“အခုက ကျနော်တို့ ကရင့်တော်လှန်ရေးက Transactional (အသွင်ကူးပြောင်းရေးကာလ) ထဲ ရောက်နေ တာပေါ့။ ဒီကာလမှာ တစ်ခုပြီးတစ်ခု အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါမှာ နောက်ပိုင်းကြရင်တော့ လူထုကိုယ်တိုင် မဲပေးပြီး ကိုယ့်ခေါင်းဆောင် ကိုယ်ရွှေးချယ်မယ်ဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကို ဖော်ပြတယ်။ ဖြစ်လာဖို့ကိုလည်း သူတို့မျှော်မှန်းတယ်” စောအယ်လ်ဘတ်ချို – IKC ပြောရေးဆိုခွင့်ရှိသူ

0
28
ပုံစာ - နိုင်ငံတကာကရင်တစ်မျိုးသားလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲ (IKC) မြင်ကွင်း။

နိုင်ငံတကာကရင်တစ်မျိုးသားလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲ (IKC) တွင် ချမှတ်ခဲ့သည့်လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး IKC ၏ ပြောရေးဆိုခွင့်ရှိသူ စောအယ်လ်ဘတ်ချိုနှင့် ဆက်သွယ်မေးမြန်းချက်။

KNU၊ KNLA ဗဟိုမှ တာဝန်ရှိကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းနယ်စပ်ရှိ ကရင်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ကရင့်နိုင်ငံရေးအခက်အခဲနှင့်စိန်ခေါ်မှုကို အဖြေရှာရေးအတွက် ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ၈ ရက်နေ့အထိ ၃ ရက်တာ နိုင်ငံတကာ ကရင်တစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (IKC) ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုနှီးနှောဖလှယ်ပွဲတွင် (၁) ပြည်သူကိုယ်တိုင်မဲပေးရွေးချယ်သော ခေါင်းဆောင်များပါဝင်သည့် နိုင်ငံရေးစနစ် ပေါ်ပေါက်ရေး၊ (၂) အမိန့်ပေးမှုတခုတည်းအောက်ရှိ အရည်အချင်းပြည့်ဝသော တပ်မတော်ပေါ်ပေါက်ရေး၊ (၃) လိုအပ်သည့်လူသားအရင်းအမြစ် ရရှိရေး၊ (၄) တာဝန်ယူတာဝန်ခံမှု တရားဥပဒေညီညွှတ်မှုနှင့်အတူ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ (၅) စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အစရှိသည့် လုပ်ငန်းစဥ် (၅) ရပ်ကို ချမှတ်ခဲ့သည်။

ယင်းလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်နေမှု၊ လုပ်ငန်းစဥ်တချို့ ထည့်သွင်းချမှတ်ရသည့် အကြောင်းအရင်းနှင့် လူသားအရင်းအမြစ် ရရှိရေး ဆောင်ရွက်မှု အခြေအနေများ သိရှိနိုင်ရန် ကရင်တစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (IKC)  ပြောခွင့်ရ စောအယ်လ်ဘတ်ချိုနှင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

မေး။    ။ နှီးနှောဖလှယ်ပွဲအတွင်း ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဥ် (၅) ရပ်ကို ဘယ်အချိန်မှာ အကောင်အထည် ပေါ်လာနိုင်ဖို့ မျှော်မှန်းထားပါလဲ၊ အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုပုံစံနဲ့ဆောင်ရွက်ဖို့ရှိပါလဲ။

ဖြေ။     ။ အဲဒီ (၅) ချက်ထဲမှာ သူ့ကော်မတီအလိုက် ဆွေးနွေးကြပြီးမှ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သတ်မှတ် ထားတာရှိတယ်။ အခုကတည်းက လုပ်ဆောင်နေတာတွေလည်းရှိတယ်။ သဘောက လူသားအရင်းအမြစ်ကို စုဆောင်းတဲ့ဟာတွေဆိုရင် အခုကတည်းက သူ့ကော်မတီရှိတယ်။ စုဆောင်းရေးကိစ္စမှာဆိုရင် နိုင်ငံတကာက ကရင်လည်းပါတယ်။ KNU လည်းပါတယ်။ နိုင်ငံတကာက CPO, CSO လည်းပါတယ်။

အဲ့လိုမျိုး စုဖွဲ့တဲ့ကော်မတီကနေ လူသားအရင်းအမြစ်ကို  ရှာဖွေစုဆောင်းတယ်။ လုပ်ဆောင်ဖိတ်ခေါ်မယ်ပေါ့။ အဲဒီလိုမျိုး ချမှတ်ထားတဲ့ ဟာကို သူတို့အခုကတည်းကစပြီး လုပ်ကြတယ်။ ဆက်လက်အကောင်အထည် ဖော်သွားကြမယ်ပေါ့။ ကော်မတီ (၅) ခုထဲမှာ ကော်မတီတိုင်းလိုလိုကတော့ သူတို့ကော်မတီနဲ့သူတို့ ဆွေးနွေးပြီး အစီအစဥ်ဆွဲပြီး စလှုပ်ရှား နေကြပါပြီ။ ဘာတွေလုပ်နေလဲ အသေးစိတ်တော့ ကျနော်တို့ မပြောပြတတ်သေးဘူး။

မေး။    ။ လုပ်ငန်းစဥ်တွေထဲမှာ ပထမဆုံးပြောထားတဲ့လုပ်ငန်းစဥ်က ဘာကိုဆိုလိုချင်တာပါလဲ ရှင်းပြပေးပါ။

ဖြေ။     ။ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာတဲ့ အသီးသီးသောကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးလိုလားချက် နိုင်ငံရေးစိတ်ဆန္ဒပေါ့။ တနေ့ကျရင် ဒီလိုမျိုး လူထုကိုယ်တိုင်ရွေးကောက်ပြီးတော့ မဲပေးရွေးချယ်ကြတဲ့ ခေါင်းဆောင်မျိုး အလိုရှိတာပေါ့။ နောက်တစ်ခုကတော့ အပြောင်းအလဲပေါ့။ အခုက ကျနော်တို့ ကရင့်တော်လှန်ရေးက Transactional (အသွင်ကူးပြောင်းရေးကာလ) ထဲ ရောက်နေတာပေါ့။

ဒီကာလမှာ တစ်ခုပြီးတစ်ခု အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါမှာ နောက်ပိုင်းကြရင်တော့ လူထုကိုယ်တိုင် မဲပေးပြီး ကိုယ့်ခေါင်းဆောင် ကိုယ်ရွှေးချယ်မယ်ဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကို ဖော်ပြတယ်။ ဖြစ်လာဖို့ကိုလည်း သူတို့ မျှော်မှန်းတယ်။ တော်လှန်ရေးပြီးတဲ့အခြေအနေပေါ်မှာ ရွှေးကောက်ပွဲကျင်းပရတာပေါ့၊ နောင်တော်လှန်ရေးပြီးတဲ့ အခြေအနေကြရင်တော့ လူထုကိုယ်တိုင်ရွေးကောက်လို့ရတဲ့ပုံစံမျိုးနဲ့ အစပျိုးရမယ်ဆိုတာကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသီးသီးက ဆန္ဒရှိကြတယ်။ အဲဒီအချိန်ကတော့ အတိုင်းအတာတစ်ခုတော့ ယူရမှာပေါ့နော်။

အခုလောလောဆယ်က KNU ထိန်းချုပ်နယ်မြေထဲမှာဆိုရင် Stable ဖြစ်တဲ့ နယ်မြေတွေက သိပ်မရှိနေ သေးဘူးလေ။ ရွှေးကောက်ပွဲလုပ်မယ်ဆိုတာ နယ်မြေတည်ငြိမ်မှ လုပ်လို့ရမှာ။ ခုနကပြောသလိုပဲ ရွေးကောက်ပွဲပုံစံ ဖြစ်အောင် ကြိုးပမ်းရမယ်၊ လုပ်ရမယ်။ တက်လာတဲ့သူတွေက ဒီလိုသဘောဆန္ဒရှိတယ်ဆိုတော့ ပထမလုပ်ငန်းစဥ်က နိုင်ငံရေးလိုလားချက် နိုင်ငံရေးစိတ်ဆန္ဒလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။

မေး။    ။ အဲဒီအချက်ကို လုပ်ငန်းစဥ်တစ်ရပ်အနေနဲ့ ထည့်သွင်းခဲ့တဲ့ ရည်ရွယ်ချက်ကိုပြောပြပေးပါဦး။

ဖြေ။     ။ ရည်ရွယ်ချက်ကတော့ အရွေ့တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ ရွေ့နိုင်ဖို့ပေါ့နော်။ အခုက အပြောင်းအလဲတွေ ဖြစ်လာပြီ။ ဒီလိုဖြစ်လာတဲ့အပေါ်မှာ ဒီလုပ်ငန်းစဥ်တွေကိုလည်း တပါတည်းဆောင်ရွက်နိုင်ရင်ကောင်းတာပေါ့။ ပြည်သူလူထုအနေနဲ့ သူတို့ကိုယ်တိုင် မဲပေးရတဲ့အတွက်ကြောင့် Political Participation (ကိုယ်တိုင်ပါဝင်မှု) ရှိတာပေါ့။ ဒီလိုဖြစ်လာအောင် တွန်းတိုက်လို့ရအောင် မွမ်းမံအနေနဲ့ သွားလို့ရအောင် ရည်ရွယ်တာပေါ့။

မေး။    ။ ကရင်တမျိုးသားလုံး ပြန်လည်ပေါင်းစည်းရေးအတွက် ဒီနှီးနှောပွဲက အစပျိုးခြေလှမ်းလို့ ဆိုထားတယ်။ ဘာကြောင့် ဒီလိုပြောနိုင်တာပါလဲ။

ဖြေ။     ။ ဒါကတော့ ပထမခြေလှမ်းပါပဲ။ ဒီနှီးနှောဖလှယ်ပွဲကို ကြည့်တော့ အကောင်းဘက်ထွက်တယ်။ နိုင်ငံတကာက ကရင်လူထုတွေ၊ ပြည်တွင်းနယ်စပ်က CPO, CSO တွေ KNU, KNLA ကိုယ်စားလှယ်တွေ တက်ကြတယ်။ ဒီလိုမျိုးတွေလုပ်တော့ သူတို့ရဲ့သဘောထား ဘယ်လိုရှိလဲ ဆိုတာကို နှီးနှောဖလှယ်ပွဲလို့ ခေါင်းစဥ်တပ်ထားသလို ပိုပြီးတော့မှ စည်းစည်းလုံးလုံး ပိုဖြစ်လာတာပေါ့။

သဘောထားတွေကို သိရတော့ ပိုပြီးနားလည်မှု ရှိလာတယ်။ ဒါက ပထမခြေလှမ်း ဖြစ်တာကြောင့် နောက်ပိုင်းကျရင် နောက်ခြေလှမ်း တစ်လှမ်းပြီးတစ်လှမ်း လုပ်မယ်ဆိုရင် ကရင်တစ်မျိုးသားလုံး ပိုပြီးတော့ နားလည်မှု ရှိလာမှာပါ။

မေး။    ။ နောက်တစ်ခုက ကရင်အဖွဲ့အစည်းအတွက် လိုအပ်တဲ့လူသားအရင်းအမြစ်ကို ရရှိဖို့ပေါ့နော်၊ ဒီအတွက်ကိုရော ရှေ့ဆက်လက်ပြီး ဘယ်လိုအစီအစဥ် ချမှတ်ဆောင်ရွက်သွားမှာပါလဲ။

ဖြေ။     ။ ဒါက သူတို့ကော်မတီတွေကနေ ဘယ်လိုပုံစံနဲ့ စမှာလဲတော့ မပြောတတ်သေးဘူး။ ဒါပေမဲ့ Welcome Home တို့လို ပုံစံမျိုးပေါ့။ ပြောချင်တာက ရှိနေတဲ့အရင်းအမြစ်တွေ ပြည်တွင်းထဲကို ပြန်ဝင်လာပြီးတော့မှ တော်လှန်ရေးမှာ ပါဝင်လို့ရအောင် တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းလို့ရအောင် အဲ့လိုမျိုး စဥ်းစားချက်တွေကို အကောင်အထည်ဖော်သွားမှာပေါ့။

မေး။    ။ ကမ္ဘာတစ်ဝှမ်းက ကရင်မျိုးဆက်သစ် အတတ်ပညာရှင်အသိပညာရှင် လူငယ်တွေကိုလည်း စကားပါး ပေးချင်တာရှိပါလား၊ ပြောပြပေးပါ။

ဖြေ။     ။ လူငယ်တစ်ယောက်အနေနဲ့ ကျနော်သုံးသပ်ကြည့်တော့ တည်ဆောက်ရေးကို ကျနော်တို့ ပြန်ပြီးတော့ အခြေချတည်ဆောက်လို့ ရနိုင်တဲ့အချိန် ရောက်လာပြီဆိုတော့ တည်ဆောက်ရေးလုပ်တဲ့အချိန်မှာ လူသားအရင်းအမြစ်တွေ၊ ပညာရှင်တွေ အများကြီးလိုတယ်။ ကရင်တတ်သိပညာရှင် လူငယ်တတ်သိပညာရှင်တွေ များများပြန်လာဖို့လိုတယ်။

သူတို့ပြန်လာမှ ကျနော်တို့က ခြေလှမ်းသစ်ကို လှမ်းလို့ရမှာဆိုတော့ အဓိက ကရင့်အမျိုးသားအရေးကို အာရုံစိုက်ပြီးတော့ အမျိုးသားရေးခံယူချက်နဲ့  ပြန်လာပြီးတည်ဆောက်မယ်ဆိုရင်ပေါ့။ ကျနော်တို့နယ်မြေထဲမှာ Stable ဖြစ်လာတဲ့ နယ်မြေတွေ ရှိလာပြီ။ အဲဒီနယ်မြေတွေထဲမှာ တည်ဆောက်ရေး လုပ်တဲ့အခါမှာ လူသားအရင်းအမြစ်တွေ များများပြန်လာမှ ခြေလှမ်းမြန်မြန် မှန်မှန်ကန်ကန်နဲ့ လုပ်လို့ရမှာ။

ဒါကြောင့် နိုင်ငံတကာမှာရှိနေတဲ့ ကရင်တတ်သိပညာရှင်တွေပေါ့နော်၊ ကျနော်တို့ ကရင့်တော်လှန်ရေးက နှစ်ပေါင်း (၇၅) နှစ် အတွင်း ရောက်လာပြီဆိုပေမယ့် အပြောင်းအလဲတွေလည်း ဖြစ်လာပြီ။ ပြန်လာပြီး အခြေချနိုင်တဲ့ အခွင့်အရေးလည်း ရှိလာပြီဆိုတော့ ပြန်လာပြီးတော့မှ ကရင့်အနာဂတ်ကို အတူတူပုံဖော်ကြမယ်။

ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့်က ကရင်အပေါ်မှာပဲ မူတည်တဲ့အတွက်ကြောင့် ကရင်မှမပြန်လာရင် ဘယ်သူက ပြန်လာလုပ်ပေးမှာလဲ။ ဒါကြောင့် တတ်သိပညာရှင်တွေ နိုင်ငံတကာရောက်နေတဲ့ လူငယ်တွေ ကရင့်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရှေးရှုပြီးတော့ ပြန်လာကြဖို့ ပြောချင်ပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here