သျှမ်းမြောက် စစ်ရေးတင်းမာ ဒေသခံပြည်သူများ လုံခြုံရေးသတိရှိရန်လို

By MPM 13 ဇွန်, 2024 👁

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က အကြံပြုပြောဆိုသည်။

“အပစ်ရပ်ထားတဲ့ ကာလမှာပဲ စစ်ကောင်စီက လားရှိုးကို နေ့တိုင်း လူသူလက်နက်ဖြည့်နေတာဆိုတော့ အခု သူတို့ ထိုးစစ်ပြန်လုပ်ဖို့ အားအတော်ရှိနေပြီလို့ ပြောလို့ရတယ်။ စစ်ကတော့ ဖြစ်ကိုဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီ အနေနဲ့က နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မှ ဝင်ငွေပြန်ရမယ်။ နောက်တခုက သိက္ခာလည်း ပြန်ဆယ်နိုင်မယ်ပေါ့” ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သျှမ်းမြောက်ဒေသရှိ အရေးပါသည့် မြို့ ၁၇ မြို့ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ကို ဝန်းရံထားစဥ် တရုတ်၏စေ့စပ်မှုဖြင့် ဟိုင်ဂင်စာချုပ် လက်မှတ်ထိုးကာ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် နေ့မှစ၍ စစ်ရပ်စဲခဲ့ခြင်း ဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် နယ်မြေများကို ဖြတ်သန်းပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရန် တရုတ်နိုင်ငံက ညှိနှိုင်းပေးနေသော်လည်း (၅) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ပြီးဆုံးချိန်အထိ သဘောတူညီမှု မရခဲ့ပေ။

လက်ရှိတွင် စစ်ကောင်စီတပ်က လားရှိုးစစ်ဌာနချုပ်ကို အဆက်မပြတ် အင်အားဖြည့်တင်းနေပြီး ယင်းမှတဆင့် ၄င်းတို့ထိန်းချုပ်ထားဆဲဖြစ်သည့် မူဆယ်၊ ကျောက်မဲ၊ သီပေါနှင့် မေမြို့တို့တွင် စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

“စစ်တပ်ဘက်က အင်အားသောင်းချီတယ်လို့ သတင်းထွက်တယ်။ ကျောက်မဲ၊ သီပေါဘက်မှာက စစ်တပ်နဲ့ TNLA တပ်တွေက မဝေးဘူး။ သျှမ်းတပ် (SSPP) လည်း အများကြီး ရှိတယ်။ မိုင်းရယ်ဘက်လည်း သူတို့ ပြင်နေတယ်။ စစ်က အချိန်မရွေး ပြန်ဖြစ်နိုင်တယ်။ စစ်တပ်က ရန်စနေတာလည်း ပါတာပေါ့” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဟိုင်ဂင်စာချုပ်အရ စစ်ရပ်စဲထားသော်လည်း စစ်တပ်က နောင်ချို ၊ မိုးမိတ် စသည့် မြို့နယ်များကို လက်နက်ကြီး ပစ်ခတ်ပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်အပြင် သီပေါ – နမ္မတူလမ်း မြောင်းဖောက်ဖျက်ဆီးပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန် ကြိုးစားမှုသည် ဟိုင်ဂင်စာချုပ် ချိုးဖောက်ကာ ပြဿနာရှာသည့် လုပ်ရပ်ဖြစ်ကြောင်း ယမန် (ဇွန် ၁၂ ရက်) နေ့က TNLA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိုး၊ ကျောက်မဲ၊ နောင်ချိုမြို့များတွင် စစ်ကောင်စီတပ်က မြို့တွင်းခံစစ် ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

“သတင်းကတော့ အစုံထွက်နေတာပဲ။ ဒီမနက် လားရှိုး- မန္တလေးလမ်း အတက်အဆင်း ပုံမှန် သွားလာနေကြ တုန်းပါပဲ။ လားရှိုးမြို့ အဝင်အထွက် ပိတ်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ မနက်ပိုင်းက ဖွင့်ထားပါတယ်။ အခုနေ့လယ်ဘက်တော့ မသိဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ တကြော့ပြန်စစ်ပွဲ ပြန်ဖြစ်ပါက စစ်ပွဲပြင်းထန်နိုင်ပြီး ညီနောင်မဟာမိတ်တပ်များ ဝိုင်းရံထားသည့် မူဆယ်မြို့နေ ဒေသခံများအနေဖြင့် စစ်ပွဲအတွင်း ပိတ်မိနိုင်သည့်နည်းတူ အခြားဒေသနေ ပြည်သူများလည်း လုံခြုံရေးသတိဖြင့် အသင့်ပြင်နေထိုင်ရန် လိုအပ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် များက သတိပေးထားပါသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။