နေအိမ်ဖယ်ရှားခံရသည့် မုဒုံဒေသခံများ နေရာထိုင်ခင်းအခက်အခဲဖြစ်နေကြရ

0
38
ပုံစာ - မုဒုံမြို့ရှိ ကျေးရွာပိုင်မိုးစပါးခင်းတနေရာ။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်ကင်းတာကြောင့် နေအိမ်များ ဖြိုချဖယ်ရှား ပေးနေရသည့် ကျိုက်ရွဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့မှ ဒေသခံများ နေရာထိုင်ခင်း အခက်အခဲ ဖြစ်နေသည်ဟု ပြောဆိုသည်။

မိုးရာသီအတွင်း မိမိတို့နေအိမ်များကို ဖြိုချဖယ်ရှား၍ ပြောင်းရွှေ့နေရသည့်အပြင် လျော်ကြေးအဖြစ် ပေးဆောင် ထားသည့် မြေနေရာတွင်လည်း ရေမြုပ်နေခြင်းကြောင့် နေထိုင်၍ မရသေးကြောင်း ဒေသခံများက ဆက်ပြောသည်။

လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်သည့်နေအိမ်များကို မေလ ၂၁ ရက်နေ့မှ စ၍ ၂ လအတွင်း ဖယ်ရှားပေးရန်  စစ်ကောင်စီလက်အောက်ခံ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ပြောဆိုလာခြင်းကြောင့်  မိမိတို့နေအိမ်ကို  ဖြိုချ ပြောင်းရွေ့ပေးနေရသည်ဟု မုဒုံဒေသခံတစ်ဦးက ပြောဆိုသည်။

“ပြောင်းတဲ့သူလည်း ရှိတယ်၊ မပြောင်းရသေးတဲ့ လူတွေလည်းရှိတယ်။ ပြောရရင် ကိုယ်ပဲစိတ်မကောင်း ဖြစ်မိတယ်။ တချို့က သူတို့ (စကစ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့) ချပေးထားတဲ့မြေနေရာမှာပဲ တဲထိုးထားတယ်။ တချို့က ဖြိုချထားပြီးတော့ မိဘ‌အိမ်မှာ သွားနေကြတယ်၊ မိုးတွင်းဖြစ်နေတော့လေ” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိတွင် လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်ကင်းဟုဆိုကာ ကျိုက်ရွဲကျေးရွာမှ နေအိမ် ၁၃ လုံးနှင့် ညောင်ကုန်းကျေးရွာမှ နေအိမ် ၃ လုံး ဖယ်ရှားပေးရမည်ဖြစ်ပြီး တန်ဖိုးကြီးတိုက်အိမ်များ အပါအဝင် သစ်သားအိမ်များလည်း ပါဝင်နေသည်ဟု ဒေသခံများက ပြောသည်။

လျော်ကြေးပြန်ပေးထားသည့် မြေနေရာတွင်လည်း ရေမြုပ်နေခြင်းကြောင့် နေထိုင်၍ မရသေးသည့် အခြေအနေကို အထက်ပါ မုဒုံဒေသခံက အခုလိုပြောပြသည်။

“သူတို့ပေးထားတဲ့ မြေနေရာက မြေဖို့ထားပေမယ့် ရေမြှုပ်နေတော့ မြောင်းတူးရတယ်။ ကားနှစ်စီးသုံးစီးနဲ့ မြောင်းတူးနေတာ ရေတွေတော့ ကျသွားပြီး။ အဒေါ်တို့အိမ်က မြောင်းပိုက်မရောက်တော့ ထည့်ပေးဖို့ သူ့တို့ကို ပြောရတယ်။ ထည့်ပေးတော့မှ အသက်ရှူချောင်သွားတာ” ဟု ၎င်းက ဆိုသည်။

ဖယ်ရှားခံရသည့် နေအိမ်နှင့် ခြံအတွက် လျော်ကြေးငွေအပြင် ကျိုက်ရွဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာ အစပ်တွင် ပေ ၄၀/၆၀ အရွယ်ရှိ အစားထိုးမြေကွက်များကိုလည်း အကွက်ချ လျော်ကြေးအဖြစ် ပေးဆောင်ထားသည်ဟု သိရသည်။

သို့သော် အစားထိုးပေးထားသည့် မြေနေရာသည် ပိုင်ဆိုင်မှုအထောက်အထားဖြစ်သည့်  ပုံစံ ဂရမ် ၇ မရှိနေသည့် အပြင်  စားကျက်မြေနေရာ ဖြစ်နေခြင်းကြောင့် ပြန်လည်အသိမ်းခံရမည်ကို ဒေသခံတို့က စိုးရိမ်လျှက်ရှိသည်။

လေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်သည့်နေအိမ်များကို  ဖယ်ရှားခိုင်းနေသော်လည်း  စီမံကိန်းနှင့်ပတ်သတ်၍ သိသိသာသာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းမရှိကြောင်း ဒေသခံများက ပြောပါသည်။

မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းအတွက် အဆိုပြုဧရိယာအဖြစ် မြေဧက ၄၆၀၀ ကျော် လျာထားပြီး မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် လေယာဉ်ကွင်းသစ် စီမံကိန်းနေရာအဖြစ် သတ်မှတ်ထားပြီး ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာအကြားတွင် ဆိပ်ကမ်းစီမံကိန်းအတွက် မြေနေရာ သတ်မှတ်ထားကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here