တောင်ကုတ်တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီဗိုလ်ကြီး ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံး

0
131

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် ဇွန်လတတိယပတ်မှ စတင်ဖြစ်ပွားလာသည့် တိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“တိုက်ပွဲ စဖြစ်တာက ၅ ရက်ကျော်ပဲ ရှိသေးတယ်။ အဲဒီအချိန်တိုအတွင်းမှာ စစ်တပ်ဘက်က အကျအဆုံး များနေတယ်။ AA က နည်းဗျူဟာ အရရော တိုက်ရည်ခိုက်ရည်ရော အသာစီးရနေတာ။ AA ဘက်ကသာ အပြင်းအထန်ထိုးစစ်ဆင်လာမယ်ဆိုရင် တောင်ကုတ်က စစ်ကောင်စီတပ်တွေ သိပ်တောင့်ခံနိုင်တော့မယ့် အလားအလာ မရှိတော့ဘူး” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ဗိုလ်ကြီးနှစ်ဦးမှာ ခမရ (၅၄၄) မှ ဗိုလ်ကြီးအောင်ဇော်ထွန်းနှင့် ဗိုလ်ကြီး ကျော်မင်းသူတို့ဖြစ်ပြီး ဗိုလ်ကြီးအောင်ဇော်ထွန်းမှာ ဇွန်လ ၁၅ ရက်ညပိုင်းက တောင်ကုတ်မြို့ပေါ်၊ ချောင်းကောက်ရပ်ကွက် တိုက်ပွဲတွင် တပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ သေဆုံးသွားပြီး အခြားတပ်ဖွဲ့ဝင် ၅ ဦးလည်း ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီးကျော်မင်းသူမှာ ဇွန်လ ၂၀ ရက်က တောင်ကုတ်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမ နေပူတောင်အနီး တိုက်ပွဲတွင် တပ်ဖွဲ့ဝင် ၆၀ ကျော်နှင့် အတူသေဆုံးသွားခြင်း ဖြစ်သည်ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ကြီးကျော်မင်းသူနှင့် တပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်းမှစစ်ကူလာသော အင်အား ၂၀၀ နီးပါးရှိ စစ်ကောင်စီ စစ်ကြောင်းဖြစ်ပြီး အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

တောင်ကုတ်တိုက်ပွဲ စဖြစ်သည့် ဇွန်လ ၁၅ ရက် မှ ဇွန်လ ၂၂ ရက်အထိ စစ်ကောင်စီလေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here