“တော်လှန်ရေးကာလ ဒီလောက် စစ်တပ်က မီးတွေရှို့ လူတွေလာသတ်လုပ်နေလို့ စစ်ကြောင်းဝင်တာနဲ့ ခဏခဏ ခွေးပြေးဝက်ပြေး ပြေးရတဲ့ကာလ အကုန်ထားခဲ့ပြီး ပြေးရတဲ့ကာလမှာမှ ဒီလမ်းသစ်ဖောက်ဖို့ မလိုဘူးဆိုတာ ဒေသခံတွေကလည်း ပြောကြတယ်။ ဒါကို သူတို့ဘာလို့ အသည်းအသန်လုပ်လဲမသိဘူး။ လမ်းက အခုလဆန်း ထဲက ဖောက်နေကြတာ။” ထီးချိုင့်ဒေသခံတစ်ဦး

0
66
ပုံစာ - မေလ ၃၀ ရက်နေ့က ဒေသခံများ တောင်းဆိုဆန္ဒပြနေပုံ။

ထီးချိုင့်မြို့နယ်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး ပသုံးလုံးအဖွဲ့များက လမ်းသစ်ဖောက်လုပ်မှုကို ဒေသခံများက လက်မခံဘဲကန်ကွက်နေသည့်အပေါ် ထီးချိုင့်ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ ပသုံးလုံးအဖွဲ့များ ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး (ပအဖ)၊ ပြည်သူ့အုပ်ချုပ်ရေး (ပကဖ) နှင့် ပြည်သူ့လုံခြုံရေး (ပလဖ) တို့က လမ်းသစ်ဖောက်လုပ်ရာတွင် လယ်ယာမြေများ ပျက်စီးနိုင်သောကြောင့် ဒေသခံများက လက်မခံဘဲ ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၁၈ ရက် အထိ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပါသည်။

ဒေသခံများ ကန့်ကွက်ဆန္ဒပြတောင်းဆိုရသော အကြောင်းရင်းများနှင့် ဆန္ဒပြသောကြောင့် ဖမ်းဆီးခံရသူများ ရှိနေသည့် အခြေအနေများကို လုံခြုံရေးအရ အမည်မဖော်လိုသည့် ထီးချိုင့်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ လမ်းသစ်ဖောက်လို့ ဒေသခံများ ဆန္ဒပြရတဲ့ အကြောင်းရင်းက ဘာကြောင့်ပါလဲ။

ဖြေ။     ။ မြို့မြောက်ဘက်ကနေ ဆယ်မိုင်အကွာ ဆူးပုတ်ချောင်ရွာကနေ ရွှေဘို – မြစ်ကြီးနားလမ်းကို ချိတ်ထားတဲ့လမ်းကို သူတို့ (ပသုံးလုံးအဖွဲ့) ဖောက်ဖို့လုပ်တယ်။ အဲ့ဒီလမ်းကိုဖောက်လို့ ဒေသခံတွေက တားတာ။ တားလို့မရဘဲ ဒေသခံတွေ ဆန္ဒမပါဘဲ သူတို့ကဆက်ဖောက်တယ်။ အဲ့ဒီမှာ ဒေသခံတွေက ဇွန် ၁၆ ရက်ကစပြီး ဒီနေ့ (ဇွန် ၁၈ ရက်) အထိ သုံးရက်ဆက်တိုက် ဆန္ဒပြကြတာ။ ဒါကိုလည်း သူတို့က ဖမ်းတယ် ဆီးတယ် လုပ်သေးတယ်။

မေး။    ။ လမ်းသစ်ဖောက်လုပ်ဖို့ကို ဒေသခံတွေက ဘာလို့တားရတာပါလဲ။

ဖြေ။     ။ အဲ့ဒီလမ်းသစ်ဖောက်ရင် ဒေသခံတွေရဲ့ လယ်မြေ ၅ ဧကကျော် ပျက်စီးမယ်။ ဒါကြောင့် ဒေသခံတွေက ကန့်ကွက်တာ။ အဲ့ဒီမဖောက်ခင် (ဇွန်) ၁၅ ရက်နေ့က ဒေသခံတောင်သူတွေနဲ့ ညှိကြသေးတယ်။ သူတို့က လျော်ကြေး ပေးမယ်ပေါ့။ လယ်သမား ၃ ယောက်ကလည်း သူတို့ဘိုးဘွားပိုင်မြေမို့လို့ မပေးနိုင်ဘူး။ ပိုက်ဆံလည်း မယူဘူး။ လမ်းသစ်ဖောက်မှာကိုလည်း ခွင့်မပြုကြဘူးပေါ့။ လမ်းဟောင်းလည်း ရှိတယ်ပေါ့။

တော်လှန်ရေးကာလ ဒီလောက် စစ်တပ်က မီးတွေရှို့ လူတွေလာသတ်လုပ်နေလို့ စစ်ကြောင်းဝင်တာနဲ့ ခဏခဏ ခွေးပြေးဝက်ပြေး ပြေးရတဲ့ကာလ အကုန်ထားခဲ့ပြီးပြေးရတဲ့ကာလမှာမှ ဒီလမ်းသစ်ဖောက်ဖို့ မလိုဘူးဆိုတာ ဒေသခံတွေကလည်း ပြောကြတယ်။ ဒါကို သူတို့ဘာလို့ အသည်းအသန်လုပ်လဲမသိဘူး။ လမ်းက အခု လဆန်းထဲက ဖောက်နေကြတာ။

မေး။    ။ ဘာကြောင့် လမ်းသစ်ဖောက်ဖို့လိုအပ်လဲဆိုတာ ပသုံးလုံးအဖွဲ့တွေက ရှင်းပြကြသေးလား။

ဖြေ။     ။ သူတို့က ပြောပါတယ်။ လမ်းဖောက်ဖို့အတွက် ကျပ်ငွေ တစ်ဘီလီယံခွဲအထိ သုံးထားရတယ်ပေါ့။ ကုန်ထုတ်လုပ်ဖို့၊ ရေရဖို့၊ စပါးတွေအတွက် ရေရဖို့၊ လျှပ်စစ်မီးရဖို့ အဓိက ဒေသခံတွေအတွက်ပဲ လုပ်တာမို့လို့ ဒါတွေကြောင့် ဖောက်မှရမယ်ဆိုတာမျိုး ပြောတယ်။ ဒါပေမယ့် ဒါကိုဒေသခံတွေကမှ လက်မခံတာ။

လက်မခံတာကိုတော့ အတင်းမလုပ်သင့်ဘူးလို့တော့ ထင်တယ်လေနော်။ နောက် ထီးချိုင့်ဆိုတာက မြို့သိမ်း တိုက်ပွဲ လုပ်ထားတဲ့နေရာလေ။ စစ်က နေ့ဖြစ်မလား ညဖြစ်မလားနဲ့ ဒေသခံတွေမှာ နေ့နေ့ညည စိတ်ချလက်ချ မအိပ်နိုင်မစားနိုင်နဲ့ တထိတ်ထိတ်နေနေရတဲ့အခြေအနေမှာ လမ်းသစ်ဖောက်တယ်ဆိုတာက သူတို့အတွက် ဘာအဓိပ္ပါယ်မှ ရှိမနေဘူးလေနော်။

မေး။    ။ ဆန္ဒပြတာကြောင့် ဖမ်းခံရသူတွေရှိတယ်လို့လည်း ကြားရတယ်၊ အဲ့ဒါဟုတ်ပါလား။

ဖြေ။     ။ ဟုတ်တယ် အမျိုးသားလေးယောက် ဖမ်းခံရတယ်။ ဆန္ဒပြတဲ့ ပထမဆုံးရက် ၁၆  ရက်မှာပဲ ဖမ်းသွားတာ။ အင်းတိန်ရွာသား သုံးယောက်ကိုတော့ စစ်ဆေးပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးတယ်။ လေသာရွာ တစ်ယောက်ကိုတော့ ဆန္ဒပြဖို့ လှုံ့ဆော်သူ၊ ဦးဆောင်သူဆိုပြီး ဖမ်းထားတယ်။ တရားစွဲမယ်လို့လည်းကြားတယ်။

ဆန္ဒပြတဲ့သူတွေက တစ်ရာကျော်လောက် ရှိတယ်။ အဲ့ဒီနေ့က သူတို့ (ပအဖ၊ ပလဖ) တွေက ဆန္ဒပြနေတဲ့အချိန် သေနတ်တွေနဲ့ ဝင်လာတာ၊ ဓါတ်ပုံရိုက်သူတွေ ဗီဒီယိုရိုက်သူတွေလည်းရှိတယ်။ ဖမ်းမယ်၊ ဆီးမယ်နဲ့ ပစ်မိန့်လည်း ပါတယ်ဆိုပြီး ပြောသေးတယ်။ သေနတ်တော့ မဖောက်ပေမယ့် ဒီစည်းမကျော်နဲ့ ဒီစည်းကျော်ရင် ပစ်မယ်ဆိုပြီးလည်း ပြောသေးတယ်။

ပြောက်ကျားဝတ်စုံတွေနဲ့ သေနတ်တွေနဲ့ဆိုတော့ တချို့ကလည်း ကြောက်ပြီး ထွက်ပြေးကြတယ်။ သူတို့ ဆန့်ကျင်နေတယ်ဆိုတဲ့ စစ်တပ်ကလုပ်တဲ့အတိုင်းတွေ သူတို့လိုက်လုပ်နေကြတာ သူတို့ သတိမထားမိကြဘူး။ ပြီးတော့ ပြီးခဲ့တဲ့လကုန် (မေ ၃၀ရက်) ကလည်း ဆန္ဒပြကြတော့ အဲ့ဒီတုန်းက ဦးဆောင်သူ နှစ်ယောက်ကို ဖမ်းခဲ့သေးတယ်။ ပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးတယ်။

ပုံစာ – ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေပုံ

မေး။    ။ ဆန္ဒပြချိန်မှာ ဒေသခံတွေက ဘာတွေတောင်းဆိုကြတာပါလဲ။

ဖြေ။     ။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပသုံးလုံး) အဖွဲ့ အလိုမရှိ၊ ပြည်သူပိုင်နယ်မြေ လမ်းဖောက်လို့ စပါးမရ၊ လယ်စိုက်မှ စပါးရမယ်၊ ပြည်သူ့လယ်ယာမြေ မကျူးကျော်ရ၊ ပြည်သူ့ဆန္ဒဆိုတာတွေ ရေးပြီး တောင်းဆိုကြတာ။

မေး။    ။ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။

ဖြေ။     ။ ပြောချင်တာကတော့ NUG ဟာ ပြည်သူ့အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို ကြည့်ပါပေါ့။ ပြည်သူက ကန့်ကွက်နေတာကို ဘာကြောင့် အချိန်တောင်မဆိုင်းဘဲ အတင်းအကြပ် ထလုပ်သလဲ။ စစ်ဖြစ်နေတဲ့အချိန် လမ်းဖောက်ဖို့ဆိုတာ မဖြစ်မနေ လိုအပ်လားဆိုတာလည်း သေချာစဉ်းစားစေချင်ပါတယ်။ ဒါတွေကိုလည်း NUG က လစ်လျူမရှုဘဲ ဖြေရှင်းပေးစေချင်ပါတယ်။ ဒါပါဘဲ။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here