ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

0
32
Photo - KNU

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ- ၃၀၇) မှ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ပေါက်ကုန်းကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက ပဲနွယ်ကုန်းမြို့နှင့် နတ်သံကွင်းမြို့အကြားရှိ ပေါက်ကုန်းကျေးရွာအနောက်ပိုင်းသို့ စစ်ကောင်စီ၏ ခမရ (၃၀၇) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အသက် (၂၃) နှစ်အရွယ်ရှိ နော်လားပွယ်စေးသည် လက်နက်ကျည်စထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ကြီးဒေသခံအမျိုးသားတစ်ဦးက “အဲဒီ ခမရ (၃၀၇) က ရွှေဝါရွာမှာ အခြေစိုက်တဲ့တပ်ရင်းလေ။ ပေါက်ကုန်းရွာနဲ့ နည်းနည်းလှမ်းတယ်။ ဟိုးရက်ကတည်းက အဲဒီဘက်မှာ တိုက်ပွဲ မဖြစ်လည်း တောက်လျှောက် လက်နက်ကြီးထုတယ်။ နေ့တိုင်းလိုလို တစ်ရွာမဟုတ်တစ်ရွာကို ပစ်ပစ်ချချနေတာ ပိန်းဇလုပ် (၂၆၄) တပ်ရင်းဆိုလည်း သူတို့ပစ်ချင်တဲ့ နေရာကို လိုက်ပစ်နေတာပဲ” ဟု ပြောသည်။

KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) မှ ဇွန်လ ၁၈ ရက်နေ့က လက်နက်ကြီးအပြင် ဟောင်ဝှစ်ဇာနှင့်ပါ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများဘက်သို့ စုစုပေါင်း လက်နက်ကြီး (၁၁) လုံး ပစ်ခတ်သဖြင့် ရေတွင်းကုန်း၊ ကျောက်တန်း၊ ချိုအင်း အစရှိသည့် ကျေးရွာများဘက်သို့ ကျရောက်ပြီး ဒေသခံပိုင်နေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ကျောက်ကြီးမြို့နယ်သာမက ညောင်လေးပင်ခရိုင်ရှိ ကျန်မြို့နယ်များတွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ ၎င်းတို့စစ်ကြောင်းထိုး ဝင်ရောက်စဥ် လမ်းကြောင်းရှင်း ပစ်ခတ်ခြင်းများ လုပ်ဆောင်သဖြင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုမှာ အာဏာသိမ်းကာလအတွင်း ပိုမိုဆိုးရွားလာသည်။

အထက်ပါအခြေအနေများနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ညောင်လေးပင်ခရိုင် အပါအဝင် KNU ခရိုင် (၇) ခု လုံးတွင် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ စုစုပေါင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းထိ (၇) သိန်း ကျော် ရှိခဲ့ရာမှ ယခုနှစ်ဝက်အတွင်း (၁၀) သိန်းကျော်အထိ မြင့်တက်လာကြောင်း KNU ဗဟို၏ မှတ်တမ်းများအရ သိရသည်။

စစ်ဘေးရှောင်ဦးရေ (၁၀) သိန်းကျော်အနက် ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်ပြည်သူဦးရေသည် ၂၀၂၄ ခုနှစ် မေလအထိ စာရင်းများအရ ယခင် ၂ သိန်းကျော်ရှိရာမှ ယခု ၅ သိန်း နီးပါးအထိ နှစ်ဆကျော် မြင့်တက်လာခဲ့သည် ဟု KNU ၏ ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here