ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့က မြို့ထက်ဝက်ခန့်စီ အပြိုင် ထိန်းချုပ်စိုးမိုးထားကြပြီး မြို့ပေါ်က အရပ်သားနေအိမ် ၇၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF – Zoland နှင့် CNDF တို့က တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီအခြေစိုက်ထားသည့် မိုက်ခရိုဝေ့စ်စခန်းနှင့် လျှပ်စစ်ရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်ထက်ဝက်ခန့်ကို စိုးမိုးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တီးတိန်မြို့ပေါ် ၄ နေရာတွင် အထိုင်စခန်းချထားရာမှ လက်ရှိတွင် ခလရ ၂၆၉ တပ်ရင်း စခန်းနှင့် ရဲစခန်းကုန်းတို့တွင် ရှိနေဆဲဖြစ်ပြီး မြို့ပေါ်မြောက်ဘက်ပိုင်းကို ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
“တိုက်ပွဲအခြေအနေက ခုထိတော့ ပြောဖို့ ခက်နေပါတယ်။ သူတို့ဘက်က ထိုးစစ်ဆင်တာတို့ ရှိခဲ့ရင် ကျနော်တို့ ဘက်ကနေတော့ တိုက်ဖို့တော့ အဆင်သင့်ပေါ့။ အခုက သူတို့က စခန်းထဲမှာ နေတာဆိုတော့ သူတို့ဒီတိုင်းပဲ နေဦးမယ်ဆိုရင် ကျနော်တို့ထိန်းချုပ်တဲ့ ရပ်ကွက်ထဲမှာပဲ နေပြီးမှ တနေ့မှာတော့ ဒီတော်လှန်ရေးကို ပြီးတဲ့အထိ ဆက်ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Jabeg က ပြောသည်။
တီးတိန်မြို့ တိုက်ပွဲနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆက်ဖြစ်လာမည်ကို လတ်တလောမှာ ပြော၍ မရသေးဟု ၎င်းက ဆိုသည်။
တွန်းဇံမြို့နှင့် ကျီခါးမြို့ကို ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ချင်းပူးပေါင်းတပ်ဖွဲ့များက မေလ ၂၃ ရက် နေ့က အလုံးစုံ သိမ်းပိုက်ခဲ့ကြပြီးနောက် ၎င်းတို့နှင့် ကပ်လျက်ရှိသည့် တီးတိန်မြို့ကို မေလ ၂၆ ရက်ကတည်းက ချင်းညီနောင်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် မြို့ပေါ်နေအိမ်များကို ၄ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြပြီး လေကြောင်းမှ ၁၂ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဗုံး ၂ လုံးသာ မြို့ပြင်အနီးကို ကျသွားကြောင်း တီးတိန်မြို့နယ်- ပကဖက ပြောသည်။
“အရင်ရှို့ခဲ့တဲ့ အိမ်ဆိုရင် အိမ်ရှင်တွေကို ခေါ်ထုတ်တယ်။ အဲဒီလိုခေါ်ထုတ်ပြီးမှ အဲဒီအိမ်ကို ဓါတ်ဆီလောင်ပြီးမှ မီးရှို့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်တွေက အဝေးကိုမသွားဘဲနဲ့ ပြန်ဝင်လာပြီးမှ မီးကို ၃ ကြိမ်တိတိ ပြန်ငြိမ်းကြရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ဝင်ခွင့်မပေးတော့ အဲဒီအိမ်တွေ မီးလောင်ခဲ့တယ်” ဟု Jabeg က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးရုပ်အလောင်းများကို နေအိမ်များနှင့် ရော၍ မီးရှို့သဂြိုလ်မှုများလည်း ပြုလုပ်ကြောင်း သိရသည်။
တီးတိန်မြို့ပေါ်က နေအိမ် ၇၃ လုံးသည် မီးရှို့ဖျက်ဆီးခံရမှုနှင့် လေကြောင်းက ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း၊ နေအိမ် ၁၀၀ ခန့်ပျက်စီးခံရသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ အိမ်ထောင်စုနှင့် ရေတွက်သောစာရင်းဖြစ်နိုင်ပြီး အိမ်တစ်လုံးတွင် အိမ်ငှားနေထိုင်မှုများလည်းရှိကြကြောင်း သိရသည်။
တီးတိန်တိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး မြို့ပေါ်ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်မှာ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်းနှင့် တချို့စစ်ဘေးရှောင်များမှာ နေ့ဘက်တွင် မိမိနေအိမ်ကို ပြန်လာကြည့်သော်လည်း ညဘက်တွင် မြို့အနီးက ရွာများတွင် သွားရောက် စစ်ရှောင်ညအိပ်ကြရကြောင်း သိရသည်။
တီးတိန်မြို့ပေါ်တွင် စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူမှုများ ရှိနေပြီး ကျူးလွန်သူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း တီးတိန်မြို့နယ် ပအဖက ပြောသည်။
ချင်းပြည်မြောက်ပိုင်း အစွန်ဆုံးမြို့များကို လက်လွှတ်ထားရသော စစ်ကောင်စီသည် တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ ကို ဆက်သွယ်ထားသော အိန္ဒိယ – မြန်မာ နယ်စပ်လမ်းကြောင်းပေါ်က မဏိပူရမြစ်ကူးတံတား (မံဆောင်း တံတား) ကို ဇွန်လ ၈ ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။
ယင်းကြောင့် မဏီပူရမြစ် တဘက်ကမ်းမှ ပြည်သူများသည် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ခက်ခဲသွားသကဲ့သို့ တီးတိန်မြို့ အရှေ့ဘက်က ရွာများသည်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားကြသည်။
ထို့အပြင် ကလေးမြို့ မှ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၀ ရက်ကလည်း တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် ကုန်သွယ်ရေးတံတားဖြစ်သည့် ဇလွေချောင်းကူး တံတားကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ကာပယ်တံတားကိုလည်း ထပ်မံဖျက်စီးရန် ကားဖြင့်ဆင်းလာကြသည်ဟု သတင်းရ၍ လမ်း၌ ကြားဖြတ်တားဆီးမှု လုပ်ရကြောင်း၊ လက်ရှိတွင် ယင်းတံတားကို ချင်းတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်သူများ ဒုက္ခရောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လမ်း၊ တံတားများကို ဖျက်ဆီးမှု ပြုလုပ်နေကြောင်း တီးတိန်မြို့နယ် ပအဖ တာဝန်ရှိသူများက ပြောဆိုသည်။
KMG ပေးပို့သည်။