တနင်္သာရီမြို့ တကူရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီကလေယာဉ်နှင့်ဗုံးကြဲ

0
152
Photo - မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တကူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲသွားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီ Mi 2 တိုက်ခိုက်ရေး ရဟတ်ယာဉ်သည် တကူကျေးရွာထဲကို ဗုံးသီးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်သွားသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ တကူကျေးရွာကို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အဆောက်အဦး တချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ တကူကျေးရွာကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာသည့်အတွက် ဒေသခံပြည်သူများအနေနှင့် အထူးသတိရှိကြရန် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က လည်း သတိပေး ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလက စပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များ အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာသလို စစ်ကောင်စီတပ်ကလည်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလကလည်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here