စစ်ကောင်စီဖမ်းထားသည့် စစ်တွေဒေသခံ ၂၀၀ ခန့်မှ  ၅၀ ဦးနီးပါး ပြန်လွတ်လာ

0
31

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ စစ်ကောင်စီဖမ်းဆီးထားသော ဒေသခံ ၂၀၀ ခန့်ထဲမှ  ၅၀ ဦးနီးပါး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ပြန်လွတ်လာသည့် ဒေသခံများမှာ ခံဝန်ထိုးပြီးလွတ်လာသူများအပြင် ငွေကျပ်အနည်းဆုံး ၂ သိန်းမှ အများဆုံး ၇ သိန်းအထိ ပေးဆောင်ပြီးမှ ဇွန်လ ၁၈ ရက်နောက်ပိုင်း ပြန်လွတ်လာကြခြင်း ဖြစ်သည်။

“ပိုက်ဆံပေးရသူတွေလည်း ရှိတယ်။  ခံဝန်ထိုးပြီး ပြန်လွတ်လာသူတွေလည်း ရှိပါတယ်။ ရွာထဲကို AA ဝင်ရောက်မှု ရှိမရှိ၊ ဝင်ရောက်ပါက အကြောင်းကြားဖို့ ပြောလိုက်တယ်လို့ သိရတယ်” ဟု ဖမ်းဆီးခံရသူတိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မင်းဂံဒေသခံများကို စစ်ကောင်စီက စစ်တွေမြို့နယ်၊ ဓားပိုင်မွတ်ဆလင်ကျေးရွာနှင့် စစ်တွေအခြေစိုက် ခလရ (၂၀)၊ ရဲတပ်ရင်း (၁၂)၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တို့မှ တဆင့် အသီးသီးလွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဇွန်လ ၁၆ ရက်နေ့က မင်းဂံရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကား ၁၀ စီးဖြင့် ဝင်ရောက်လာပြီး အကွက် ၅၊ ၈၊ ၉၊ ၁၀ တို့မှ ဒေသခံ ၂၀၀ ခန့်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ပြန်လွတ်လာခြင်း မရှိသေးသည့် ဒေသခံများမှာ ငွေကြေးအဆင်မပြေသူများအပြင် လူငယ်၊ လူလတ်ပိုင်း အများစု ပါဝင်ပြီး အဆက်အသွယ်မရဖြင့် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

“ကျမတို့မှာ ယောက်ဖတစ်ယောက် ပါသွားတယ်။ ဖမ်းသွားတဲ့နေ့ကတည်း အခုချိန်ထိ သတင်းအစန မရသေးဘူး။ ဘယ်နေရာမှာ ထားမှန်းတောင် မသိပါဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်တွေဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားမည့် စိုးရိမ်ချက်ဖြင့် မြို့ကိုစွန့်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြပြီ ဖြစ်သည်။ သို့သော်လည်း အခြေခံလူတန်းစားများမှာ ငွေကြေးမတတ်နိုင်မှု၊ လမ်းပိတ်ဆို့ထားမှု စသည့် အခက်အခဲများကြောင့် မြို့တွင်း ပိတ်မိနေချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးငွေညှစ်ခြင်းများကို ကြုံနေကြရသည်။

ယင်းအပြင် စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တွေမြို့အနီးရှိ ကျေးရွာ (၁၂) ရွာမှ ဒေသခံထောင်နှင့် ချီကို စစ်တွေမြို့အတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့နေရာချထားခဲ့သည်။

“စစ်ကောင်စီက ‘ငါတို့လက်အောက်မှာ ရှိတဲ့သူတွေကို ငါတို့ကြိုက်သလို လုပ်လို့ရတယ်’ ဆိုပြီး အကြောက်တရား သွင်းနေတာ။ သူတို့ကိုယ်သူတို့ နောက်ကျောမလုံတဲ့အခြေအနေမှာ လူတိုင်းကို သံသယဝင်ပြီး ဖမ်းဆီးနေတယ်။ ဆိုတော့ စစ်တွေမှာ ရှိနေသေးတဲ့ ပြည်သူတွေကတော့ ဘယ်လိုမှ မလုံခြုံတဲ့အခြေအနေ” ဟု လူမှုရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မေလ ၂၉ ရက်ကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၇၆ ဦးကို သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ပြီး တချို့ကိုလည်း တရားစွဲဆိုထားသည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဒကစ ဌာနချုပ်၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ နှင့်အတူ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ရှိပြီး မြို့ပတ်ပတ်လည်တွင် စစ်ကောင်စီက မိုင်းထောင်ထားမှုများ ရှိနေသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here