မွန်ပြည်နယ်တွင် စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်မှုတိုးမြှင့်လုပ်ဆောင်နေ

0
168
Photo - SAC Telegram

နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ထိုးစစ်ကြောင့် စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် မွန်ပြည်နယ်တွင် နယ်မြေဆုံးရှုံးမှုမရှိရေးအတွက် စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့ တာဝန်ရှိများက ပြောပါသည်။

မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရောနှင့် တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရသည့် ရေးမြို့နယ်တို့၌ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများ အားကောင်းသည့် ဒေသများဖြစ်သည်။

ယင်းတို့ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်သည့် သထုံခရိုင်အတွင်း စစ်ကောင်စီဘက်က ခံစစ်ပုံစံ ပြင်ဆင်လာနေသလို လက်နက်နှင့် ရိက္ခာသယ်ယူမှုကိုလည်း ပုံစံအမျိုးမျိုးလုပ်လာကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါသည်။

“ကျွန်တော်တို့ သထုံခရိုင်ဘက် စစ်ကောင်စီကတော့ သူတို့ပြင်ဆင်မှုတွေ လုပ်တာတွေရှိတယ်။ ခံစစ်ပုံစံတွေ လုပ်တယ်။ ပြီးတော့ ဘန်ကာတွေကို အခိုင်အမာ တည်ဆောက်တာတွေ ရှိတယ်။ ပြီးတော့ လက်နက်ရိက္ခာ သယ်တာတွေက ပုံစံအမျိုးမျိုးပေါ့။ အရပ်သားကားနဲ့ သယ်တာတွေ ရှိတယ်။ ကုန်တင်ကားနဲ့ သယ်တာလည်း ရှိတယ်။ အဲဒါမျိုးတွေ သူတို့လုပ်နေကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းတွေကို ထောက်လှမ်းတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး စခန်းတည်နေရာ အတိအကျသိပါက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သည်ဟု ၎င်းက ဆက်ပြောသည်။

သထုံခရိုင်အပါအဝင် မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသများကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ် အောက်တိုဘာနှောင်းပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်တန့်ထားခဲ့သည်။

စစ်ကောင်စီသည် လက်ရှိတွင် တိုင်းရင်းသားဒေသအများစု၌ ကင်းစခန်းကနေ တပ်ရင်းဌာနချုပ်အထိ တပ်စခန်း ရာနှင့်ချီ အလုံးစုံ လက်လွှတ်ထားရပြီး မြို့ပေါင်း ၆၀ ဆုံးရှုံးခဲ့ပြီးဖြစ်သည့်အတွက် စိုးမိုးနယ်မြေထိန်းချုပ်ထားနိုင်သော မွန်ပြည်နယ်တွင် လိုအပ်သည့်ပြင်ဆင်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က လောလောဆယ် မိမိတို့ဘက်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး အထွေအထူး မတွေ့ရပေမယ့် အခြားစစ်ရေးလှုပ်ရှားမှု နယ်မြေများ၌ ရိက္ခာသယ်ယူမှုတွေ ရှိနေသည်ဟု ပြောဆိုသည်။

မိခင်ပါတီမှ ခွဲထွက်ထားသည့် စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ မွန်ပြည်သစ်ပါတီ AD သည် ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးဒေသ အပါအဝင် မွန်ပြည်နယ်ရှိ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြောက်ပိုင်းဒေသများ၌ စစ်ရေးလှုပ်ရှားလျက် ရှိသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ရေးမြို့နယ်တွင်ရှိသော စစ်ကောင်စီတပ်စခန်းများတွင် ယခင်က မသုံးဖူးသော လက်နက်ကြီးအမြောက်များကို တပ်ဆင်ထားသလို တပ်ဖွဲ့ဝင်များသည်လည်း နယ်မြေထိန်းချုပ်ရေးအတွက် စတင်လှုပ်ရှားလာသည်ဟု ပြောပါသည်။

“ရေးမြို့နယ်ဘက်မှာ အရင်က တစ်ခါမှ မသုံးခဲ့ဖူးတဲ့ ဗျူဟာမြောက် ဟောင်ဝှစ်ဇာအမြောက်ကြီးတွေ ၁၂၀ အမြောက်တွေ (စစ်ကောင်စီတပ်စခန်းတွေမှာ) တပ်ဆင်ထားတာ တွေ့ရတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက နယ်မြေရှင်းလင်းရေးနဲ့ နယ်မြေထိန်းချုပ်ရေး ဆောင်ရွက်မှုတွေကို မလုပ်ခဲ့တဲ့ စစ်ကောင်စီတပ် တွေက အခုလိုရင် စတင်လှုပ်ရှားတာတွေ တွေ့ရတယ်။ တပ်အပြင်ထွက်ပြီး ကင်းပုန်းတွေ ဝပ်လာတာ တွေ့ရတယ်။ ဒါသူတို့ရဲ့ ပြင်ဆင်မှုတွေပေါ့” ဟု နိုင်နဂါးက ဆိုသည်။

ယင်းအပြင် တဘက်မှာလည်း မြောက်ပိုင်းကနေ စစ်ပန်းလာသည့် တပ်သားများအပါအဝင် စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းဆင်းလာသော တပ်ဖွဲ့ဝင်အသစ်များကို ရေးနှင့် ရေဖြူဘက်ရှိ စစ်ကောင်စီ တပ်စခန်းများတွင် အင်အားအလုံးအရင်း ထပ်ဖြည့်ထားသည်ဟု နိုင်နဂါးက ပြောပါသည်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ၏ အချက်အလက်များ အရ စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ အတွက် မွန်ပြည်နယ်က လူငယ် ၃၅၀ ကျော် တပ်သားအဖြစ် စုဆောင်းခံထားရကြောင်း သိရသည်။

တဘက်တွင်လည်း မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ထိန်းချုပ်ထားသော ရေး-ထားဝယ် လမ်းပိုင်းကို ဇွန် ၈ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်က အရပ်သားအသွင်ယူ၍ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာသည့်အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ထို့ကြောင့် ရေး-ထားဝယ် လမ်းပိုင်း၌ ဖြန့်ကျက်ထားသော တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စစ်ရေး အရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ရန် စီစဉ်ပြီးဖြစ်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးမပြုရန် သတိပေးထားပါသည်။

နိုင်နဂါးက “ ရန်သူတွေက လွန်ခဲ့တဲ့နှစ် အောက်တိုဘာကတည်းက နယ်မြေထိန်းချုပ်ရှင်းလင်းရေးတွေ မလုပ်နိုင်တာ အခုဆို မြောက်ပိုင်းမှာ နည်းနည်းအေးချမ်းသွားတဲ့အပေါ် အခုလို ကျွန်တော်တို့ဘက်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲ Soft Target အဖြစ် သူတို့အနေနဲ့ အဲဒီလိုယူဆပြီး စတင်ထိုးစစ်ဆင်တာတွေ ရှိလာနေပါပြီ။ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။ နောက်လည်း အများကြီးဖြစ်ဖို့ ရှိလာနိုင်တယ်ခင်ဗျ” ဟု သုံးသပ်ပါသည်။

လက်ရှိအချိန်ထိ မွန်ပြည်နယ်တွင် အခြားတိုင်းရင်းသားဒေသများကဲ့သို့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ မဆင်နွှဲ နိုင်သေးပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နယ်မြေရဲစခန်းတချို့နှင့် စစ်ဆေးရေးဂိတ်များ ကင်းစခန်းများနှင့် ယာဉ်တန်းများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်မှုများ ရှိနေပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here