လွိုင်ကော်နေရပ်ပြန် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရ

By MPM 11 ဇွန်, 2024 👁

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ နေရပ်ပြန်လည်နေထိုင်ကြသည့် စစ်ဘေးရှောင် ဒေသခံပြည်သူ ၅၀၀ နီးပါးခန့်သည် တတိယအကြိမ် ထပ်မံ စစ်ရှောင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မိုင်းလုံးရပ်ကွက်နေ ပြည်သူ အယောက် ၅၀၀ နီးပါးခန့်သည် ယခုဇွန်လ ပထမအပတ်ကစပြီး ထပ်မံ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု ဒေသတွင်းရှိ ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

စစ်ရှောင်များကိုကူညီပေးနေသူ လူငယ်တစ်ဦးက “တချို့ပြည်သူတွေ အနေနဲ့ကြတော့ မနေရဲတော့ ရှောင်ကြတာတွေ ရှိတာပေါ့နော်။ စစ်တပ်ကတော့ စစ်ကြောင်းထိုးမှာပဲလေနော်။ သူ့သဘောသဘာဝအရကတော့၊ ရှောင်တာကတော့ တစ်ရွာလုံးကတော့ ရှောင်ရပြီးသားပဲဗျာ” ဟု ပြောသည်။

ကရင်နီပြည် လွိုင်ကော်မြို့ ဒေသခံများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်လိုက်သော “တစ်လေးလုံးစစ်ဆင်ရေး” စတင်ချိန်ကစပြီး လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ထဲ နေထိုင်သူများသည် စစ်ဘေး တိမ်းရှောင်ခဲ့ကြရသည်။

ထို့နောက် ယခုနှစ် မေလ နောက်ဆုံးပတ်ထဲ၌ နေရပ်ကို ပြန်လာခဲ့ကြပြီး လက်ရှိ ဇွန်လအတွင်း၌ပင် ထပ်ဆင့် စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။

မိုင်းလုံးရပ်ကွက်နေ စစ်ဘေးရှောင်တစ်ဦးက “အဲမှာ လူနည်းစုလောက်ပဲ ကျန်တာပေါ့။ အဲ့လို လူနည်းစုကျန်တဲ့ ဟာကို စစ်တပ်က ဘယ်လိုလုပ်လဲဆိုတော့ စစ်တပ်က မထင်ရင်မထင်သလို ခြိမ်းခြောက်တဲ့တာတွေ ရှိတယ်။ ပြီးတော့ လမ်းကြောဆိုလည်း သူတို့ရဲ့ စစ်တပ်ကနေ ပြီးတော့မှ ရပ်ကွက်နားမှာ ဆိုလို့ရှိရင် သူတို့တပ်စွဲထားတာ နေရာတော်တော်များများ ရှိတယ်ပေါ့နော်။ အဲဒီမှာ သူတို့ မမြင်ရတဲ့ လမ်းကြောတွေ ဘာတွေဆိုလိုရှိရင် သူတို့ မိုင်းထောင်ထားတယ်။ အထူးသဖြင့် သူတို့ ကင်းပုန်းဝပ်တယ်” ဟု ပြောသည်။

အဆိုပါ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ပြည်သူများသည် ၂၀၂၂ ခုနှစ် ဇွန်လက တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်နှင့် ယခု ဇွန်လ ပထမပတ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် စစ်ဘေး တိမ်းရှောင် နေကြရသည်။

ထိုစစ်ရှောင်များအတွက် စားဝတ်နေရေး အပါအဝင် ငွေကြေးအကူအညီများလည်း လိုအပ်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။

ထို့အပြင် စစ်ရှောင်များထဲ တချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပြီး အများစုက သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ မသန်စွမ်း၊ နာတာရှည်ရောဂါသည်များလည်း ပါဝင်သောကြောင့် အကူအညီများ အမြန်ရရှိရန် မျှော်လင့်နေကြသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

အကူအညီပေးနေသူတစ်ဦးက “ရှောင်ကြတဲ့ နေရာကတော့ အစုံပဲ။ ရှမ်းပြည်နယ် တောင်ပိုင်းဘက်ပေါ့နော်၊ ပင်လောင်းတို့ အောင်ပန်းတို့ ရှောင်တဲ့လူတွေလည်း ရှိတယ်။ တချို့ဆိုလို့ရှိရင် ဆီဆိုင်ကို ရှောင်သွားပြီးတော့မှ ဆီဆိုင်မှာ တိုက်ပွဲဖြစ်လို့ နောက်တခေါက် ပြန်ရှောင်ရတာတွေလည်း ရှိတယ်ပေါ့နော်။ တချို့ကျတော့လည်း ဒီးမော့ဆိုဘက် ရှောင်ကြတာတွေလည်း ရှိတယ်ပေါ့။ ရှောင်ခိုင်းတာကတော့ စစ်တပ်ဘက်ကပေါ့နော်။ အဲ့နေရာမှာ ဆိုလို့ရှိရင် အဲ့နားမှာ စစ်တပ်က အထိုင်ချထားတော့ အထိုင်ချထားတဲ့ စစ်တပ်အနေနဲ့ အရိပ်အမြွက် ပြောတာပေါ့။ ဒဲ့တော့ မပြောဘူးပေါ့” ဟု ပြောသည်။

လတ်တလော၌ လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက်ရှိ ရွှေလက်ဝါးဘုန်းကြီးကျောင်း၊ GTC တက္ကသိုလ်၊ တောင်စျေး အနောက်ခြမ်းနှင့် ရတနာသီရိ တောင်ပေါ်နေရာတို့တွင် စစ်ကောင်စီတပ်သားများက တပ်စွဲထားပြီး ကရင်နီ တော်လှန်ရေး အင်အားစုများနှင့်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

လွိုင်ကော်မြို့သို့ ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်က နေရပ်ပြန်လာကြသူများမှာ မင်းစု၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀၊ စက်မှုစုံ၊ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ ချိကယ်၊ ဒေါတမ၊ လောဓမ္မ၊ ရွှေတောင်၊ ဈေးပိုင်း၊ မင်္ဂလာနှင့် နောင်ယား ရပ်ကွက်တို့တွင် နေထိုင်ကြသည်ဟု နေရပ်ပြန်နေသူများက ပြောသည်။

သို့သော် လွိုင်ကော်မြို့ပေါ်တွင် မြေမြုပ်မိုင်းများ မရှင်းရသေးသည့်အပြင် ရပ်ကွက်အချို့၌ တိုက်ပွဲများ၊ စစ်ရေး တင်းမာမှုများ ဆက်ရှိနေသေးသောကြောင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်ခြင်းကြောင့် နေရပ် မပြန်သင့်သေးဘူးဟု တော်လှန်ရေးအင်အားစုများဘက်က သတိပေး ပြောဆိုထားပါသည်။

NMG ပေးပို့သည်။