“ဧပြီလအစောပိုင်းကနေပြီး စစ်မှုထမ်းဖို့ စခေါ်တာ။ မင်းတို့လာပြီး တာဝန်မထမ်းဆောင်ရင် မင်းတို့ကို ရိုက်မယ်၊ သတ်မယ်လို့ ခြိမ်းခြောက်တယ်။ ညည့် ၁၂ နာရီ၊ ၂ နာရီ၊ ၃ နာရီလောက်မှာ အိမ်တွေကို အတင်းအဓမ္မ ဝင်လာပြီး ဆွဲခေါ်တယ်” စစ်ကောင်စီပိတ်ဆို့မှုကြားကလွတ်မြောက်လာသည့် မွတ်ဆလင်တစ်ဦး

0
47
ပုံစာ - စစ်ကောင်စီပိတ်ဆို့မှုကြားက လွတ်မြောက်လာသူဆာဒေးကူလာ်

ကျောက်ဖြူတောင် (မွတ်ဆလင်) ကျေးရွာမှ စစ်ကောင်စီ ပိတ်ဆို့မှုကြားက လွတ်မြောက်လာသည့် မွတ်ဆလင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းချက်။

ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်နေချိန်တွင် စစ်ကောင်စီသည် မွတ်ဆလင်များကို စစ်မှုထမ်းရန်နှင့် အာရက္ခတပ်တော် (AA) အား အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရန် အတင်းအဓမ္မ ဖိအားပေးစေခိုင်းခဲ့သည်။

ဖိအားပေးခံရသည့်အထဲ စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၃၇၈) အနီးရှိ အိမ်ခြေ ၁၄၀ ကျော်ရှိသော ကျောက်ဖြူတောင် (မွတ်ဆလင်) ကျေးရွာလည်း ပါဝင်သည်။ ယင်းကျေးရွာမှ မွတ်ဆလင်များမှာ စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် စစ်မှုထမ်းခြင်းနှင့် ဆန္ဒဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရသည်ဟု ပြောကြသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ကျောက်ဖြူတောင်ကျေးရွာမှ နေအိမ် ၇၀ ကျော် မီးလောင် ပျက်စီးခဲ့ရပြီး ဒေသခံများမှာ အသက်လုကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအခြေအနေများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကျောက်ဖြူတောင်ကျေးရွာမှ အသက် ၅၀ အရွယ် ဆာဒေးကူလာ်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။    ။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ဘယ်လိုခေါ်ခဲ့တာလဲ။

ဖြေ။     ။ ဧပြီလအစောပိုင်းကနေပြီး စစ်မှုထမ်းဖို့ စခေါ်တာ။  “မင်းတို့လာပြီး တာဝန်မထမ်းဆောင်ရင် မင်းတို့ကို ရိုက်မယ်၊ သတ်မယ်” လို့ ခြိမ်းခြောက်တယ်။ ညည့် ၁၂ နာရီ၊ ၂ နာရီ၊ ၃ နာရီလောက်မှာ အိမ်တွေကို အတင်းအဓမ္မ ဝင်လာပြီး ဆွဲခေါ်တယ်။ ရွာကလူငယ် ၃၀ လောက်ကို ခေါ်သွားတယ်။

မေး ။   ။ သူတို့ အတင်းလာခေါ်တဲ့အထဲမှာ မိသားစုဝင်တွေ ပါသွားတာရှိလား။

ဖြေ။     ။ ကျနော့်သားကို ညည့် ၃ နာရီလောက်မှာ အတင်းအဓမ္မ ဆွဲခေါ်သွားတယ်။ ဘာကြောင့် ဆွဲခေါ်သွားလဲ ဆိုတာကို မေးလို့လည်းမရဘူး။ ကြားမိတာကတော့ “မင်းတို့ပြည်ကို မင်းတို့စောင့်ရှောက်ရမယ်၊ ထိန်းသိမ်း ရမယ်လို့” ပြောတယ်။ ကျနော့်သားလည်း ၄ ရက်အကြာမှာ ထွက်ပြေးလာတယ်။

မေး။    ။ သားဖြစ်သူကို စစ်မှုထမ်းဖို့လာခေါ်ချိန်မှာ ငြင်းဆန်ခဲ့တာတွေရှိလား။

ဖြေ။     ။ ကျနော့်သားကို ဖမ်းတဲ့အချိန်မှာ ကျနော်လည်းရှိတယ်၊ ကျနော့်မိန်းမလည်း ရှိတယ်။ သားရဲ့ လက်တစ်ဖက်ကို ကျနော့်မိန်းမက ဆွဲထားတယ်၊ ကျန်တစ်ဖက်ကို စစ်ကောင်စီတပ်သားက ဆွဲထားတယ်။ အဲဒီအချိန်မှာ ကျနော့်မိန်းမရဲ့ ဘယ်ဘက်လက်ကို ဆေးလိပ်မီးနဲ့ထိုးပစ်တာ အခုထိတောင် အမာရွက်ရှိသေးတယ်။

မေး၊     ။ လာခေါ်တဲ့အချိန်မှာ စစ်ကောင်စီတပ်သား အင်အားဘယ်ယောက်ပါလဲ။

ဖြေ။     ။ အဲဒီအချိန်က ညဉ့်နက်နေပြီဆိုတော့ မှောင်နေတယ်။ အိမ်ထဲဝင်လာတာက သုံးယောက်ပဲရှိတယ်။ အပြင်မှာ ဘယ်လောက်ရှိလဲတော့ မသိဘူး။

မေး။    ။ စစ်မှုထမ်းဖို့ ကိုယ့်သဘောဆန္ဒနဲ့ ဝင်ရောက်သွားတဲ့ သူတွေရောရှိလား။

ဖြေ။     ။ ကျနော်တို့ ကျောက်ဖြူတောင်ကျေးရွာမှာဆိုရင် ကိုယ့်စိတ်ဆန္ဒနဲ့ဝင်တာ တစ်ယောက်မှ မရှိပါ။ ညည့်အချိန်တွေမှာ စစ်ကောင်စီတပ်သားတွေက အကြမ်းဖက်ပုံစံနဲ့ အတင်းအဓမ္မ ဝင်ဖမ်းသွားတာတွေပဲ ရှိတယ်။

မေး။    ။ AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့ပေါ် ဆန္ဒပြပွဲတွေမှာ ဒီရွာလူတွေ ပါတာရှိလား။

ဖြေ။     ။ ကျနော်တို့ရွာကို စစ်ကောင်စီတပ်သားတွေက ဝိုင်းလိုက်တယ်။ ပြီးတော့ တွေ့သမျှလူကိုဖမ်းပြီး ကားပေါ်တင်တယ်။ တချို့ထွက်ပြေးသွားလို့ လူမရှိတဲ့အိမ်တွေကို မီးရှို့တယ်။ အဲဒီလိုမီးရှို့လို့ အိမ် ၅ ဆောင် ပါသွားတယ်။ ဆန္ဒပြဖို့ ကားပေါ်မှာ လူတွေတင်သွားတာ လူ ၃၀ ကျော်ဆံ့တဲ့ ကားတစ်စီးနဲ့ ဘူးသီးတောင်မြို့ကို နှစ်ကြိမ် ပို့တယ်။ ရွာသားတွေက ကြောက်ပြီးတော့ သွားကြတာ။ အိမ်လည်း ၅ ဆောင်လောက် မီးလောင်သွားပြီ။ မလိုက်ရင် နေအိမ်တွေ မီးရှို့မယ်ပြောတော့ ကြောက်ပြီးသွားကြတာ။ စစ်ကောင်စီက အတင်းအဓမ္မ ဆန္ဒပြခိုင်းတာ။

မေး။    ။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလမှာ ဘယ်လိုဖြတ်သန်းခဲ့ကြရလဲ။

ဖြေ။     ။ တိုက်ပွဲမဖြစ်ခင် ၈ လလောက်ကတည်းက စစ်ကောင်စီက ကျနော်တို့ကို သွားလာခွင့်ပိတ်လိုက်တယ်။ ပြီးတော့ စစ်ကောင်စီတပ်သားတွေက ကျနော်တို့ရွာသားတွေနဲ့ ကာဗာယူတယ်။ ဘယ်လို ကာဗာယူခဲ့လဲဆိုရင် ရွာအရှေ့ဘက်က စစ်ကောင်စီတပ်ရင်း အနောက်ဘက်ကတော့ တောင်တန်း။ ကျနော်တို့ ထွက်ပြေးမယ်ဆိုရင် ကွင်းပြင်တစ်ခု ဖြတ်ရမယ်။ သူတို့က အဲဒီကွင်းမှာ ကျနော်တို့မသွားရအောင် မိုင်းတွေ ထောင်ထားတယ်။ အဲဒါကြောင့် ကျနော်တို့လည်း ထွက်ပြေးလို့ မရဘူး။ နောက်ပိုင်း ရွာအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီလို အကြပ်အတည်းထဲမှာ ကျနော်တို့ နေခဲ့ရတယ်။

အဲဒီလိုကြုံရမှ ကျနော်တို့က ဒီလိုအခြေအနေမှာ မနေသင့် တော့ဘူး။ အသက်ဘေးက လွတ်အောင် AA သိမ်းထားတဲ့ လွတ်မြောက်နယ်မြေတွေဆီ သွားမယ်၊ သေလည်း မထူးဘူးဆိုပြီး မေယုတောင်ပါ်ကို ထွက်ပြေးခဲ့ကြတယ်။ မေယုတောင်တန်းမှာ AA တပ်သားတွေနဲ့ တွေ့တယ်။ AA တပ်သားတွေက ကျနော်တို့ကို စောင့်ရှောက်ပြီး သုံးရက်တိတိ စားရေးသောက်ရေး အဆင်ပြေအောင် စီစဉ်ပေး တယ်။ နောက်ပြီးတော့ ဘူးသီးတောင်မြို့ ၁၀ မိုင်က တပ်ရင်းကို ခေါ်သွားတယ်။ ပြီးရင် ဘူးသီးတောင်မြို့ကို ဖြတ်ပြီး အခုနေတဲ့ရွာကို ကားနဲ့ ကျနော်တို့ကို လိုက်ပို့တာ။

မေး။    ။ လက်ရှိမှာ စစ်ဘေးရှောင်ဘဝနဲ့ ခိုလှုံနေရတာဆိုတော့ ဘယ်လိုအခက်ခဲတွေရှိနေလဲ။

ဖြေ။     ။ ကျနော်တို့ကို အာရက္ခတပ်တော်က စားဝတ်နေရေးအတွက် ကူညီပေးထားတယ်။ နေထိုင်ရေး အတွက်လည်း စီစဉ်ပေးထားတဲ့အတွက် ကျနော်တို့ အေးအေးဆေးဆေး နေထိုင်ရတယ်။ အခုအချိန်မှာ အခက်အခဲက ဆေးဝါးတွေ လိုအပ်နေတယ်။ လိုအပ်တဲ့ဆေးတွေ မရဘူး ဖြစ်နေတယ်။

မေး။    ။ ဖြည့်စွက်ပြီး ဘာများပြောချင်တာ ရှိပါသေးလဲ။

ဖြေ။     ။ ရွာမှာတုန်းက စစ်ကောင်စီလက်အောက်မှာ အကျဉ်းထောင်ပုံစံနဲ့ နေခဲ့ရတယ်။ သူတို့ ပိတ်ထားတဲ့ ၈ လ လောက်မှာ ဘာမှလည်း လုပ်စားလို့မရဘူး။ အိမ်မှာပဲ အငတ်ဘဝနဲ့ နေခဲ့ရတယ်။ အခုအခြေအနေမှာ အာရက္ခ တပ်တော်က နေဖို့လည်းပေးတယ်။ စားဖို့သောက်ဖို့လည်း ထောက်ပံ့တယ်။ နောက်အနာဂတ်မှာလည်း လွတ်လပ်စွာ သွားလာလုပ်စားခွင့် ရမယ်လို့ အာရက္ခတပ်တော်အပေါ်မှာ ယုံကြည်ပါတယ်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here