ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်၊ မြဝတီမြို့ တောင်ဘက်ရှိ စစ်ကောင်စီ၏ စုကလိတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ရရှိလာသော လက်နက်ခဲယမ်းစာရင်းများကို ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မတ်လ ၃၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့သော စုကလိမြို့အခြေစိုက် အဆိုပါတပ်စခန်းကို ဇွန်လ ၁၇ ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း KNU တပ်မဟာ (၆) ၏ ထုတ်ပြန်ချက်အရ သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၍ စစ်သုံ့ပန်းအဖြစ် ဗိုလ်တစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီးရမိခဲ့ပြီး RPG (၇) လက်၊ MA အမျိုးအစား သေနတ်အလက် (၂၀) ထက်မနည်းနှင့် မိုင်းများအပြင် အခြားလက်နက်ခဲယမ်းများကိုလည်း KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
စုကလိစခန်းကို တိုက်ခိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိ၍ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ ဦးလည်း အထိအခိုက်ရှိခဲ့ကြောင်း သိရသည်။
မုလအိတောင်ခြေဧရိယာရှိ ကျေးရွာများသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကို KNLA ဘက်က ပိတ်ဆို့စစ်ဆေးမှုနေသည်ကို သိရပြီး သတင်းထုတ်ပြန်လာခြင်း မရှိသေးသလို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့် ရှိသော အဆိုပါစုကလိစခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်မသိမ်းပိုက်ခင် စခန်းအတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၆၀) နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၂) မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များသို့ လက်နက်ချအညံ့ခံရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ယခုလို တိုက်ခိုက်ရခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၆) က ဆိုသည်။
လက်ရှိအချိန်ထိ မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ဝေါ်လေ၊ ထီးကပလယ်၊ သေဘောဘိုး၊ ဥကရစ်ထ စသော စစ်ကောင်စီ အခြေချနေသည့် တပ်စခန်းများ သိမ်းပိုက်ရန် ကျန်ရှိနေသလို နှစ်ဖက်တိုက်ပွဲများအကြား စစ်ဘေးရှောင်ရသူ အများအပြားရှိနေသည်။
KNU တပ်မဟာ (၆) ဘက်ကလည်း နယ်မြေအတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ မိမိတို့တပ်ဖွဲ့ကိုစွန့်ခွာ၍ KNU ထံ လာရောက်ပူးပေါင်းကြရန် အဆိုပါထုတ်ပြန်ချက်မှတဆင့် ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။
KIC ပေးပို့သည်။