အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကုန်း AA အပြီးသတ်သိမ်းပိုက်

0
166

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံဖြစ်သည့် ကဇုကိုင်းအနီး တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု သိရှိရသည်။

အမ်းမြို့နယ်၊ တောဟိန်းတောင်ဗျူဟာကုန်းတစ်ခုလုံးကို ဇွန်လ ၂၃ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ခွဲ ခန့်တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီအလောင်း ၂၀၀ ခန့် ရရှိသည်ဟု အာရက္ခတပ်တော်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီဗျူဟာက နပခရဲ့ ဗိုလ်မှူးချုပ်အဆင့် အုပ်ချုပ်နေတဲ့၊ ထိုင်တဲ့ ဗျူဟာကုန်းပါ။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ ဗျူဟာကုန်းလည်း ဖြစ်တယ်။ ညည့် ၂ နာရီဆိုတော့ ဒီနေ့ မနက် အစောကြီး ကတည်းက သိမ်းလိုက်ပါပြီ။ စစ်ကောင်စီ အလောင်း ၂၀၀ လောက်ရတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရရှိထားပြီး ဒဏ်ရာရရှိသူများကိုလည်း အာရက္ခတပ်တော်မှ လူသားချင်းစာနာမှုထား၍ စောင့်ရှောက်ဆေးကုသပေးထားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“စစ်သုံးပန်းတွေ လက်နက်တွေ အများကြီး ရထားတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း အာရက္ခတပ်တော်က ဆေးကုသမှု ပေးထားတယ်” ဟု ၎င်းက ပြောပါသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောဟိန်းတောင် ဗျူဟာကုန်းအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y-12၊ Y _8 တို့ဖြင့် အကြိမ်အရေအတွက် ၃၀ နီးပါး လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

တောဟိန်းတောင်ဗျူဟာကုန်းမှ ကစဉ့်ကလျား ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။

တောဟိန်းတောင် ကျသွားပြီးနောက် အမ်းမြို့ပေါ်ကို အာရက္ခတပ်တော်မှ အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်သဖြင့် အမ်းမြို့ပေါ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး အကာအကွယ်များ အခိုင်အမာ ပြုလုပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အမ်းမြို့နယ်၊ မဲလက်မောင်းအနီးရှိ မဲတောင်တွင်လည်း စစ်ကောင်စီက အင်အားတိုးထားပြီး ကာကင်းစခန်းများလည်း တည်ဆောက်ထားကာ အမ်းမြို့ကို အလွယ်တကူ မဝင်ရောက်နိုင်ရန် စစ်ကောင်စီက ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here