စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် ရေဖြူတွင် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီး

0
33
Photo - ဒေါနစစ်ကြောင်း

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့်ဗုံးကြဲမှု ကြောင့် အရပ်သားနေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောဆိုသည်။

နှစ်ဖက်ပစ်ခတ်မှု ၇ နာရီခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းနှင့်ပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိသည့် မျောက်ချောရွာတစ်ဝကက်နီးပါး မီးလောင်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၉ ရက်နေ့ မနေ့ ၈ နာရီ ဝန်းကျင်၌ တော်လှန်ရေးမဟာမိတ်တပ်တွေ ထိန်းချုပ်ထားသော ရေဖြူမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းပါသော စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်လာပြီး လက်နက်ကြီးအမြောက်များနှင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့က ဒရုန်းများ၊ လက်နက်ကြီးများနှင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောဆိုသည်။

“ရန်သူက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ် ကျွန်တော်တို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး ၃/၄ နာရီ လောက်အကြာမှာ ရန်သူဂျက်လေယာဉ်တွေ မြိတ်က တက်လာတယ်။ အဲဒီကနေပြီးတော့ လေးကြိမ်တိတိ ဗုံးကြဲသွားတယ်။ ဗုံးတွေက တိုက်ပွဲနဲ့ မဆိုင်တဲ့ မျောက်ချောရွာမှာ သွားပြီး‌တော့ကျတယ်။ အိမ်တွေ မီးလောင်တာရှိတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက် တက်လာသည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် ကျဆုံးနိုင်ကြောင်း ခန့်မှန်းရပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က ၄ ဦး ထက်မနည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ အနည်းအငယ်ရခဲ့သည်ဟု နိုင်နဂါးက ဆက်ပြောသည်။

ယင်းအပြင် အထိနာခဲ့သော စစ်ကောင်စီတပ်များက မျောက်ချောရွာကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီးနောက် သေနတ်ပစ်ဖောက်၍ ရွာထဲဝင်ရောက်သွားခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ပိတ်ဆို့ထားသည့်အတွက် ဒဏ်ရာ ရသူတွေကို ပြန်ထုတ်ရန် အခက်အခဲတွေ့နေရသည်ဟု ဆိုသည်။

“ဒီနေ့မှာတော့ (ဇွန် ၂၀ ) ရန်သူရဲ့ လှုပ်ရှားမှုမရှိဘူး။ သူတို့ မျောက်ချောရွာမှာပဲ ဆက်လက်စခန်းချနေတာ ရှိတယ်။ အင်အားအတော်များတယ်၊ သူတို့ဘက်က စစ်ကြောင်းနှစ်ကြောင်းက အင်အား ၄၀၀ ပတ်ဝန်းကျင် လောက် ရှိတယ်လို့ ဒေသခံအရရော ကျွန်တော်တို့ ထောက်လှမ်းရေးသတင်းအရရော သိရတယ်”လို့ နိုင်နဂါး က ပြောပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း  စစ် ကောင်စီဘက်က ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ကတည်းက လက်လွှတ်ခဲ့ရသော ရေး-ထားဝယ် လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန် ဇွန် ၇ ရက်နေ့ကစပြီး တနင်္သာတိုင်း ရေဖြူမြို့နယ်ကတဆင့် အင်အား ၄၀၀ ကျော်နှင့် စစ်ကြောင်း လေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုကြောင့် ဇွန် ၁၉ ရက်နေ့ အထိ ရာဖူးကျေးရွာအနီးတဝိုက်တွင် နှစ်ဖက်ထိ တွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဒေသခံပြည်သူ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ကြရပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here