သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားသောက်ရေးအခက်အခဲရှိနေ

0
24
ပုံစာ - စစ်ဘေးရှောင်ပြည်သူများ

ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်သည် စစ်ကောင်စီတပ်က လမ်းပမ်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ရိက္ခာရရှိရန် မလွယ်ကူဖြစ်နေပြီး စားသောက်ရေးတွင် အခက်အခဲများ ကြုံနေရသည်ဟု ကူညီပေးနေသူများက ပြောသည်။

သံတွဲမြို့နယ်မြောက်ပိုင်း သံတွဲ – တောင်ကုတ် လမ်းတလျှောက်ရှိ ကျေးရွာများကို ဆက်သွယ်သွားလာသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ထားခံရ၍ စားနပ်ရိက္ခာများရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေ ရပြီး အသစ်ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ပို၍အခက်အခဲ ဖြစ်နေကြသည်ဟု စစ်ဘေးရှောင် တို့ကို ကူညီပေးနေသူများက ပြောဆိုသည်။

“ဒေသခံပြည်သူတွေက ဂေါ့က ၇၀၀ ကျော်နဲ့ ကျန်တာက ဆင်းခေါင်းရွာနဲ့ အနီးတဝိုက်က ရွာတွေကပါ။ အခုက စစ်ကောင်စီက အကုန်ဖြတ်တောက်ထားတော့ ဆန်ဝယ်လို့မရ ဆီဝယ်လို့မရ ဖြစ်နေတာ။ မြို့ပေါ်က လူတွေက ကူညီချင်ပေမယ့် AA ကို ထောက်ပံ့တယ်ဆိုပြီး ခေါင်းစဉ်တပ်ဖမ်းဆီးမှာ စိုးရိမ်တော့ ကူညီဖို့ ခက်ခဲနေတယ်” ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ အာရက္ခတပ်တော်မှ ကယ်ထုတ်လာသူများဖြစ်ကြပြီး ရွှေလှေတိုက်နယ် ကျေးရွာများတွင် နေထိုင်နေကြရပြီး ဂေါ့ကျေးရွာ၊ ဆင်ခေါင်း၊ ညောင်ခြေထောက်၊ ခမောင်းတုန်း ကျေးရွာတို့မှ စစ်ဘေးရှောင်များလည်း ပါဝင်ကြောင်း သိရသည်။

“မြို့ပေါ်က စစ်ဘေးရှောင်တွေကတော့ အဆင်ပြေပါတယ်။ ရွှေလှေတိုက်နယ်က စစ်ဘေးရှောင်တွေကတော့ သွားကူလို့ မရဘူးလေ။ လမ်းတွေကို စစ်တပ်က ပိတ်ထားတယ်။ တောင်ကုတ်ကလည်း လာလို့မရဘူး။ အဲ့ဒီတော့ စားသောက်ကုန်တွေ သွင်းလို့မရတော့ ခက်ခဲနေပြီလေ။ ကျွန်တော်တို့ ကူညီရေးအဖွဲ့တွေကိုလည်း စစ်တပ်က စောင့်ကြည့်နေတာလေ။ အဆင်မသင့်ရင် ဖမ်းပြီးဒုက္ခပေးမှာ၊ မလုပ်ရဲဘူး” ဟု စစ်ရှောင်ကူညီသူ နောက်တစ်ဦးက ပြောပါသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများသို့ သွားသောလမ်းကြောင်းများကို စစ်ကောင်စီမှ ပိတ်ဆို့ ထားသလို ကင်းမော်ကျေးရွာမှတဆင့် သွားလာသော ရေလမ်းနှင့် မြို့အထွက် မြုံပြင်ကျေးရွာတို့ကို အဓိက ပိတ်ဆို့ထားပြီး တခြားနေရာများတွင်လည်း ရွှေလျားဂိတ်များဖြင့် တင်းကြပ်ထားကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်က လေကြာင်းမှတိုက်ခိုက်မှု၊ စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်နေသဖြင့် အလှူရှင်များ သွားရောက်ကူညီလှူဒါန်းရန် များစွာအခက်အခဲဖြစ်နေကြရသည်ဟု ဆိုသည်။

ရွှေလှေတိုက်နယ် အပါအဝင် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်နေရာ (၁၆) ခု ရှိပြီး ဒေသခံပြည်သူ ၁၉၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here