အမ်းမြို့နယ်မှ ကျေးရွာ ၃ ရွာကိုစစ်ကောင်စီဗုံးကြဲတိုက်ခိုက် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦး သေဆုံး

0
20

ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ၃ ဦး သေဆုံးပြီး တခြား ၂ ဦး ဒဏ်ရာရရှိ၍ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၃ လုံး ပြိုပျက်သွားသည်ဟု စုံစမ်းသိရသည်။

သဲကမ်းထောင်းကျေးရွာကို ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီဂျက်ဖိုက်တာကနေ ရော့ကတ်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းက မိသားစုဝင်များ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

“သဲကမ်းထောင်းရွာကို တမင်လာပစ်တာ။ ရော့ကတ်ဒုံးနဲ့ လာပစ်တာမှာ အိမ်တစ်အိမ်ထဲမှာနေကြတဲ့ မိသားစုတွေ အထဲက ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေသွားပါတယ်။ နောက်ထပ် သက်ကြီးပိုင်း မိသားစု နှစ်ယောက် လည်း ဒဏ်ရာရသွားတယ်” ဟု အဆိုပါအမ်းဒေသခံက ပြောသည်။

သေဆုံးဒဏ်ရာရသူမိသားစုများမှာ အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာနေ မောင်နေမိုးထက် (၄) နှစ်၊ မမေဇင်အေး (၁၇) နှစ်နှင့် ကိုသန်းဝင်းနိုင် (၂၅) နှစ်တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ ဦးမောင်ပု (၄၅) နှစ်နှင့် ဒေါ်မယဉ်အေး (၆၈) နှစ်တို့ ဖြစ်ကြသည်။

ယင်းအပြင် တချိန်တည်းတွင် ဆင်ဦးတိုက်ကျေးရွာနှင့် ကဇုကိုင်းကျေးရွာဘက်ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲတာကြောင့် ဆင်ဦးတိုက်ကျေးရွာမှ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလုံး ပြိုပျက်သွားပြီး ကဇုကိုင်း ကျေးရွာတွင်လည်း နေအိမ် ၃ ဆောင် ပြိုပျက်သွားသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“ဂျက်ဖိုက်တာက ပထ မသဲကမ်းထောင်းရွာကို လာပစ်တယ်။ ပြီးတော့ ဆင်ဦးတိုက်က ဘုန်းကြီးကျောင်းကို ဗုံးချတယ်။ ကျောင်းပြိုသွားတယ်။ ပြီးတော့မှ ကဇုကိုင်းကို ပစ်တယ်။ အိမ်သုံးဆောင် ပြိုသွားတယ်” ဟု ၎င်းက ပြောသည်။

အမ်းမြို့နယ် ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် လူနေကျေးရွာများကို တမင်လာပစ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here