“ကျွန်တော်တို့ အညာဒေသရဲ့ တော်လှန်ရေးဟာ ကောက်ရိုးမီး မဟုတ်ဘူး ရှားမီးဖြစ်တယ်။ တမြေ့မြေ့နဲ့ ကျွမ်းလောင်နေပြီး အခုအချိန်အထိ မငြှိမ်းသတ်နိုင်သေးဘူး။ တော်လှန် စိတ်ဓာတ်တွေ ပြင်းထန်စွာ ရှိပါတယ်” ကိုချစ်ဝင်းမောင် (မကွေးလူထုတိုက်ပွဲကော်မတီဝင်)

0
31
Photo – မကွေးလူထုတိုက်ပွဲကော်မတီ

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် အညာဒေသက တော်လှန်ရေးအခြေအနေနှင့် ပတ်သက်ပြီး မကွေးလူထုတိုက်ပွဲ ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုချစ်ဝင်းမောင်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းခံရပြီးနောက် စစ်အာဏာရှင်ကို ယနေ့အထိ လူအင်အားနှင့်သာမက ရှိသည့်လက်နက်အင်အား နှင့်ပါ တော်လှန်တိုက်ခိုက်နေကြသူများထဲတွင် မကွေးနှင့် စစ်ကိုင်း စသည့် အညာဒေသဝန်းကျင်က ပြည်သူများ လည်း အပါအဝင်ဖြစ်သည်။

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာသည့် လက်ရှိအချိန်တွင် အညာဒေသက တော်လှန်ရေးအခြေအနေက ဘယ်လို ရှိနေပါလဲ။ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဘယ်လို ကျော်လွှားဖြတ်သန်းနေကြလဲဆိုတာနှင့် ပတ်သက်ပြီး မကွေးလူထုတိုက်ပွဲ ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုချစ်ဝင်းမောင်နှင့် ဆက်သွယ်မေးမြန်း ထားပါသည်။

မေး။    ။ မင်္ဂလာပါအရင်ဆုံး တာဝန်ယူလုပ်ဆောင်နေတာကိုမိတ်ဆက်ပေးပါဦး။

ဖြေ။     ။ မင်္ဂလာပါ။ ကျွန်တော်နာမည် ချစ်ဝင်းမောင်ပါ။ မကွေး လူထုတိုက်ပွဲကော်မတီက ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး တိုက်ပွဲမှာတော့ လူထုတိုက်ပွဲတွေ လူထုလှုပ်ရှားမှုတွေမှာ အစဉ်တစိုက်ပါဝင်နေတဲ့ အရေးတော်ပုံ တပ်သားတစ်ဦး ဖြစ်ပါတယ်။

မေး။    ။ အညာဒေသဖြစ်တဲ့ မကွေးနဲ့စစ်ကိုင်းမှာ လူထုတိုက်ပွဲကော်မတီအနေနဲ့ လှုပ်ရှားမှုအခြေအနေကို ပြောပြပေးပါဦး။

ဖြေ။     ။ မကွေး လူထုတိုက်ပွဲကော်မတီအနေနဲ့ မကွေးတိုင်းထဲမှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ် ထားတဲ့ မြို့နယ်တွေမှာ လူထုလှုပ်ရှားမှုတွေ သပိတ်တိုက်ပွဲတွေ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ် ဖော်ဆောင်ဖို့ လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတဲ့အပြင် ကျွန်တော်တို့ဒေသနဲ့ တဆက်တစပ်တည်းဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်း၊ သပိတ်ကော်မတီတွေ ရဲဘော်ရဲဘက်တွေနဲ့ ပူးပေါင်းပြီးတော့ လူထုလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ထပ်ပူးပေါင်း ဆောင်ရွက်ဖို့လည်း အလားအလာ ရှိပါတယ်။

မေး။    ။ လူထုလှုပ်ရှားမှုတွေရော ရှိနေသေးလား။

ဖြေ။     ။ ရှိနေပါတယ်။ အင်တိုက်အားတိုက် ရှိနေပါတယ်။ သို့သော် တဘက်ရန်သူ ထိုးနှက်လာနိုင်တဲ့ အလားအလာကို သတိကြီးစွာနဲ့ ပြည်သူလူထု တရပ်လုံးနဲ့အတူ သပိတ်ကော်မတီများ ပါးပါးနပ်နပ်နဲ့ ပြင်ဆင် ချီတက်လျက် ရှိတယ်လို့ ပြောချင်ပါတယ်။

မေး။    ။ အညာဒေသက ပြည်သူလူထုရဲ့ပါဝင်မှုကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ သပိတ်လှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေမှာ ပြည်သူလူထုတရပ်လုံးက လက်ရှိအချိန်အထိ တက်တက်ကြွကြွ ပါ၀င်ဆောင်ရွက်နေပါတယ်။ တခဲနက် လူထုလှုပ်ရှားမှုတွေမှာ ပါ၀င်ဆောင်ရွက်နေပါတယ်။ တချက်မှ အားလျော့သွားတာမျိုး မရှိဘဲနဲ့ အခက်အခဲ အကြပ်အတည်းများ ကြားထဲက တာဝန်ကျေကျေနဲ့ လူထုလှုပ်ရှားမှုတွေမှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်နေပြီး အင်မတန် အားရစရာကောင်းပါတယ်။

မေး။    ။ အညာဒေသဖြစ်တဲ့ မကွေးနဲ့ စစ်ကိုင်းရဲ့ စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ။     ။ ဒီတော်လှန်ရေးကြီး စကတည်းက အညာ‌ဒေသမှာ အကြမ်းဖက်စစ်အုပ်စုက လူသတ်၊ မုဒိမ်းကျင့်၊ ရွာတွေကို မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ နေ့စဉ်ရှိပါတယ်။ ဒီကြားထဲမှာမှ ကျွန်တော်တို့ တပ်ဖွဲ့၀င်တွေ၊ နိုင်ငံရေးအင်အားစုတွေ ကြိုးပမ်းမှုကြောင့် စစ်ကိုင်းတိုင်း နေရာတော်တော်များများ မကွေးတိုင်း ခရိုင်နှစ်ခုမှာ ကောင်းကောင်းမွန်မွန် အခြေအနေတစ်ခုကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။

အလုပ်တွေ ပြန်လုပ်နိုင်တဲ့အခြေအနေကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ အခြားတဘက်မှာလည်း ရန်သူ အကြမ်းဖက်စစ်အုပ်စုက ပိုပြီးတော့ စိုးမိုးနယ်မြေ ထိန်းချုပ်နယ်မြေတွေ ပြန်လည်သိမ်းပိုက်ချင်တဲ့အတွက် ပြန်လည် ထိုးစစ်ဆင်လာတာကို ဒီကာလမှာ သတိထားမိတယ်။

တပြိုင်နက်ထဲမှာလည်း ရန်သူစစ်အုပ်စုဟာ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး အညာဒေသမှာ နေ့စဉ်ရက်ဆက်ဆိုသလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီးတော့ အညာဒေသကို အငြိုးကြီးမားစွာ လေကြောင်း တိုက်ခိုက်နေပါတယ်။ ပြည်သူလူထုနဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဒီအခြေအနေကို ကြံ့ကြံ့ခံလျက်ရှိပါတယ်။

မေး။    ။ မကွေးနဲ့စစ်ကိုင်းကို သွားလာနေတဲ့သူဖြစ်တော့ မြေပြင်မှာ ပြည်သူလူထုတွေရဲ့ ရှင်သန်နေထိုင်မှုအပေါ် ဘယ်လိုမြင်မိပါလဲ။

ဖြေ။     ။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို လှည့်လည်တာဝန်ဆောင်ရွက်ရင်းနဲ့ ပြည်သူလူထုကို စဉ်ဆက်မပြတ် ထိတွေ့နေပါတယ်။ စစ်ကိုင်း၊ မကွေးဒေသက ပြည်သူတွမှာ အခက်အခဲ အကျပ်အတည်းတွေ အများကြီး ရှိပါတယ်။ နဂိုကတည်းက အညာဒေသစီးပွားရေးက အားမကောင်းပါဘူး။ ကိုဗစ်ကို ဖြတ်ကျော်ထားရ ပြီးတော့ တော်လှန်ရေးကာလ သုံးနှစ်ကျော်လာတဲ့အခါမှာ အကျပ်အတည်းတွေ များလာပါတယ်။

သို့သော် တချို့ဒေသမှာ သီးပင်၊ စားပင် စိုက်ပျိုးပြီးတော့ စီးပွားရေးအရ တောင့်ခံနေကြတဲ့ အခြေအနေ ရှိတယ်။ ဒါပေမဲ့ အရင်ကထက် ကုန်ပစ္စည်းဈေးနှုန်း ကြီးမားမှုတွေ စက်သုံးဆီ၊ လောင်စာဆီ စတဲ့ အခက်အခဲတွေ ကြားထဲမှာ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှုက တကယ်ကို အံ့ဩချီးကျူးစရာပါပဲ။ အကြမ်းဖက် စစ်အုပ်စုက ယုတ်မာတဲ့ နည်းလမ်းမျိုးစုံ လုပ်နေစေကာမူ အရင်ကတည်းက ပြောနေကျအတိုင်းပါပဲ။ ပြာပုံထဲက ဖီးနစ်ငှက်တွေလို လက်သီးလက်မောင်းတန်းပြီးတော့ စစ်အုပ်စုကို တိုက်ပွဲဝင်ရင်း ဒီတော်လှန်ရေးပေါ်မှာ ကြံ့ကြံ့ခံ ဆက်လက် တိုက်ပွဲဝင် ချီတက်လျက် ရှိနေတုန်းပါပဲ။

မေး။    ။ စစ်ဘေးတိမ်းရှောင်နေရတဲ့ပြည်သူတွေရဲ့ ကျန်းမာရေးက ဘယ်လိုရှိနေပါလဲ။

ဖြေ။     ။ စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ အရေအတွက်က ပိုမိုများလာတာနဲ့အညီ ပံ့ပိုးကူညီတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်။ မေးခွန်းမှာ ပါသလိုပဲ၊ ကျန်းမာရေးကိစ္စက အင်မတန် အခက်အခဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးနယ်ပယ်က ကျွမ်းကျင်သူတွေက တချို့နေရာတွေကို အရောက်‌အပေါက်နည်းတဲ့ အခြေအနေတွေမှာ ဆေးဝါးရရှိနိုင်မှု အခက်အခဲတွေ အဲဒီလို ရင်ဆိုင်နေရတယ်။

နောက်တခါ လူမှုရေး နေ့စဉ်နေထိုင်ရေး အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေကို ကူညီ ကယ်ဆယ်ထောက်ပံ့ပေးနေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ပိုမိုကျပ်တည်းမှုတွေ များလာတယ်။ ဒါပေမဲ့ ဒီလို အခက်အခဲတွေ ကြားထဲမှာ ပြည်သူမှ ပြည်သူသို့ဆိုတဲ့ ပြန်လည်ထောက်ပံ့ ရိုင်းပင်းကူညီတဲ့မူရင်း စိတ်ဓာတ်တွေနဲ့ တော်လှန်ရေးကို ကျော်ဖြတ်နေတယ်။ ပြည်သူလူထုတရပ်လုံးကလည်း အညာမှာရော အခြားဒေသမှာရှိတဲ့ စစ်ရှောင်တွေကိုပါ ဝိုင်း၀န်းကူညီ ပံ့ပိုးပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

မေး။    ။ ပြည်သူလူထုရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာများဖြစ်မလဲ။

ဖြေ။     ။ အညာပြည်သူလူထုရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ အတူတူပါပဲ။ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဒါကတော့ ပထမ အခက်အခဲ။ နောက်ထပ် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေတော့ ပေးတော့ပေးနေပါတယ်။ ဒါပေမဲ့ အားလုံးလွှမ်းခြုံနိုင်ခြင်း မရှိပါဘူး။

အထူးသဖြင့် စစ်ရှောင်ရတဲ့အခါ လွယ်လင့်တကူ မသွားလာနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေ၊ မိုးရာသီဆို ဖြစ်တတ်တဲ့ ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါ ကူးစက်ရောဂါလိုမျိုးတွေပေါ့။ ဒါကို ကျွန်တော်တို့က စိုးရိမ်ကြီးစွာနဲ့ အဆင်သင့် ပြင်ဆင်တာမျိုး၊ ဘယ်လို ကာကွယ်မလဲ ဆိုတာမျိုးကို ကျွန်တော်တို့ သပိတ်ကော်မတီနဲ့ ပံ့ပိုးကူညီတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေ အချင်းချင်းကြားမှာလည်း တိုင်ပင်နေကြတာရှိပါတယ်။

မေး။    ။ အညာဒေသရဲ့ တော်လှန်ရေးခရီးက ဘယ်အထိပေါက်နေပြီလို သုံးသပ်ပါလဲ။

ဖြေ။     ။ အညာဒေသရဲ့ တော်လှန်ရေးဟာ ဘယ်လောက်အထိ ပေါက်ရောက်နေပြီလဲ ဆိုတာကိုတော့ တိတိပပ ပြောဖို့ခက်ပါတယ်။ သို့သော် သေချာတာကတော့ ကျွန်တော်တို့ အညာဒေသရဲ့ တော်လှန်ရေးဟာ ကောက်ရိုးမီး မဟုတ်ဘူး ရှားမီးဖြစ်တယ်။ တမြေ့မြေ့နဲ့ ကျွမ်းလောင်နေပြီး အခုအချိန်အထိ မငြှိမ်းသတ်နိုင်သေးဘူး။ တော်လှန် စိတ်ဓာတ်တွေ ပြင်းထန်စွာ ရှိပါတယ်။

ဒီတော်လှန်ရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ နောက်တခါ တပ်ရင်းတပ်ဖွဲ့တွေ ရစ်သမ် (rhythm) မိလာမှု တို့ပေါ့။ တပ်ရင်းတပ်ဖွဲ့နဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ အရင်တုန်းက အညာမှာ လက်နက်ခဲယမ်း အင်မတန် ခက်ခဲပါတယ်။ အခုထိလည်း ခက်ခဲတုန်းပါပဲ။

အခုဆိုရင် လက်နက်ခဲယမ်း အခက်အခဲတွေကို အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုတွေ တွေ့မြင်လာရပါတယ်။ အရင်က ပြန့်ကြဲနေတဲ့ အင်အားစုတွေကို အတူတကွ တိုက်ပွဲဝင်ကြဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေကနေ အခုဆိုရင် ပူးပေါင်းတိုက်ပွဲဝင်တဲ့ အနေအထားဖြစ်လာပြီ။ သို့သော် ဒီထက်ပိုပြီး အောင်မြင်ဖို့ နယ်‌မြေစိုးမိုးမှုတွေ ထပ်ကြိုးစားရဦးမယ့် အခြေအနေပါ။ အချုပ်ပြောရရင်တော့ အညာဒေသရဲ့ တော်လှန်ရေးခရီးဟာ အရင်ကထက်စာရင် အဆင်တဆင့်ကို ရောက်ခဲ့ပြီ။

သို့သော် ပန်းတိုင်ကို ရောက်ဖို့အတွက် အလှမ်းဝေးသေးပါတယ်။ နိုင်ငံရေးနဲ့ လက်နက်ကိုင် တော်လှန်ရေး၊ စစ်ရေးတို့ ပေါင်းစပ်ဖို့ ကျားကုပ်ကျားခဲ ကြိုးစားရပါဦးမယ်။ များပြားလှတဲ့ တပ်ရင်းတပ်ဖွဲ့တွေ Local PDF တွေ ဒေသန္တရတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရှိတဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံရေး ဖြစ်အောင် ကြိုးစားအားထုတ် ရမှာ ဖြစ်ပါတယ်။ အဲဒါမှသာ နွေဦးတော်လှန်ရေးရဲ့ ခရီးဆုံးပန်းတိုင်ကို ချီတက်နိုင်မှာဖြစ်ပါတယ်။

မေး။    ။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတော့ အညာက ပြည်သူလူထုတွေက လေကြောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုသိရှိထား နားလည်ထားတာတွေရှိလဲ။ စကစက လေကြောင်း တိုက်ခိုက်မှု တွေကို ဘာများပြောချင်တာရှိလဲ။

ဖြေ။     ။ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်လက်ရှိနေပါတယ်။ ဒီထက်ပိုများလာတာလည်း ရှိပါတယ်။ တချို့နေရာမှာဆိုရင် မီဒီယာမသိတဲ့ မရောက်တဲ့ အဖြစ်အပျက်မျိုးတွေ ကြားရပါတယ်။ ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုကနေ ကာကွယ်နိုင်အောင် ဘယ်လိုမျိုး ပြင်ဆင်ဆောင်ရွက်မလဲ ဆိုတာကို ဒေသအလိုက် အသိပညာ ပေးနေပါတယ်။

ဒီထက်ပိုပြီး ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိ၊သတိပေးနိုင်အောင် အများကြီး လုပ်ဆောင်ရမှာပါ။ ပြည်သူတွေအနေနဲ့ မိမိတို့အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ကိစ္စမျိုးကို ဒီထက်အာရုံစိုက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ်လို့ တိုက်တွန်းချင်ပါတယ်။

စစ်တပ်က လူမဟုတ်ဘူး။ လူဆိုရင် ကိုယ်ချင်းစာတရား၊ မေတ္တာတရား ထားရမယ်။ သူတို့မှာ ဘာမှမရှိဘူး။ ပြင်ပက လူပုံစ ဖြစ်နေပေမယ့် လူစိတ်မရှိတာကြောင့် ဒီထက်ပိုပြီး ရက်စက်ယုတ်မာ သွားဦးမှာပါ။ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို နောက်တွန့်မသွားဘဲ ရန်သူစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဆောင်ရွက်သွားပါမယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here