ထမ်းတွေနဲ့ တပ်ရင်းတွေရဲ့ နောက်တန်းမှာ သုံးတာများတယ်။ အဲဒီတော့ အခုခေါ်မယ့်သူတွေလည်း သင်တန်းရှိမယ်ပေါ့။ သူတို့အနေနဲ့ကတော့ တချို့ကို ရုံးတွေ တချို့ကို တပ်ရင်းတွေမှာ ပြန်အသုံးချဖို့ များပါတယ်။

မေး။ ။ ရွေးချယ်ခံရသူတွေကို ဘယ်လိုစစ်ရေးသင်တန်းမျိုးတွေကို တက်ရောက်လေ့ကျင့်ခိုင်းနိုင်ပါလဲ။

ဖြေ။ ။ စစ်ရေးသင်တန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုကတော့ ပုံစံမျိုးစုံ ရှိပါတယ်။ အခုလက်ရှိ စုဆောင်းခံရတဲ့ အမျိုးသားစစ်သား စစ်မှုထမ်းတွေလိုပါပဲ။ သူတို့ရဲ့ သွားလာခွင့်တွေ နေထိုင်ခွင့်တွေ အကုန်လုံး ကန့်သတ်ပိတ်ပင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။

မေး။ ။ အဲဒီသင်တန်းတွေကနေ ဘယ်လိုတာဝန်တွေ ပေးအပ်အသုံးချလာနိုင်လဲ။

ဖြေ။ ။ နောက်တန်းဌာနချုပ်တွေမှာ သုံးမယ်ဆိုပေမယ့်လည်း အခုအချိန်မှာ စစ်ကောင်စီရဲ့ နောက်တန်း တပ်တွေကိုယ်တိုင်က ရှေ့တန်းဖြစ်သွားတယ်။ တနည်းအားဖြင့် ပြောရရင် ရှေ့တန်းမှာ ပြန်အသုံးချခံရမယ့် အလားအလာ ရှိပါတယ်။ သူတို့မှာ စစ်မှုထမ်းဟောင်း ဥပဒေဆိုတာ ရှိပြီးသားမို့ အရင်က ထွက်ပြီးသား သက်ကြီးရွယ်အိုတွေတောင်မှ ပြန်ပြီးဆင့်ခေါ်နေတာ တွေ့ရပါတယ်။

မေး။ ။ စစ်မှုထမ်းအဖြစ် ရွေးချယ်စုဆောင်းခံရတဲ့ အမျိုးသမီးတွေအနေနဲ့ တပ်တွင်းမှာ ဘယ်လိုအခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့လာနိုင်ပါလဲ။

ဖြေ။ ။ အခုလက်ရှိ စစ်မှုထမ်းနေရတဲ့ သူကလည်း သက်တမ်းမတိုးရဘူးလို့ ပြောလို့မရပါဘူး။ အရင်တုန်းကလည်း ငါးနှစ်စာချုပ်၊ ဆယ်နှစ်စာချုပ်နဲ့ခေါ်တယ်၊ ပြီးရင် ပေးမထွက်တာမျိုးရှိတယ်။ ဘယ်လောက်အထိလဲဆိုရင် တချို့သော အကြောင်းပြချက်တွေကြောင့် တပ်ထဲက တပ်ပြင် ပေးမထွက်တာမျိုး တပ်ထဲမှာပဲနေခိုင်းတာမျိုးရှိတယ်။

မိဘအိမ် ပေးမပြန်တာတွေ နောက်ထပ်အခြားသော ကျန်းမာရေးကိစ္စဆိုလည်း သွားချင်တိုင်းသွားလို့မရတဲ့ အခြေအနေမျိုး၊ အခြား သာရေးနာရေးတွေ သွားလို့မရတာမျိုး လူတစ်ယောက်ရဲ့ လူ့အခွင့်အရေး ပိတ်ပင်မှုတွေ ရှိတယ်။ ခွင့်တွေလည်း ယူလို့မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မေး။ ။ စစ်မှုထမ်းအသက်အရွယ်အရ အကျုံးဝင်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်ပါလဲ။

ဖြေ။ ။ စစ်မှုထမ်း အသက်အရွယ်နဲ့ အကျုံးဝင်နေကြတဲ့ အမျိုးသမီးတွေအတွက် ကာကွယ်မှုကတော့ တစ်ဦးချင်းစီ အတွက်ပေါ့။ အဓိကက စစ်မှုထမ်းရမယ့်အထဲ ပါမသွားဖို့ပဲ အဲဒီအတွက်တော့ ပုံစံမျိုးစုံနဲ့ ရှောင်တိမ်း ကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အထဲမှာ အမျိုးသားစစ်သည် လုံခြုံရေးတွေ အများကြီးပါ။ တချို့သော စစ်ဌာနချုပ်တွေမှာဆိုရင် ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသမီးမဟုတ်တဲ့ အမျိုးသမီးတွေ၊ စစ်သည်တွေရဲ့ ဇနီးမယားတွေပေါ့။ အဲဒီအမျိုးသမီးတွေကိုတောင် ယူနီဖောင်းဝတ်ခိုင်းပြီး အရံအင်အားအဖြစ် လေ့ကျင့်ရေး အရံအင်အားအဖြစ် ထားနေတာမျိုး ရှိပါတယ်။ ဒီလို အထားခံရတဲ့သူတွေကိုဆိုရင် မလွဲမသွေအသုံးပြုမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here