မောင်တောတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့်ဗုံးကြဲချ

0
19

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တော မြို့မကညင်တန်းရပ်ကွက် BAJ ရုံးအနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ဇွန်လ ၂၁ ရက် ညနေပိုင်း၌ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကြဲချကြောင်း ဒေသခံမွတ်ဆလင်များထံမှ သိရသည်။

“ညနေ ၃ နာရီ ၂၀ မိနစ် ဂျက်တိုက်လေယာဉ် အသံကြားတာနဲ့ ဗုံး ၂ လုံး ဂျိမ်းဂျိမ်းဆိုပြီး ရှေ့ဆင့်နောက်ဆင့် အသံအကျယ်ကြီး ထွက်လာတယ်။ မြေတွေ ငလျှင်လှုပ်သလို တုန်ခါသွားတယ်။ လူတွေ ထွက်ပြေးကြတယ်။ နောက်ထပ်လည်း ဗုံးချသံတွေ ကြားရတယ်။ BAJ အနီးနဲ့ ပန်းတောပြင် တံတား အလွန်ဘက်ကို ဗုံး ၆ လုံးလောက် ကြဲချခဲ့တယ်လို့ ခန့်မှန်းရပါတယ်” ဟု ဒေသခံမွတ်ဆလင်တဦးက ပြောသည်။

မောင်တောမြို့ ၊ မြို့မကညင်တန်းရပ်ကွက်ရှိ BAJ ရုံးအနီး၌ စစ်ကောင်စီတပ်များနှင့် အာရက္ခတပ်တော်တို့ ဇွန်လ ၂၀ ရက် နံနက်ပိုင်းမှ ဇွန်လ ၂၁ ရက် ညနေပိုင်းအထိတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယင်းအပြင် အာရက္ခတပ်တော်မှ မောင်တောမြို့အဝင်ရှိ နခခ (၅) အား ဝိုင်းရံပိတ်ဆို့ပြီး ဒရုန်းများ၊ ရှော့တိုက် ဒုံးများဖြင့် တိုက်ခိုက်နေပြီး နခခ (၅) မှလည်း လက်နက်ကြီးများဖြင့် နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်လျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကညင်တန်းရပ်ကွက်က ဒေသခံတွေ ဘယ်လို့မှနေလို့ အဆင်မပြေတောဘူး။ မနေ့ကလည်း နခခ (၅) က ပစ်တဲ့ လက်နက်ကြီးကျပြီးအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်။ ဈေးဆိုင်တွေလည်း ပြိုပျက်ခဲ့ရတယ်။ ဒီနေ့မှ ဂျက်နဲ့လာပြီး ထပ်ဗုံးကြဲချတယ်ဆိုတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ဒေသခံတွေ အားလုံး လုံခြုံမယ့် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်” ဟု ဒေသခံမွတ်ဆလင်တစ်ဦးက ပြောသည်။

မောင်တောမြို့မ ကညင်တန်းရပ်ကွက်၌ အိမ်ခြေ ၆၀၀ ခန့် ရှိပြီး လူဦးရေ ၄၀၀၀ ခန့် နေထိုင်နေကြသည့် ရပ်ကွက်ကြီးတစ်ခုလည်းဖြစ်ပြီး လက်ရှိ တိုက်ပွဲကြားက အသက်လု ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ထို့အတူ ဇွန်လ ၂၁ ရက် ညနေပိုင်း၌ စစ်ကောင်စီဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နခခ (၅) ၏ မြောက်ဖက်တွင် တည်ရှိသည့် ဟာဘီ (မွတ်ဆလင်) ကျေးရွာအနီးနှင့် ၄ မိုင် နခခ (၂) အနီးရှိ သာယာကုန်းကျေးရွာများသို့ ဗုံးလာကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ BAJ နားကို ဗုံးကြဲလို့ပြီးတာနဲ့ တစ်နာရီအကွာမှာ ဟာဘီနဲ့ ၄ မိုင် သာယာကုန်းရွာကို ဗုံးလာကြဲချနေတယ်။ ၄ မိုင်က မွတ်ဆလင်တွေ နဲ့ ဟိန္ဒူတွေ ထွက်ပြေးနေကြတယ်။ ရခိုင်တွေက ပြေးသွားတာကြာပြီ” ဟု လေးမိုင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၁ ရက် မနက် ၁၀ နာရီခန့်မှ စတင်ပြီး လေးမိုင်ရပ်ကွက် သာယာကုန်းကျေးရွာအနီး၌ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြပြီး နခခ (၂) နှင့် နီးစပ်သည့် ၄ မိုင်ရပ်ကွက်ရှိ ရခိုင်လူနေအိမ်များအား စစ်တပ်က မီးရှို့လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here